ပြည်ပနှင့် နယ်စပ်မြို့များမှ ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ နေထိုင်သွားရန် ဆွေးနွေးမှာကြား

ပွင့်ဖြူ   ၂   ဧပြီ       

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပြည်ပနှင့် နယ်စပ်မြို့များမှ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (၁၄)ရက်ကြာစောင့်ကြည့်၍ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိရာ ဧပြီ ၁ ရက် ညနေ ၄ နာရီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း ၊ ပွင့်ဖြူမြို့နယ် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဉက္ကဌ ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံပြီး စနစ်တကျ နေထိုင်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ ပွင့်ဖြူမြို့နယ် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဉက္ကဌ ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများအဖွဲ့က ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအုပ်စုသို့ သွားရောက်ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်မြင့် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ ကျေးရွာအဝင်လမ်းထိပ်၌ ရပ်ဝေးမှပြန်လာသော ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များအား အပူချိန်တိုင်းကိရိယာဖြင့် ရောဂါရှာဖွေစစ်ဆေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေပြည်သူများ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုအန္တရာယ်ကင်းဝေးစေရေးအတွက် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကို အလေးထားလိုက်နာဆောင်ရွက်ရန်နှင့် ထိရောက်သော ရောဂါကာကွယ်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအုပ်စု၊ ဂွေ့ကျေးရွာအခြေခံပညာ မူလတန်းကျောင်းသို့သွားရောက်ပြီး နယ်စပ်မြို့များမှ ပြန်လည်ဝင်ရောက်လာသူ(၄)ဦးအား သတ်မှတ်နေရာများတွင် (၁၄)ကြာ သီးခြားစောင့်ကြည့်၍ ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး စောင့်ကြည့်ခံလူများအတွက် စားဝတ်နေရေးကိစ္စရပ်များနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြား၍ စောင့်ကြည့်ခံလူများအနေဖြင့်လည်း ယခုလို သီးခြားထားရှိပြီး ကျန်းမာရေးစစ်ဆေးဆောင်ရွက် ပေးရခြင်းသည် အများပြည်သူ စိုးရိမ်ထိန့်လန့်မှုမဖြစ်စေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်၍ သတ်မှတ်နေရာများတွင် စနစ်တကျနေထိုင်သွားကြရန်နှင့် မိမိကိုယ်ကို ကျန်းမာရေးဂရုစိုက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။ 

ပွင့်ဖြူမြို့နယ်အနေဖြင့် ပြည်ပနိုင်ငံများနှင့် နယ်စပ်မြို့များမှ ပြန်လည်ဝင်ရောက်လာသူဦးရေမှာ ဒီဇင်ဘာလမှ ယခု ဧပြီလ ၁ ရက်နေ့အထိ စုစုပေါင်း လူဦးရေ ၁၃၄၇ ဦးရှိပြီး (၁၄)ရက် စောင့်ကြည့်လူဦးရေစာရင်းအနေဖြင့် Home Quarantine ဆောင်ရွက်ထားရှိသူ ၄၃၄ ဦး နှင့် Facility Quarantine ဆောင်ရွက်ထားရှိသူ ၈၈ ဦး ၊ စုစုပေါင်း ၅၂၂ ဦး ရှိကြောင်း သိရကာ အဆိုပါ စောင့်ကြည့်ခံလူများကို မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လိုအပ်သော ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)