နေပြည်တော် ဒီဇင်ဘာ ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ပပို့ကုန် စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များ နှစ်ဆတိုးတင်ပို့နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့  နံနက်ပိုင်းတွင် နေပြည်တော်  ဒက္ခိဏသီရိမြို့နယ်၊ စက်မှုဇုန်ရှိ Dakhina Meat Export Company Limited သို့ရောက်ရှိ ပြီးပြည်တွင်းဖြန့်ဖြူးနေမှုနှင့်  ပြည်ပသို့တင်ပို့မှု အခြေအနေများကို ကြည့်ရှုသည်။

ကြည့်ရှုစဉ် Dakhina Meat Export Company Limited တာဝန်ခံက အသားပိုင်းဖြတ်ခြင်း၊ အသားပြုတ်ခြင်း၊ အေခဲခြင်း၊ထုတ်ပိုးခြင်း လုပ်ငန်းအဆင့်ဆင့် ကိုတင်ပြရာ ဒုတိယဝန်ကြီးမှ အသားထုတ်လုပ်မှုကဏ္ဍ တန်ဖိုးတိုးတက်ရေးသည် ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုပေါ် များစွာတည်မှီနေသဖြင့် ဌာနနှင့် ပုဂ္ဂလိကများ အကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ပတ်ဝန်းကျင် သန့်ရှင်း ရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး၊ လုပ်ငန်းခွင် ဆောင်ရွက်သူများ ကူးစက်ရောဂါ ကင်းစင်ရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များ၊ မွေးမြူရေး ထွက်ကုန်များ ပြည်တွင်း စားသုံးမှု ဖူလုံမှုရှိစေရန်နှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးနှင့် ထုတ်ကုန်အရည်အသွေးမြင့်မားရေး ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ချက်များကို မှာကြားပြီး စက်ရုံအတွင်း လိုက်လံကြည့်ရှုသည်။

ထို့နောက် မြန်မာရွှေသစ်သီးဝလံ ကုမ္ပဏီလီမိတက်သို့ ရောက်ရှိရာ တာဝန်ခံက စိုက်ပျိုးရေးထွက်ကုန် သစ်သီးဝလံများအား အဆင့်မြင့် စားသောက်ကုန်များအဖြစ် သစ်သီးခြောက်၊ ယိုမျိုးစုံ၊ ဆီသွတ်ဗူးနှင့် ဝါးမှထွက်သည့် ကုန်ချောထုတ်လုပ်မှုများ၊   ပြည်တွင်းဈေးကွက် ဖြန့်ဖြူးမှုနှင့် ပြည်ပသို့တင်ပိုနိုင်မှု အခြေအနေ များကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးမှ စားသုံးသူ ဘေးကင်းလုံခြုံရေးနှင့် ပြည်ပတင်ပို့ရာတွင် လိုက်နာရမည့် စံချိန်စံညွှန်းများကို လုပ်ငန်းရှင်များဘက်က တိကျစွာလိုက်နာဆောင် ရွက်ကြရန် လိုအပ်ချက်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်