ပြည်ပရောက် အင်ဒိုနီးရှားပြည်သူတွေရဲ့ နေရပ်ပြန်ခရီးစဉ်

ကလျာမိုးမြင့်

 

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကျရောက်မှုကြောင့် အဝင်အထွက် ကန့်သတ်ပိတ်ဆို့ထားမှုအတွင်း ပိတ်မိနေကြတဲ့ အင်ဒိုနီးရှား ရွှေ့ပြောင်းသွားလာသူတွေကို နေရပ်ပြန်ပို့တဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေပါပြီ။ အင်ဒိုနီးရှား ပြည်သူ့အကြံပေး ညီလာခံဥက္ကဋ္ဌ ဘမ်ဘန်ဆိုဆာယိုက အစိုးရအနေနဲ့ ကပ်ရောဂါ ဖြစ်ပွားမှုကာလအတွင်းမှာ အင်ဒိုနီးရှား ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ဆီပြန်နိုင်ရေး အကူအညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

 

အလုပ်လက်မဲ့ဖြစ်ကြရ

 

ထောင်သောင်းချီတဲ့ မလေးရှားနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်ချိန်မှာ အင်ဒိုနီးရှားမှာရှိတဲ့ ၎င်းတို့ရဲ့နေရပ်တွေဆီ မဖြစ်ဖြစ်တဲ့နည်းနဲ့ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့နောက် တရားမဝင်တဲ့ လမ်းကြောင်းတွေကနေ လှေတစ်စင်းနဲ့လိုက်ပါခဲ့ကြတဲ့ အခြေအနေတွေ ဖြစ်ခဲ့ရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ အရှေ့တောင်အာရှနိုင်ငံတွေဆီ ရောက်ရှိလာတဲ့အခါ နိုင်ငံကို အဝင်အထွက် ပိတ်ဆို့ကန့်သတ်မှုတွေနဲ့အတူ စီးပွားရေး လုပ်ငန်းတွေကိုပါ ရပ်ဆိုင်းထားရတဲ့အတွက် ဒီနိုင်ငံတွေမှာ လာရောက်လုပ်ကိုင်နေကြတဲ့ အနယ်နယ် အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြရပါတယ်။

 

သံရုံးတွေကနေ အကူအညီပေး

 

ဒီတော့ အိမ်ပြန်ဖို့ စိုင်းပြင်းနေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ လိုအပ်တဲ့ အကူအညီတွေ မြန်မြန်ဆန်ဆန်ရရှိပြီး နေရပ်ကို ချောချောမောမော ပြန်ရောက်စေဖို့အတွက် အစိုးရသံရုံးတွေကနေတစ်ဆင့် အကူအညီပေးသင့်တယ်လို့ ဘမ်ဘန်က တိုက်တွန်းခဲ့ပါတယ်။ အင်ဒိုနီးရှား ရွှေ့ပြောင်းသွားလာသူတွေကို အကောအကွယ်ပေးရေး ပြဋ္ဌာန်းထားတဲ့ ၂၀၁၇ ဥပဒေအရ အစိုးရဟာ ရွှေ့ပြောင်းလုပ်သားတွေဆီ ငွေကြေး၊ အစားအသောက်နဲ့ ကျန်းမာရေး အထောက်အပံ့ပစ္စည်းတွေကို ပေးပို့ဖို့ ၎င်းတို့ကို လက်ခံထားတဲ့ နိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ဆိုထားပါတယ်။

 

မလေးရှားက ပြန်လာကြသူများ

 

ဒါ့အပြင် အစိုးရအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ အထူးသဖြင့် ဝင်ငွေမရရှိတော့တဲ့ အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို စီစဉ်ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက အစိုးရ အနေနဲ့ ပြည်ပကိုရောက်ရှိနေကြတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ၊ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားတွေကို နေရပ်ပြန်ပို့ပေးတဲ့ လုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

 

မလေးရှားနိုင်ငံမှာရောက်ရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ တခြားနိုင်ငံတွေဆီ ရောက်နေကြတဲ့ အင်ဒိုနီးရှား ပြည်သူတွေထက် နေရပ်ပြန်ရောက်ရှိတဲ့ အရေအတွက် ပိုများတယ်လို့ သိရပါတယ်။

 

ဧပြီ ၂၉ ရက်က မလေးရှားနိုင်ငံရောက် အင်ဒိုနီးရှား ရွှေ့ပြောင်းလုပ်သားအရေအတွက် စုစုပေါင်း ၆၈၁၂၉ ဦးကို နေရပ်ပြန်ပို့ခဲ့ပါတယ်။ အဲဒီထဲက ၆၉ ရာခိုင်နှုန်းကို ရေယာဉ်တွေ၊ ၁၈ ရာခိုင်နှုန်းကို ဘတ်စ်ကားတွေ၊ ၁၃ ရာခိုင် နှုန်းကို လေယာဉ်နဲ့ အသီးသီး ပြန်လည်ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

 

ကျန်းမာရေးအစီအမံတွေ လိုက်နာဖို့လို

 

မလေးရှားနိုင်ငံကနေ မိခင်နိုင်ငံတွေဆီ ပြန်ရောက်သွားကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ တင်းကျပ်စွာ ချမှတ်ထားတဲ့ ကျန်းမာရေး အစီအမံတွေကိုတော့ လိုက်နာ ဆောင်ရွက်ရဦးမှာဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ အစီအမံတွေကို လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး မူဟာဂျာအီဖန်ဒီနဲ့အတူ ပူးပေါင်း စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး ရက်နိုက ဂျကာတာမှာ ဧပြီ ၂၉ ရက်က ပြုလုပ် ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

ကမ္ဘာ့နိုင်ငံအများအပြားမှာရှိတဲ့ အပျော်စီးသင်္ဘောတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အင်ဒိုနီးရှား နိုင်ငံသား သင်္ဘောအမှုထမ်းပေါင်း ၁၁၅၀၅ ဦး ဟာဆိုရင်လည်း အခုဆိုရင် ဘေးကင်းစွာနဲ့ အင်ဒိုနီးရှားနိုင်ငံကို ပြန်ရောက်နေကြပြီဖြစ်တယ်လို့ မစ္စတာမူဟာဂျာအီဖန်ဒီက ပြောပါတယ်။ ၎င်းတို့ထဲက ၃၅၉ ဦးဟာ Explorer Dream အပျော်စီးသင်္ဘောမှာ လုပ်ကိုင်နေကြတဲ့ သင်္ဘောသားတွေဖြစ်ပြီး ဧပြီ ၂၉ ရက်မှာ ဂျကာတာမြို့ တန်ဂျွန်းပရီရော့ ဆိပ်ကမ်းကို ရောက်ရှိခဲ့ပါတယ်။ နောက်ထပ် ၃၇၅ ဦးကတော့ Camival Splendor အပျော်စီး သင်္ဘောကဖြစ်ပြီး  နောက်တစ်ရက်မှာ အဲဒီဆိပ်ကမ်းကိုပဲ ထပ်မံရောက်ရှိခဲ့ပါတယ်။

 

ပြန်ရောက်လာမယ့်ပြည်သူတွေကို စောင့်မျှော်နေ

 

အင်ဒိုနီးရှားနိုင်ငံကို ပြန်ရောက်လာတဲ့ပြည်သူတွေကို တစ်ပတ်ကြာ ကန့်သတ်စောင့်ကြည့်မှု ထားရှိဖို့အတွက် မြို့တွင်းရှိ ဟိုတယ်တွေဆီ ခေါ်ဆောင်မသွားခင် ဗိုင်းရပ်စ်ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ မြန်မြန်ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ကျန်တဲ့နိုင်ငံတွေ အများအပြားမှာရှိကြတဲ့ အပျော်စီးသင်္ဘော ၁၈ စင်းပေါ်က အင်ဒိုနီးရှားနိုင်ငံသား ၂၃၃၉ ဦး ပြန်ရောက်လာဖို့ စောင့်မျှော်နေတယ်လို့ သိရပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံအတွင်း ဧပြီ ၃၀ ရက်မှာ ကိုဗစ် - ၁၉ ထပ်မံကူးစက်ခံရသူ နောက်ထပ် ၃၄၇ ဦး ထပ်မံတွေ့ ရှိရပြီးနောက် တစ်နိုင်ငံလုံး ရောဂါကူးစက်ခံရသူ အရေအတွက် ၁၀၁၁၈ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ရောဂါဖြစ်ပွားမှုကြောင့် နောက်ထပ် ရှစ်ဦးသေဆုံးခဲ့ရပြီး စုစုပေါင်းသေဆုံးသူ ၇၉၂ ဦး ဖြစ်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး အထွေထွေညွှန်ကြားရေးမှူး အက်ကမက် ယူရီရန်တိုက ဧပြီ ၃၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ရောဂါကူးစက်ခံခဲ့ရပြီးနောက် ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာလို့ ဆေးရုံက ဆင်းခွင့်ရသွားတဲ့သူ အရေအတွက်ကတော့ ၁၅၂၂ ဦး ဖြစ်ပါတယ်။

 

ပြည်နယ်ပေါင်း ၃၄ ခုအထိ ပျံ့နှံ့

 

မြို့တော်ဂျကာတာမှာ နောက်ထပ် ရောဂါကူးစက် ခံရသူ ၈၂ ဦး စစ်ဆေးတွေ့ရှိရတဲ့အတွက် မြို့တွင်း ကူးစက်မှု ၄၁၇၅ ဦး ဖြစ်လာပါတယ်။ အရှေ့ဂျာဗားမှာ ရောဂါထပ်မံကူးစက်ခံရသူ ၈၆ ဦး စူလာဝေစီတောင်ပိုင်းမှာ ၂၆ ဦး၊ ကာလီမန်တန် အလယ်ပိုင်းမှာ ၁၆ ဦးနဲ့ အရှေ့ကာလီမန်တန်မှာ ၁၅ ဦး ရောဂါကူးစက်ခံထားရတယ်လို့ ထပ်မံတွေ့ရှိခဲ့ရပါတယ်။ ဗိုင်းရပ်စ်ဟာ တစ်နိုင်ငံလုံးရှိ ပြည်နယ်ပေါင်း ၃၄ ခုအထိ ပျံ့နှံ့ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

 

လတ်တလောမှာတော့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ၎င်းရဲ့ ရွှေ့ပြောင်းလုပ်သားတွေ ပြန်ရောက်လာတဲ့ အခြေအနေကို စီမံထိန်းသိမ်းဖို့ အဓိကနယ်စပ်နေရာတွေမှာ ကျန်းမာရေးအစီအမံတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ အစိုးရက အင်ဒိုနီးရှား ရွှေ့ပြောင်းလုပ်သားတွေ အလုံးအရင်း ပြန်ဝင်လာမှုနဲ့ ပတ်သက်ပြီး ဧပြီ ၂၉ ရက်မှာ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကာ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာနိုင်တဲ့ ဖြစ်နိုင်ဖွယ်အခြေအနေတွေအပေါ် ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတာနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ချမှတ်ခဲ့ပါတယ်။

 

နွေးထွေးတဲ့အိမ်ပြန်ခရီး

 

လေကြောင်းကနေ ပြန်ရောက်လာကြမယ့် ပြည်သူတွေအတွက် မြို့တော်ဂျကာတာ၊ ဘာလီ၊ မာကာဆာနဲ့ မီဒန်တို့ဟာ အဓိကဝင်ပေါက်တွေဖြစ်ပြီး ရေကြောင်းနဲ့ ပြန်ဝင်လာကြမယ့် ပြည်သူတွေအတွက် ဘာတန်၊ တန်ဂျွန်း ပရီရော့၊ ဘီနိုအာ၊ ဒူမိုင်နဲ့ တန်ဂျွန်းဘာလိုင် ကာရီမန်တို့ကို အဓိက ဝင်ပေါက်တွေအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အနယ်နယ်အရပ်ရပ် ကနေပြန်လာမယ့် ပြည်သူတွေကို အင်ဒိုနီးရှားနိုင်ငံက ကြိုဆိုလက်ခံဖို့ အရန်သင့်ပြင်ဆင်ထားမှုဟာ နေရပ်ပြန် ပြည်သူတွေအတွက် နွေးထွေးတဲ့ အိမ်ပြန်ခရီးတစ်ခု ဖြစ်လာစေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ။

 

ကိုးကား- ဂျကာတာပို့စ်