ရန်ကုန် ဇန်နဝါရီ ၁၃

မြန်မာ့ပျားရည်ကို ဒေသအနှံ့ မွေးမြူထုတ်လုပ်လျက်ရှိရာ ပျားမွေးမြူသူ ကျေးလက်နေပြည်သူများ ဝင်ငွေရရှိလျက်ရှိပြီး ယခုနှစ်တွင် ပြည်ပသို့ မြန်မာ့ပျားရည် တန်ချိန် ၃၀၀၀ ကျော် တင်ပို့နေကြောင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဌာနအောက်ရှိ ပျားမွေးမြူရေးဌာနမှ သိရသည်။

မြန်မာနိုင်ငံသည် သဘာဝသစ်တောများကြွယ်ဝပြီး အော်ဂဲနစ်ပျားရည် ထုတ်လုပ်‌ရောင်းချနိုင်သော အလားအလာကောင်းများရရှိလျက်ရှိရာ ပြည်တွင်းစားသုံးရန်အတွက် နှစ်စဉ်ပျား ရည်တန်ချိန် ၂၀၀၀ ခန့်ထုတ်လုပ်နိုင်ပြီး ပြည်ပသို့လည်း နှစ်စဉ်တန်ချိန် ၄၀၀၀ ခန့်တင်ပို့လျက်ရှိ၍ ယခုနှစ်၌ တန်ချိန် ၃၀၀၀ ကျော်တင်ပို့ရန် ဆောင်ရွက် လျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်(၈)ခုရှိ မြို့နယ်ပေါင်း(၂၄)မြို့နယ်မှ ဌာနနှင့် ပုဂ္ဂလိကမွေးမြူသူက နှစ်စဉ်ပျားရည်ထုတ်လုပ်လျက်ရှိပြီး ဌာနအနေဖြင့် စိုက်ပျိုး သီးနှံဧက (၁၅)သိန်းအား ဝတ်မှုန်ကူးပြောင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပျားမွေးမြူမှုမှ စိုက်ခင်းထွက်နှုန်းများ တိုးတက်ကောင်းမွန်စေရေး အထောက်အကူ ပြုရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ပျားမွေးမြူရေးလုပ်ငန်းမှာ အဓိကစိုက်ပျိုးရေးကဏ္ဍကို အထောက်အကူပြုတာက ဆီထွက်သီးနှံတွေဖြစ်ပါတယ်။ ဆောင်းသီးနှံလည်းပါပါတယ်။ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်းနဲ့နေကြာဖြစ်ပါတယ်။ နေကြာရဲ့သဘောသဘာဝက အင်းဆက်တွေနဲ့ဝတ်မှုံကူးရင် ပိုပြီးအောင်မြင်ဖြစ်ထွန်းလေ့ရှိပါတယ်။ အင်းဆက်ထဲမှာတော့ ပျားဟာအကောင်းဆုံးပါပဲ။ နေကြာခင်းအနီးမှာ ပျားတွေရှိပြီဆိုရင် အထွက်နှုန်းကောင်းပြီဆိုတာ မှန်းလို့ရပါတယ်။ ဒီနှစ်ပျားရည်ပြည်ပကိုတန်ချိန် ၂၀၀၀ နီးပါးပို့ထားတယ်။ တန်ချိန် ၃၀၀၀ ကျော် တင်ပို့ဖို့ရှိပါတယ်။ ဆောင်းသီးနှံတွေက မတ်လအထိထုတ်လုပ်နေကြမှာပါ။ ဆောင်းပျား ရည် ဆက်ရနေမယ့်သဘော့ပါ။ ဌာနအနေနဲ့တောင်သူတွေရဲ့စိုက်ခင်းမှာ ဝတ်မှုံကူးပြီး ဖြစ်ထွန်းအောင်မြင်မှုကိုတွေ့ရှိရတာကို ဝမ်းသာပီတိဖြစ်ရပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုး‌ရေးဌာနခွဲတာဝန်ခံ ဦးကျော်ကျော်ဦး က ပြောသည်။

ပြည်ပနိုင်ငံအချို့မှ မြန်မာ့ပျားရည်ကို နှစ်စဉ်ဝယ်လျက်ရှိရာ ပျားမွေးမြူထုတ်လုပ်မှု လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်ခြင်းဖြင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်သော အခွင့် အလမ်းများစွာရရှိလာမည်ဖြစ်ပြီး  စစ်တိုင်းတိုင်း‌ဒေသကြီးမှ ထွက်ရှိသော နေကြာပျား ရည်ကို ပြည်ပနိုင်ငံများက ပိုမိုနှစ်ခြိုက်လေ့ရှိရာ ပုဂ္ဂလိကထုတ်လုပ်မှု တိုးတက်လာ သဖြင့် ပျားမွေးတောင်သူတို့၏ ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အပံ့ ဖြစ်စေလျက်ရှိသည်။

ပျားမွေးမြူရေးလုပ်ငန်းကို စိုက်ပျိုးရေးလုပ်ငန်းတို့နှင့် တွဲဖက်လုပ်ကိုင်ကြလျက်ရှိပြီး အညာဒေသတွင် ပျော်ဘွယ်နှင့် တောင်ပေါ်ဒေသ၌ မဲဇာတို့တွင် စီးပွားဖြစ် မွေးမြူထုတ်လုပ်လျက်ရှိသည်။ ပျားများ ဝတ်မှုံကူး စုပ်ယူရရှိသော ပန်းပွင့်အမျိုးအစား ‌ပေါ်မူတည်ကာ ပျားရည်၏အနံ့နှင့် အရောင်မှာ အမျိုးမျိုးကွဲပြားလေ့ရှိသည်။ မြန်မာ့ပျားရည်ကို တရုတ်နိုင်ငံမှ အများဆုံး ဝယ်ယူလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ၁၉၇၉-ခုနှစ်မှစ၍ ပျားမွေးမြူရေးလုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့ရာ ၁၉၈၅-ခုနှစ်တွင် ပြည်ပသို့ ပျားရည်စတင်ပို့ဆောင်ခဲ့သည်။ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ စင်္ကာပူ၊ ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိပြီး နေကြာပျားရည်၊ ဇီးပျားရည် နှင့်ပန်းနှမ်းပျားရည်ကို အထူးကြိုက်နှစ်သက်လေ့ရှိ၍ နေကြာပျားရည်မှာ ရောင်းအားအ ကောင်းဆုံးဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်၌ ပျားရည်အများဆုံးထုတ်လုပ်သော နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး အာဆီယံနိုင်ငံတို့တွင် ဗီယက်နမ်၊ မြန်မာနှင့်ထိုင်းနိုင်ငံတို့မှ ပျားရည် အများဆုံးထုတ်လုပ်တင်ပို့လျက်ရှိကာ စိုက်ပျိုးမွေးမြူရေးကို အခြေခံသော မြန်မာနိုင်ငံအနေဖြင့် ပျားရည်ပိုမိုထုတ်လုပ်နိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)