ရန်ကုန် ၊ ဇန်နဝါရီ ၂၆

 

မြန်မာနိုင်ငံမှ ပနားမီးရေငန်ပုစွန်များ ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ ရေငန်ပုစွန်တန်ချိန် ၅၉၄၆ ဒသမ ၁၈၇ တန်တင်ပို့ထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

 

“ပြည်ပဈေးကွက် ထိုးဖောက်ဖို့ မြန်မာ့ပနားမီးကို ကမ္ဘာက သိဖို့လိုပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးရာသီ ရေငန်ပုစွန်မွေးမြူရာမှာ ရေငန်နှုန်းကျဆင်းတာကြောင့် ပုစွန်ကြီးထွားနှုန်းကျဆင်းတာ၊ ရောဂါပိုးဝင်တာတွေ ဖြစ်ခဲ့တာရှိပါတယ်။ ဒါကြောင့် မွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ မိုးရာသီကာလ ပုစွန်လျော့မွေးပြီး နွေရာသီမှာ ပိုပြီးမွေးမြူထုတ်လုပ်ဖို့ ဆောင်ရွက် နေကြပါတယ်။ မွေးမြူမှု တိုးလာတဲ့အတွက် ပိုကုန်တိုးမြှင့်တင်ပို့နိုင်မှာပါ။ ပြည်ပဈေးကွက်လည်း ဒီထက် ပိုပြီး ပွင့်လန်းဖို့ မျှော်လင့်နေပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးသက်စိုးက ပြောသည်။

 

ရေလုပ်ငန်းရှင်များသည် ရေငန်ပုစွန်များကို ပြည်ပသို့တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ ပြုတ်၍လည်းကောင်း၊ ဂျပန်နိုင်ငံသို့ အေးခဲ၍လည်းကောင်း တင်ပို့လျက်ရှိပြီး ပြည်ပသို့လက်ရှိထက်ပိုမိုတင်ပို့နိုင်ရန် ပင်လယ်ပြင်တွင် ဖမ်းဆီးမှုထက် တိုးချဲ့မွေးမြူမှုရေးကို ဆောင်ရွက်လိုကြသည်။

 

ထို့ပြင် ရေငန်ပုစွန်မွေးမြူမှုအတွက် ပုစွန်သားပေါက်နှင့် အစာအား ထိုင်းနိုင်ငံမှ နှစ်စဉ်ဝယ်ယူ နေရသည့်အတွက် နိုင်ငံတော်နှင့် မွေးမြူထုတ်လုပ်သူများ ရေရှည်အကျိုးစီးပွားရရှိရန် လုပ်ငန်ရှင်များသည် နည်းပညာအကူအညီဖြင့် ပြည်တွင်း၌ သားဖောက်မွေးမြူ ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့တွင် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) စနစ်နှင့်အညီ ပနားမီးပုစွန်ဖြူများကို ၂၂၁၇ ဒသမ ၅၆ ဧက၌ မွေးမြူထုတ်လုပ်လျက်ရှိကြောင်းသိရပြီး ထားဝယ်ခရိုင် သရက်ချောင်း၊ မြိတ်ခရိုင် မြိတ်၊ ပုလော၊ ကျွန်းစုမြို့နယ်၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ကော့သောင်းခရိုင် ကော့သောင်းမြို့ နယ်တို့တွင် ခွင့်ပြုမိန့်ဖြင့် တိုးချဲ့ ၂၆၆၂ ဒသမ ၆၈ ဧက နှင့် ကျွန်းစုမြို့နယ်တွင် ၃၉၀ ဒသမ ၁၂ ဧက မွေးမြူမှုရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

 

ဓာတ်ပုံ- ကနူး

ညိမ်းသူ(သတင်းစဉ်)