ရန်ကုန် ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင် တန်းကျောင်း (မြောက်ဒဂုံ)၌ လုပ်ငန်းခွင်အခြေပြု အခြေခံမော်တာ စက်ချုပ်သင်တန်းကိုလည်းကောင်း၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့သို့ အလုပ်သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် ဆိုင်ရာ လမ်းညွှန်သင်တန်းများကိုလည်းကောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် အဆိုပါ သင်တန်းဖွင့်လှစ်နေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး ပြည်သူက ရွေးကောက်တင်မြှောက်ထားသော အစိုးရသစ်လက်ထက်တွင် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ကျွမ်းကျင် သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်သွားရန်၊ လုပ်ငန်းခွင်နှင့်အပ်စပ်သော သင်တန်းများဖြစ်စေရန်၊ သင်တန်းပြီးဆုံးပြီးနောက် အလုပ်အကိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် မှာကြားသည်။
ထို့ပြင် ပြည်ပသို့သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား အလုပ်သမားများအနေဖြင့် နိုင်ငံအပေါ်သစ္စာရှိရန်၊ မိသားစုများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး မိသားစုလွှဲပို့ငွေများကို ပုံမှန်လွှဲပို့ရန်၊ ရောက်ရှိရာနိုင်ငံ၏တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်၊ ပြည်ပသို့သွားရောက်လုပ်ကိုင်ရာတွင် နိုင်ငံ၏ ဂုဏ်သိက္ခာကို အစဉ်စောင့်ထိန်းကာ မိမိဘဝတိုးတက်စေရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း မှာကြားသည်။
ထို့နောက် ပြည်ပသို့သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ဆောင်ရွက်ပေးနေသော ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံ ကတ်ပြား (OWIC) ပြုလုပ်ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းစဉ်များ ကြန့်ကြာမှု မရှိစေရေး တွန်းအားပေးဆောင်ရွက်ရန်၊ ခွင့်ပြန် အလုပ်သမားများ ခွင့်ပြန်ပြီးနောက် လုပ်ငန်းခွင်သို့ အချိန်မီပြန်လည်ဝင်ရောက်နိုင်ရေး အလုပ်အကိုင် အခွင့်အလမ်းများ မပျောက်စေရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


