(၁၅-၁၂-၂၀၂၀ ရက်၊ ဆိုးလ်)
၁။ COVID-19 ကူးစက်ရောဂါကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားရောက်ရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ၁၅-၁၂-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် (၃၅) ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ် ပေးခဲ့သည်။
၂။ အဆိုပါကယ်ဆယ်ရေးလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၀၀ နာရီ အချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ (၇၁) ဦး၊ ဆွစ်ဇာလန်မှ (၂) ဦး၊ အင်ဒိုနီးရှားမှ (၄)ဦး၊ တောင်အာဖရိကမှ (၁) ဦး၊ ဘယ်လ်ဂျီယံမှ (၂) ဦး၊ ကာတာမှ (၅) ဦး၊ ကနေဒါမှ (၁) ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၅)ဦး၊ မြန်မာနိုင်ငံသားခရီးသည်စုစုပေါင်း (၈၉)ဦးတို့ စီးနင်းလိုက်ပါခဲ့သည်။
၃။ လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာမရှိစေ ရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီး ဦးဆောင်သော သံရုံးဝန်ထမ်းများသည် လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
#Ministry of Foreign Affairs Myanmar


