နေပြည်တော်၊  ၂၇  ဒီဇင်ဘာ

 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၄၀ အား  မြန်မာသံရုံး၊ ဒါကာမြို့မှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့  မွန်းလွဲ ၂  နာရီ ၄၅ မိနစ် အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

 

ထို့ပြင် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် မြန်မာသင်္ဘောသားများ အလှည့်ကျ ဝန်ထမ်းပြောင်းလဲခြင်း အကူအညီပေးရေးကော်မတီ (CCSC) တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီ ခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ ၈၀ ၊ ပနားမားမှ ၂ ဦး၊ ဂျပန်မှ ၂၇ ဦး၊ ကနေဒါမှ တစ်ဦး၊ အမေရိကန်ပြည်ထောင်စုမှ ၄ ဦး၊ စင်ကာပူမှ ၄ ဦး၊ ဗြိတိန်မှ ၂ ဦး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ၇ ဦး၊ ဟောင်ကောင်မှ ၃ ဦး၊ မြန်မာသင်္ဘောသား စုစုပေါင်း ၁၃၀ လိုက်ပါခဲ့ကြသည်။

 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု ၇ ရက် နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ၇ ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။ 

 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာ သင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သင်္ဘောကုမ္ပဏီများ/ အဖွဲ့အစည်းများနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

#နိုင်ငံခြားရေးဝန်ကြီးဌာန

 

44