နေပြည်တော်၊ ၃ ဇန်နဝါရီ

 

COVID-19 ကူးစက်ရောဂါကာလအတွင်း ကမ္ဘာ့နိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား ၁၂၈ ဦးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် Myanmar Seafarer Employment Services Federation (MSESF) ၏စီစဉ်မှုဖြင့် ၃-၁-၂၀၂၁ ရက်နေ့တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) အထူးကယ်ဆယ်ရေးလေယာဉ် ပျံသန်း ပြေးဆွဲပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့သို့ ၁၉:၄၅ နာရီတွင် ထွက်ခွာခဲ့ပြီး ကိုရီးယား နိုင်ငံမှ မြန်မာသင်္ဘောသား ၄၈ ဦး၊ အီဂျစ်မှ ၂၂ ဦး၊ ဘရာဇီးလ်မှ ၁ ဦး၊ နယ်သာလန်မှ ၁ ဦး၊ မလေးရှားမှ ၃ ဦး၊ ဂျပန်မှ ၂၁ ဦး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ၆ ဦး၊ ဩစတြေးလျမှ ၁ ဦး၊ စင်ကာပူမှ ၇ ဦး၊ အင်ဒိုနီးရှားမှ ၅ ဦး၊ ပနားမားမှ ၄ ဦး၊ ပြင်သစ်မှ ၃ ဦး၊ ဖိလစ်ပိုင်မှ ၁ ဦး၊ မက္ကဆီကိုမှ ၁ ဦး၊ စပိန်မှ ၃ ဦးနှင့် အမေရိကန် ပြည်ထောင်စုမှ ၁ ဦး၊ စုစုပေါင်း ၁၂၈ ဦးတို့ လိုက်ပါသွားသည်။

 

စီးနင်းလိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရှိရသည်။

 

#နိုင်ငံခြားရေးဝန်ကြီးဌာန