နေပြည်တော် ၂၀ မေ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြည်ပတွင်အလုပ် လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင်ကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ပြည်ထဲရေးဝန်ကြီးဌာန နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှအမြဲတမ်းအတွင်းဝန်များ၊တာဝန်ရှိသူများနှင့်ဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား များကိုမည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးခဲ့ရာတွင် အလုပ်သမား များ၏ Bio Matrix ကိုယ်ရေးအချက်အလက်များကို မျက်စိသူငယ်အိမ် scan ဖတ်ခြင်း၊ လက်ဆယ်ချောင်းလက်ဗွေရယူခြင်းတို့ဆောင်ရွက်ပြီး ၂၀၁၉ ခုနှစ် မေ ၁၃ ရက်အထိ အလုပ်သမား စုစုပေါင်း ၁,၆၆၆,၁၁၅ ဦး၏ အချက်အလက်များကို ကောက်ယူ၍နိုင်ခဲ့ပြီး ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်သမားများအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ ကြောင်း အလုပ်သမားများ၏ ကိုယ်ရေး အချက်အလက်များကို National Data Center တွင် ထိန်းသိမ်းထားရှိတာကြောင့် အဆိုပါအချက် အလက်များကိုမည်သည့်ဌာနမှမဆို လိုအပ် သလိုအသုံးပြုနိုင်မည်ဖြစ်ပါကြောင်း။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်စပ်လျဉ်း၍ မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရအကြား နှစ်နိုင်ငံညှိနှိုင်း အစည်းအဝေးများကို အလှည့်ကျကျင်းပပြုလုပ်လျက်ရှိရာ မေ ၁၃ ရက်နှင့် ၁၄ ရက်တွင် ထိုင်းနိုင်ငံ ဖူးခက်မြို့၌ကျင်းပခဲ့သည့် “မြန်မာ-ထိုင်းနှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများညှိနှိုင်းအစည်းအဝေး” ကို ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် ဦးဆောင်၍ ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့နနှင့်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များတက်ရောက် ခဲ့ပြီး ထိုင်းနိုင်ငံသို့ MoUစနစ်ဖြင့် မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်ခြင်းလုပ်ငန်းစဉ်အရ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဥပဒေပါအခွင့်အရေးနှင့် လူမှုကာကွယ်စောင့်ရှောက်မှုများ ရရှိခံစားနိုင်ရန်နှစ်နိုင်ငံအစိုးရအကြား ညှိနှိုင်းကြိုးပမ်းဆောင်ရွက်မှုများ ထိရောက်စွာလုပ် ဆောင်နိုင်ခဲ့ပါကြောင်း။
အဆိုပါအစည်းအဝေးတွင် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်မြန်မာရေလုပ်သားများစေလွှတ် နိုင်ရေး၊ MoU စနစ်ဖြင့်ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ် သတ်မှတ်ခြင်းနှင့် ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံတို့အကြား လက်မှတ်ရေးထိုးထားသော အလုပ်သမား များအလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ်ကို သက်တမ်းတိုးနိုင်ရေး တို့ကိုညှိနှိုင်း ဆွေးနွေးခဲ့ပါကြောင်း။
ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ ကိုရီးယားသမ္မတနိုင်ငံမှာရှိတဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းများသို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ သတ်မှတ်ချက်များနဲ့အညီ မြန်မာ ရေလုပ်သားများ စေလွှတ်ရန် ခွင့်ပြုမိန့်ရရှိခဲ့၍ သက်ဆိုင်ရာအေဂျင်စီများမှ လုပ်သားများ စေလွှတ်ရေး ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
ထို့အပြင် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအစိုးရတို့အကြား ကျွမ်းကျင်လုပ်သား နေထိုင်ခွင့်ပုံစံ ဖြင့် နိုင်ငံခြားသား လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာစနစ်အား စနစ်တကျ လည်ပတ်ဆောင်ရွက်မှု နှင့်စပ်လျဉ်း၍ သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံမူဘောင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MOC) ကို ၂၀၁၉ ခုနှစ် မတ် ၂၈ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ပြီး ဂျပန်နိုင်ငံမှ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားခေါ်ယူရန် မြန်မာနိုင်ငံ သို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စာမေးပွဲလာရောက်စစ်ဆေးရန် လျာထားပါကြောင်း။
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ အစည်းအဝေး ခွင့်ပြုချက်ဖြင့် “ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်” ကို ဖွဲ့စည်းပြီးဖြစ်ကာ နိုင်ငံတော်၏ဦးစားပေး လုပ်ငန်းစဉ်ဖြစ်သော ပြည်တွင်းနှင့်ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ အတွက် ကောင်းမွန်သည့်လုပ်ငန်းခွင် ဖြစ်စေရေး၊ ဥပဒေနှင့်အညီခံစားခွင့်များ ရရှိစေရေး အဆိုပါ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ကာ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏အခက်အခဲများနှင့် ပြဿနာများကို အချိန်နှင့်တစ်ပြေးညီဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြောကြားသည်။
ထို့နောက် ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် ဧပြီလအထိ ပြည်ပတွင်အလုပ်လုပ် ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ငွေကြေးသုံးစွဲမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် ကော်မတီ အဖွဲ့ဝင်များမှ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းစဉ်များအလိုက် ရွှေ့ပြောင်းအလုပ်သမားများ အား ကာကွယ်စောင့်ရှောက် ပေးမှုအခြေအနေများ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ ငွေကြေးများ အား မြန်မာနိုင်ငံသို့ပြန်လည်လွဲပို့ပေးနိုင်မည့် အခြေအနေများ၊ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာ သည့်တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများသူများအား ကြိုဆိုလက်ခံရေးဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)