နေပြည်တော် စက်တင်ဘာ ၂၉
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအနေဖြင့် အာဟာရပြည့်ဝရေးနှင့် အစားအစာ ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပပို့ကုန်များအတွက် ဈေးကွက်က သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီရေး၊ FAO, WHO နှင့် GACC တို့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် သက်ဆိုင်သည့် ကန့်သတ်ချက်များ ၊ ပို့ကုန်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းစဉ်တလျှောက်၏ လုပ်ငန်းခွင်အတွင်း လိုက်နာကျင့်သုံးရမည့် လမ်းညွှန် ချက်များနှင့်အညီ တိကျစွာဆောင်ရွက်ခြင်းဖြင့် မိမိတို့ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်း၏ အရည်အသွေး ကို အာမခံချက်ကောင်းပေးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ယနေ့ ညနေပိုင်းက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ရေထွက်ပစ္စည်းများ တင်ပို့သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေး ပြောကြားသည်။
ဆွေးနွေးပွဲသို့ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးကြသည်။
ပြည်ပတင်ပို့မည့် အေးခဲငါးထွက်ကုန်များ တွင် ကူးစက်ရောဂါ ပါဝင်မှုမရှိစေရေး အတွက် ငါးတင်ငါးချ ဆိပ်ကမ်းများ ၊ စက်ရုံများရှိ အလုပ်သမားများနှင့် ပစ္စည်းထုပ်ပိုးသည့် ဝန်ထမ်းများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအဖြစ် Rapid Testkit ဖြင့် စစ်ဆေး၍ မှတ်တမ်းများထားရှိ ဆောင်ရွက်လျှက်ရှိသည်။
ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ၏ တောင်းဆိုချက်အရ ပိုမို တိကျသည့် RT-PCR စက်ဖြင့် စစ်ဆေးပေးနိုင်ရန် လိုအပ်လျက်ရှိရာ RT-PCR စက်ကို လုပ်ငန်းရှင် များ၏ ကူညီဆောင်ရွက်မှုဖြင့် ဝယ်ယူနိုင်ရေးနှင့် ရောဂါစစ်ဆေးခြင်းလုပ်ငန်းကို ငါးလုပ်ငန်း ဦးစီးဌာနက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)