ဝဥအကြောင်း သိကောင်းစရာ
ဝဥပင်များသည် Araceae (ခေါ်) ပိန်းမျိုးရင်း ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Amorphophallus Campanulatus Blume ဖြစ်သည်။ ဝဥ၏ မူရင်းဒေသမှာ အင်ဒိုနီးရှားကျွန်းဆွယ်ဖြစ်ပြီး အပူပိုင်းဒေသနှင့် အာဖရိကဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်သည်။ အချို့ဒေသများတွင် ဖျံဥဟုခေါ်ကြသည်။ မြန်မာနိုင်ငံတွင် ဝဥပင်များကို ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ သစ်ရိပ်၊ ဝါးရိပ်၊ အစိုဓာတ်ကောင်းသည့် နေရာများတွင် သဘာဝအလျောက် အမြောက်အမြားပေါက်ရောက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ဒေသအလိုက် ဝဥမျိုးများ ပေါက်ရောက်ဖြစ်ထွန်းနေမှုကို လေ့လာကြည့်ရာ-
• ပဲခူး၊ သာယာဝတီ၊ မော်လမြိုင် ဒေသများတွင် Amorphophallus Purpuraceans ဝဥမျိုး၊
• မြစ်ကြီးနား၊ ကသာဒေသတွင် A.Bulbifer ဝဥမျိုးနှင့် A.Karamsis မျိုး၊
• သာယာဝတီမြို့နယ်နှင့် စစ်တောင်းမြစ်ဝှမ်း ဒေသများတွင် A.Cholonospathus ဝဥမျိုး၊
• ကရင်ပြည်နယ်၊ ချင်းပြည်နယ်တောင်တန်း ဒေသများတွင် A.Oneophyllum မျိုးနှင့် A.Burmaicus ဝဥမျိုး၊
• ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ပြင်ဦးလွင်၊ မြန်မာပြည်အောက်ပိုင်းဒေသများတွင် A.Campanulatus မျိုးနှင့် A.Conjak ဝဥမျိုးများ ပေါက်ရောက်ဖြစ်ထွန်းကြသည်။
ဝဥကို တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတွင် စားသောက်ကုန်ထုတ်လုပ်ခြင်း၊ စက်မှုကုန်ကြမ်း ပြုလုပ်ခြင်း၊ အလှကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ ဘေးထွက်ပစ္စည်းများကိုလည်း တိရစ္ဆာန်အစားအစာအဖြစ် တွင်ကျယ်စွာ အသုံးပြုကြသည်။
ဝဥပင်၏ ပုံသဏ္ဌာန်
အပင် ။ ။ မျိုးစိတ်ပေါင်း နှစ်ဆယ်ရှိသည့်အနက် A.Conjak မျိုးနှင့် A.Campanulatus မျိုးစိတ်နှစ်မျိုးသည် အာနိသင်အကောင်းဆုံး ဖြစ်သည်။ အထူးသဖြင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနိုင်ငံများမှ အစားအသောက်ပြုလုပ်ရန်နှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများ ပြုလုပ်ရန်အတွက် ဝယ်ယူလိုသောမျိုး ဖြစ်သည်။ ဥရှိသော အပင်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ လေးပေခန့်ရှိသည်။ နှစ်ရှည်ခံ အပင်ပျော့မျိုးဖြစ်ပြီး မိုးရွာသည်နှင့်တစ်ပြိုင်နက် အစို့များထွက်လာသည်။ ဆောင်းရာသီရောက်သောအခါ အပင်ကျသွားသည်။
အရွက် ။ ။ ရွက်လွှဲထွက်သည်။ ရွက်ပြားကျယ်ပြန့်ပြီး အလျားတစ်ပေမှ သုံးပေအထိ ရှိတတ်သည်။ လက်ဝါးရွက်ပေါင်းဖြစ်ပြီး ရွက်ထိပ်ချွန်သည်။ ရွက်မြွှာ သုံးမြွှာမှ ငါးမွှာအထိ ရှိတတ်သည်။ ပျမ်းမျှ လေးနှစ်၊ ငါးနှစ်သားကျော်လျှင် ပွင့်တံထွက်လာသည်။
အပွင့်။ ။ မြေပေါ်သို့ ဥမှနေပြီး တစ်ပေမှ နှစ်ပေခန့်အထိရှိသော ရိုးတံထွက်လာသည်။ ၎င်းရိုးတံပေါ်တွင် အစက်အပြောက်များရှိကြသည်။ ပွင့်ကာရွက်အုပ်သည် အလွန်ကြီးမားပြီး ကန်တော့ပုံ (သို့မဟုတ်) ခေါင်းလောင်းပုံသဏ္ဌာန်ရှိသည်။ ၎င်းပွင့်ကာရွက်အုပ်၏ အကျယ်မှာ တစ်ပေခွဲမှ နှစ်ပေနီးပါးအထိရှိတတ်ပြီး အလျား ၁၅ လက်မခန့်ရှည်၍ အနားများမှာ ပိန်းပန်းကဲ့သို့ ညီညာခြင်းမရှိဘဲ လှိုင်းထကာတွန့်နေသည်။ ပွင့်ကာရွက်အုပ် တစ်ခုလုံး၏ အနားတစ်ဝိုက်တွင် နီညိုရောင်ဖြစ်ပြီး အောက်ဘက်တွင် အဖြူစက်များနှောသော မီးခိုးရောင်ဖြစ်လာကာ ကန်တော့ပုံသဏ္ဌာန် အတွင်းထဲတွင် ခရမ်းရောင်ဖြစ်သွားသည်။ အလွန်ပြင်းထန်သော အနံ့ရှိသည်။ အပွင့်ကလေးများသည် အလွန်သေးငယ်ပြီး ၁၀ လက်မ မှ ၁၂ လက်မ အရှည်ရှိသော ပွင့်ခိုင်ရိုးတံပေါ်တွင် စီတန်းလျက်ပွင့်ကြသည်။ အဖို၊ အမ သီးခြားပွင့်တတ်သည်။
အသီး။ ။ အသီးသည် ပြောင်းဖူးနှင့်သဏ္ဌာန်တူပြီး ပွင့်ခိုင်ရိုးတံပေါ်တွင် စီတန်းပြွတ်သိပ်၍ အသီးသီးလေ့ရှိသည်။ နုစဉ်မှာ အစိမ်းရောင်ဖြစ်ပြီး အသီးများရင့်မှည့်လာသောအခါ လိမ္မော်ရောင်သို့ပြောင်းသွားသည်။
ပေါက်ရာဒေသ။ ။ Conjak မျိုးသည် အေးမြသောရာသီဥတုရှိ တောင်ပေါ် ဒေသများတွင်သာ ပေါက်ရောက်သည်။ Campanulatus မျိုးသည် မျှတသောရာသီဥတု ရှိသည့် တောင်ပေါ်ဒေသများတွင်သာ ပေါက်ရောက် သည်။ ဥ၏အရောင်မှာ အဝါနုရောင်ဖြစ်သည်။ အစေ့အိမ်များ ပိုမိုများပြားစွာပါဝင်သည်။ အရွက် တွင် Conjak ကဲ့သို့ မျိုးပွားရန် ဥငယ်လေးများမပါရှိပေ။ သို့သော် ကြီးရင့်လာသောဝဥများမှ သားတက်များ ထွက်ပေါ်လေ့ရှိသည်။
ဝဥပင်များသည် သဘာဝအလျောက်ပေါက်ရောက်ပြီး အစေ့မှလည်းကောင်း၊ အရွက်ရိုးတံ အရင်းတွင်ရှိသော မျိုးပြန့်ပွားသည့် “ဖု” ကလေးများမှလည်းကောင်း ဥမှဖြာထွက်သည်။ ထို့ပြင် အမြစ်ဥကလေးများမှ မျိုးပြန့်ပွားသည်။
ဝဥပြုလုပ်ပုံအဆင့်ဆင့်
ဈေးထဲတွင် ဝဥကိုတွေ့သော်လည်း မစားဖူးပါက ဝဥမှန်း မသိကြပေ။ အဘယ်ကြောင့်ဆိုသော် ဝဥဟုခေါ်သော်လည်း ဥပုံသဏ္ဌာန်မျိုးမဟုတ်ဘဲ ကျောက်ကျောတုံးကဲ့သို့ အတုံးအခဲအဖြစ် လည်းကောင်း၊ ခေါက်ဆွဲအစိုကဲ့သို့ အမျှင်များအဖြစ် လည်းကောင်း ရောင်းချကြသည်။ ဝဥကို ပါးပါးလွှာ၍ နေရောင်ခြည်တွင်ထောင်ကြည့်ပါက ပုလဲလုံး လေးများ စီထားသကဲ့သို့ တွေ့မြင်နိုင်သည်။ ကျောက်ကျောပုံစံ ဝဥအဆင့်သို့မရောက်မီ အပင်ဥ ဘဝမှစ၍ အတုံးအခဲ၊ အမျှင်ဖြစ်သည်အထိ အဆင့်ဆင့်ပြုပြင်စီမံရသဖြင့် လွန်စွာလက်ဝင်သည်။ ဝဥကို မူလအပင် သဘာဝအတိုင်းစားသည့်အခါ ယားတတ်သည်။ ထို့ကြောင့် ၎င်းဥကိုမှုန့်ညက် အောင်ခြေပြီး ရေနှင့်နှဲ၍ ကြိုချက် အအေးခံပုံသွင်းပြီး အလိုရှိသလို စားသုံးကြသည်။ တချို့က ဝဥလုပ်ရန်အတွက် အပင်ဥအစိမ်းကိုရေနှင့်နှယ်၍ ထုံးထည့် ပြီးနောက် ရလာသောအနှစ်များကို အအေးခံပုံသွင်းပြီးမှ ပြုတ်သောနည်းကိုသုံးကြသည်။ ဝဥပင်ပေါများသော ကချင်ပြည်နယ်တွင် ခပ်ကြီးကြီးဥများကို ပျော့အိနေအောင်ပြုတ်၊ အခွံခွာ၊ အသားကိုနယ်ပြီး ညက်အောင်ထောင်း၍ ငရုတ်သီး၊ နံနံပင်၊ ထုံးရေကြည် အနည်းငယ်နှင့် ဆားထည့်ပြီး ပြန်ပေါင်းထားကာ ဝပေါင်းအဖြစ် စားကြသည်။ ဝဥကိုပြုတ်ပြီး အတုံး လိုက်ဖြစ်စေ၊ အမျှင်အဖြစ် လှီးပြီးသားဖြစ်စေ ကြာကြာထားလိုပါက ရေစိမ်ထားရမည်။ ပြုတ်ပြီးပါက သူ့ရေပူနှင့်ပင် စိမ်ထားနိုင်သည်။ အေးသွားသောအခါ ရေစစ်ပြီး ဝဥကို ရေခဲသေတ္တာထဲတွင် ရက်ကြာကြာ သိမ်းထားနိုင်ပါသည်။
ဝဥ စားဖွယ်စုံ
ဝဥကို ခေါက်ဆွဲ၊ ကြာဆံ ပုံစံမျိုးထုတ်လုပ်ထားသည့်အတွက် ဆန်အစားထိုး သီးနှံအဖြစ် စားသုံးနိုင်ပါသည်။ အာရှတိုက်တွင် ဝဥကို အစားအများဆုံးနိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး ၎င်းလူမျိုးတို့က ဝဥကို ခေါက်ဆွဲပုံစံလှီးဖြတ်၍ အမဲသား၊ ပဲငံပြာရည်၊ ပဲပြား၊ ကြက်သွန်မြိတ်ကြီးတို့ဖြင့် အချိုချက်ထားသော “စူကီယာကီ” ဟင်းလျာမှာ လူကြိုက်များ သည်။ ထို့ပြင် ဝဥကို နှစ်သက်ရာအသားတစ်မျိုးနှင့် ကြော်စားနိုင်သလို အတုံးလေးများတုံးပြီး ဝက်ရိုး၊ ကြက်ရိုးတို့နှင့် ဟင်းချိုချက်သောက်ကြသည်။ များသောအားဖြင့် ဝဥကိုသုပ်စားလေ့ရှိသည်။ ဝဥကို ခပ်ပါးပါး ရှည်ရှည်လှီး၊ ကြက်သွန်နီ၊ ပုစွန်ခြောက်၊ ဆား၊ အရသာမှုန့်၊ ငရုတ်သီး၊ နံနံပင်၊ သံပရာသီးညှစ်ကာ ချဉ်စပ်ဝဥသုပ်က အလွန်ခံတွင်းမြိန်လှပါသည်။
ဆေးဖက်ဝင်ဝဥ
ရှေးခေတ် တရုတ်နှင့် ဂျပန်ဆေးကျမ်းများတွင် ဝဥကိုစားသုံးခြင်းဖြင့် ဆီးကောင်းခြင်း၊ ဝမ်းဗိုက်(အူ၊ ဆီးအိမ်)အတွင်းက အစိုင်အခဲ၊ ကျောက် စသည်တို့ကို ကျေသက်စေကြောင်း ရေးသားဖော်ပြထားသည်။ ဝဥတွင် Mannam Grain ဓာတ်ပါဝင်မှုကြောင့် ကိုယ်လက်ကြံ့ခိုင်ခြင်း၊ ဝဖြိုးစေခြင်း၊ ယားယံခြင်း၊ ဆာလောင်မွတ်သိပ်မှုကို ပျောက်စေခြင်း၊ သလိပ်ထ၊ အဖျဉ်း၊ အလုံး၊ လေပြွန်ရောင်၊ လည်ချောင်းပူ၊ လေနာ၊ ဝမ်းဗိုက်နာ၊ ဆင်ခြေထောက်ရောဂါများ ပျောက်ခြင်း၊ နှလုံးတုန် ရင်ခုန်ရောဂါများမှ ကာကွယ်ပေးခြင်း၊ ခန္ဓာကိုယ်တွင်း အဆီပိုများဖြစ်ပေါ်မှုကို ဟန့်တားပေးခြင်း၊ ဆီးအိမ်ရောင်ခြင်းမှ ကာကွယ်ပေးခြင်း၊ ဝဥရိုင်းကို လျှာပွတ်ဆေးအဖြစ် အသုံးပြုခြင်း စသည့်ပရဆေးများအဖြစ် အသုံးပြုကြသည်။
ဝဥကို ဂျပန်လူမျိုးများသာမက အခြားနိုင်ငံများမှ လူမျိုးများလည်း ဆေးဖက်ဝင်ဓာတ်စာအဖြစ် အသုံးပြုကြသည်။ အဓိကအကြောင်းရင်းမှာ ဝဥတွင် လူကို အဝလွန်၊ အဆီပိတ် ဘေးဖြစ်စေတတ်သော HDL ကိုလက်စထရော (ခေါ်) ဓာတုပစ္စည်းတစ်မျိုး မပါသလောက် လွန်စွာနည်းပါးသည်။ ဝဥကြော်၊ ဝဥဟင်း၊ ဝဥသုပ်စားပြီးသောအခါ ဆာလောင် မွတ်သိပ်မှုမှ အာသာပြေပျောက်သွားသည်။ ဝဥထဲ တွင် HDL ကိုလက်စထရော မပါသလောက်နည်းသဖြင့် သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ ဆီးချို စသည့်ရောဂါဆိုးများ ဖြစ်မလာအောင် ထိန်းသိမ်းကာကွယ်ပေးနိုင်သည်။ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း (မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း)က ၁၉၈၀ ပြည့်နှစ်တွင်ထုတ်ဝေခဲ့သော မြန်မာ့ဆေးဝါး ပင်များစာအုပ်တွင် ဝဥနှင့်ပတ်သက်ပြီး “ ဝဥအား အမျိုးသမီးများ ဗိုက်ပူခြင်း၊ ဆီးအိမ်ကြီးခြင်းမှ ကာကွယ်ရန်လည်းကောင်း၊ ကိုယ်ရေစစ်၍ အသားအရေလှပစေရန်လည်းကောင်း၊ သက်ကြီး ရွယ်အိုများအတွက် နှလုံးတုန်၊ ရင်ခုန်ရောဂါကို ကာကွယ်ရန်လည်းကောင်း၊ လူ့ခန္ဓာကိုယ်တွင် လိုအပ်သည်ထက်ပို၍ အဆီများ အစိုင်အခဲဖြစ်ခြင်း မှ ဟန့်တားရန်လည်းကောင်း သုံးနိုင်သည် ” ဟု ရေးသားဖော်ပြထားပါသည်။
ချင်းပြည်နယ်နှင့် ဝဥဈေးကွက်
ချင်းပြည်နယ်တွင် ဝဥ အဖြူ၊ အဝါ၊ အနီ သုံးမျိုး စလုံး စိုက်ပျိုးပြီး အဝါနှင့် အနီက ထွက်အားကောင်းသဖြင့် စိုက်ပျိုးမှု ပိုများသည်။ ယခင်က သဘာဝတောတောင်များအတွင်းမှ လိုက်လံရှာဖွေတူးဖော်ကြပြီး ယခုအခါ တောတွင်းမှမျိုးပွား၍ ကိုယ်ပိုင်စိုက်ပျိုးခြင်းများဖြင့် စနစ်တကျစိုက်ပျိုးလာကြသည်။ ၂၀၁၉ ခုနှစ်က ချင်းပြည်နယ်အတွင်း ဝဥဈေးကွက်သည် ရောင်းလိုအားထက် ဝယ်လိုအားများခဲ့သည့်အတွက် ဝဥဈေးကောင်းခဲ့ကြောင်း၊ MFVP အသင်းနှင့် UK Aid တို့မှ ကျွမ်းကျင်ပညာရှင်များကလည်း ဝဥခြောက်နှင့် ဝဥခေါက်ဆွဲထုတ်လုပ်နည်းများကို သင်ကြားပို့ချကာ ဖြန့်ဝေခဲ့ကြောင်း လေ့လာသိရှိရသည်။
ထို့ပြင် ဝဥခြောက်အမှုန့်များ ထုတ်လုပ်နိုင်စေရန် ဝဥပါးလွှာစက်၊ အခြောက်ခံစက်နှင့် အမှုန့်ကြိတ် စက်များ ဝယ်ယူရရှိနိုင်မည့် ကုမ္ပဏီများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များကို ချိတ်ဆက်ပေးခြင်း၊ ထိုစက်ပစ္စည်းများအတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားရရှိစေရန် စီစဉ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။
စိုက်ပျိုးရေးဌာန၏ တရားဝင်ထုတ်ပြန်ကြေညာချက်များအရ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝဥစိုက်ပျိုးဧကပေါင်း ၉၀၀၀ ကျော်ရှိပြီး ယင်းစိုက်ပျိုးဧကများတွင် ချင်းပြည်နယ် မင်းတပ်ခရိုင်တွင် ဝဥစိုက်ဧက ၇,၁၀၇ ဧက၊ ကန်ပက်လက် မြို့နယ်တွင် ဧက ၇၃၀၊ ချင်းပြည်နယ် ဟားခါး မြို့နယ်တွင် ၆၈၈ ဧက၊ ဖလမ်းမြို့နယ်တွင် ၁၈၁ ဧကနှင့် တီးတိန်မြို့နယ်တွင် ၇၁၁ ဧကရှိကာ ချင်းပြည်နယ်မှ နှစ်စဉ် ဝဥ အစိုပိဿာချိန် သိန်းချီ ထွက်ရှိခဲ့သည်။ ကိုဗစ်-၁၉ ရောဂါမတိုင်ခင်က ပြည်တွင်းမှ ထွက်ရှိသော ဝဥအစို၊ အခြောက်နှင့် အမှုန့်များကို ပြည်ပဈေးကွက် ပိုမိုကျယ်ပြန့်လာ စေရန် သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။
ပြည်တွင်းမှထွက်ရှိသော ဝဥအခြောက်များကို ဂျပန်၊ ကိုရီးယားနှင့် စင်ကာပူနိုင်ငံများသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့လျက်ရှိပြီး ဝဥအမှုန့်များကို ဂျပန်၊ မလေးရှားနှင့် UAE နိုင်ငံများသို့ လည်းကောင်း၊ ဝဥ အစို၊ အခြောက်နှင့် အမှုန့်များကို တရုတ်နိုင်ငံသို့လည်းကောင်း တင်ပို့နိုင်ခဲ့သည်။ ထို့ပြင် ဝဥကို တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်ရန် ချင်းပြည်နယ် မင်းတပ်မြို့တွင် စက်ရုံတည်ဆောက်ထားပြီး တရုတ်ကုမ္ပဏီနှင့် နှစ်စဉ်တန်ချိန်
၅၀၀ ခန့်၊ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ငါးသန်းရောင်းဝယ်ရေးစာချုပ်ချုပ်ဆိုထားကြောင်း ယမန်နှစ် သတင်းများအရသိရသည်။
အချုပ်အားဖြင့်ဆိုသော် မြန်မာပြည်ထွက် ဝဥများကို ပြည်ပကဝယ်လိုအားများနေပါသည်။ ၎င်းနိုင်ငံများတွင် မြန်မာပြည်ထွက် ဝဥကုန်ကြမ်းများဖြင့် စားသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း အတွက်သာမက ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊ အလှကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ စက္ကူလုပ်ငန်း၊ ကော်အမျိုးမျိုး ထုတ်လုပ်ရေးလုပ်ငန်း၊ ချည်ထည်လုပ်ငန်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်း စသည်တို့ တွင် စက်မှုကုန်ကြမ်းပစ္စည်းအတွက် အထူး လိုအပ်လျက်ရှိနေကြသည်။ ထို့ကြောင့် မြန်မာ့ ဝဥများက နိုင်ငံခြားဈေးကွက်တွင် နေရာရနေပါသည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ်အတွင်း ချင်းပြည်နယ် မြေဧက ၁၀၀ အတွင်းတွင် ဝဥကို ဘိန်းအစားထိုး သီးနှံအဖြစ် စိုက်ပျိုးထားသည်မှာ အားရဖွယ်ဖြစ်ပါသည်။ ချင်းပြည်နယ်သာမက ဝဥစိုက်ပျိုးရန် ရေမြေဒေသသင့်သော မြန်မာနိုင်ငံ၏ အခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်လည်း ဝဥပင်များကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်းနှင့် ဆန်အစားထိုးသီးနှံ ဝဥစိုက်ပျိုးသော တောင်သူများအတွက် နည်းပညာနှင့်လိုအပ်ချက်များကို ဝိုင်းဝန်းကူညီပံ့ပိုးပေးကြစေလိုပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
ပေါက်ပေါက်