၅ ဇွန်

 

ပြည်ပဝယ်လိုအားရှိ၍ ပြည်တွင်း မတ်ပဲနှင့် ပဲစင်းငုံစျေး အနည်းငယ်ပြန်တက်လာကြောင်း ပဲစျေးကွက် အတွင်းမှ သိရသည်။

 

လက်ရှိ မတ်ပဲ တစ်တန်လျှင် ကျပ် ၉၇၅၀၀၀ ဈေးရှိပြီး ပဲစင်းငုံတစ် တန်လျှင် ကျပ် ၇၈၀,၀၀၀ ဈေးဖွင့်သည်။

 

ပြီးခဲ့သည့် ဧပြီလ မဟာအတာသကြ်န်အပြီး မတ်ပဲ တစ်တန်လျှင် ကျပ် ၉၉၅၀၀၀ မှ ကျပ် ၁၀၀၀၀၀၀ အထိ ဖြစ်ပေါ်ခဲ့ပြီးပဲစင်းငုံ တစ်တန်လျှင် ကျပ် ၈၀၀၀၀၀ အထိ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းအတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။


လက်ရှိ မြန်မာ့ပဲကို အဓိကတင်ပို့သည့်အိန္ဒိယနိုင်ငံအနေဖြင့် ပဲတင်သွင်းမှု မူဝါဒအပြောင်းအလဲများ လုပ်ဆောင်လျှက်ရှိသဖြင့် ပဲစျေးကွက်ကို မြတ်ခြေမပြတ်သတိထား စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပဲကုန်သည်များက ဆိုသည်။

 

အိန္ဒိယအစိုးရအနေဖြင့် ယခင် ပြည်ပမှ တင်သွင်းမည့် မတ်ပဲတန်ချိန် လေးသိန်းကို လာမည့် ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း အပြီးတင်သွင်းရမည်ဟု ကြေညာခဲ့သော်လည်း မေလ ၂၂ ရက်ကမူ အချိန်သုံးလအတွင်း အပြီးတင်သွင်းရမည်ဟု အသိပေးစာ ထုတ်ပြန်၍ မူဝါဒထပ်မံ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

 

ထိုသို့ အိန္ဒိယ၏ ပဲတင်သွင်းမှု မူဝါဒအပြောင်းအလဲကြောင့် မတ်ပဲ တန်ချိန်လေးသိန်းကို အချိန်သုံးလအတွင်း အပြီးတင်သွင်းရမည်မှာ မဖြစ်နိုင်သည့်အပြင် ပြည်တွင်းမှာလည်း ပဲအလုံအလောက် မရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောကြားထားသည်။

 

လက်ရှိ ပြည်တွင်း မတ်ပဲလက်ကျန်မှာလည်း တန်ချိန်နှစ်သိန်းခွဲ၊ သုံးသိန်းဝန်းကျင်သာ ရှိကြောင်း၊ သုံးလအတွင်း တန်ချိန်လေးသိန်း တင်သွင်းရမည်ဆိုသည်မှာ မဖြစ်နိုင်တာကို လုပ်ခိုင်းခြင်းဖြစ်ကြောင်း၊ ထို့ပြင် အချိန်သုံးလအတွင်း တန်ချိန်လေးသိန်းအတွက် ဆိပ်ကမ်းတင်ပို့မှု အခြေအနေမှာလည်း မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းထံမှ သိရသည်။

 

အိန္ဒိယနိုင်ငံမှ အဓိကဝယ်ယူမည့် မတ်ပဲသည် မြန်မာနိုင်ငံကသာ အဓိက စိုက်ပျိုးပြီး အခြား ပဲစင်းငုံ၊ ပဲတီစိမ်း၊ စားတော်ပဲများကိုမူ  မြန်မာနိုင်ငံအပြင် အာဖရိကတိုက်နှင့် သြစတေးလျနိုင်ငံများလည်း စိုက်ပျိုးကြကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။ 

 

ငြိမ်းငြိမ်း