မာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန)
မြန်မာနိုင်ငံတွင် သာသနာထွန်းကားလာသည်နှင့်အမျှ ဗုဒ္ဓဘာသာအား ယုံကြည်မှုကိုလိုက်၍ ဗုဒ္ဓစာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်ကျောင်း၊ ဇရပ်ဆောက်လုပ်မှုလုပ်ငန်းများ ပေါ်ပေါက်လာခဲ့သည်။
ပြည်မြို့တွင် အထင်ကရ သမိုင်းဝင်နေရာများအပြင် စေတီတော်ထဲတွင် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်သည်လည်း တန်ခိုးအနန္တကြီးမားခြင်း၊ ဂုဏ်ကို ဆောင်နေခဲ့သည်။ မြန်မာနိုင်ငံတွင် ဒုတိယနေရာ၌ တည်ထားကိုးကွယ်ခဲ့သော လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး၏ သမိုင်းအကျဉ်းကို အနည်းငယ် ရေးသားဖော်ပြလိုပေသည်။
စွန့်ကြဲပေးအပ်
သဗ္ဗညုရှင်တော်ဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့) တွင် ဘုရားဖြစ်တော်မူပြီးနောက် ကိုးလအကြာ သီဟိုဠ်ကျွန်း၊ သရေ ခေတ္တရာ၊ သထုံ၊ ပေါက္ကံစသောအရပ်တို့၌ သာသနာတော်ထွန်းကားမည်ကို မြင်တော်မူသောကြောင့် ဇမ္ဗူဒိပ်ကျွန်း ဖိုးဦးတောင်သို့ ကြွရောက်ခဲ့သည်ဟု စာပေများတွင် ဖတ်ရှုခဲ့ရသည်။ ထိုတောင်တွင်ရှိသော သမ္ဘူလဘီလူးမင်းနှင့် ၎င်း၏ မိတ်ဆွေများဖြစ်သော ဝေသာမိတ္တဘီလူးမင်း၊ ဣဒ္ဓိမန္တဘီလူးမင်း၊ ဝေဠုကန္တဘီလူးမင်း၊ ဧရာပထနဂါးမင်းတို့သည် မြတ်စွာဘုရားထံတော်တွင် ကိုးကွယ်ရန်အလို့ငှာ တောင်းပန်ကြသည့်အတွက် ဘုရားရှင်က ဆံတော်လေးဆူ၊ မွေးရှင်တော်ရှစ်ဆူအား စွန့်ကြဲပေးအပ်ခဲ့ပြီးနောက် အမျိုးလေးပါးတို့ ကိုးကွယ်ရန်အတွက် လူ့ပြည်၌သာ တည်အပ်ကြောင်းမိန့်မှာ၍ ကကုသန်ဘုရားရှင်၏ ဒုကုဋ်သင်္ကန်းတော်၊ ကောဏဂုံဘုရားရှင်၏ အံသကိုက်သင်္ကန်းတော်၊ ကဿပ၊ ဘုရားရှင်၏ ခါးပန်းတော်တို့ကို ဌာပနာထားသည့် သုဒဿနဂီရိတောင်၌ တည်ထားရန် မိန့်မှာထားခဲ့သည်။
နောင်တစ်ချိန်၌ ဒွတ္တပေါင်မင်း၏ သားတော်များဖြစ်လာမည့် အိုက။ ဘလ္လိကကုန်သည်ညီနောင်တို့အား ဆံတော်မွေတော်များပေးစေ၍ စေတီ တည်ထားကိုးကွယ်ရန် မိန့်တော်မူခဲ့ပါသည်။ နဂါးမင်း၊ ဘီလူးမင်းတို့က မြတ်စွာ ဘုရား၏ မိန့်မှာချက်များကို ကုန်သည်ညီနောင်တို့အား ပြောကြားပြီး သုဒဿန ဂီရိတောင်တွင် ဘုရားသုံးဆူတို့၏ ပရိက္ခရာတော်တို့နှင့်အတူ ဂေါတမမြတ်စွာ ဘုရားရှင်၏ နိသီဒိုင်တော်နှင့် ဆံတော်လေးဆူ၊ မွေးရှင်တော်ရှစ်ဆူတို့ကို ပေါင်းစု၍ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလဆန်း ၁၃ ရက် (အင်္ဂါနေ့)တွင် အစပြု၍ စေတီတည်ထားရာ ကြာသပတေးနေ့ (လပြည့်နေ့)တွင် အစောက် ခုနှစ်တောင် ရှိသော စပါးစုပုံသဏ္ဌာန်စေတီကို ပြီးစီးအောင်မြင်ခဲ့ပါသည်။ ဒွတ္တပေါင်မင်း လက်ထက်ရောက်သောအခါ သုဒဿဂီရိတောင်တွင် စေတီကိုရှာဖွေ၍ သာသနာတော် ၁၂၆ ခုနှစ် တပေါင်းလဆန်း ၈ ရက်မှစ၍ စေတီတော်ကို ပြန်လည်တည်ရာ ဉာဏ်တော် ၆၂ တောင်ရှိသော စေတီတော်ကို လပြည့်နေ့တွင် ပြီးစီးအောင်မြင်ခဲ့သည်။
ဒွတ္တပေါင်မင်းနောက်ပိုင်း ပုဂံခေတ် သက္ကရာဇ် ၄၄၅ ခုနှစ် (အေဒီ ၁၀၈၃) တွင် ကျန်စစ်သားမင်း ပြန်လည်ပြုပြင်၍ ကျောက်စာတိုင်ကို မွန်ဘာသာဖြင့် ရေးထိုးစိုက်ထူခဲ့သည်။ ထို့နောက် အလောင်းစည်သူမင်းကလည်းကောင်း၊ သက္ကရာဇ် ၈၃၀ ခုနှစ်တွင် အင်းဝနရပတိမင်းကလည်းကောင်း၊ သက္ကရာဇ် ၉၁၃ ခုနှစ်တွင် ရွှေဆံတော်စေတီရင်ပြင် မီးသင့်သဖြင့် ဘုရင့်နောင်မင်းကြီးက တန်ဆောင်းကြီးများ၊ ဇရပ်ကြီးများကို ထပ်မံဆောက်လုပ်လှူဒါန်းခဲ့သည်။ သက္ကရာဇ် ၁၁၁၇ ခုနှစ် တပို့တွဲလဆန်း ၄ ရက်တွင် ကုန်းဘောင်ရတနာသိင်္ခမြို့တည် အလောင်းမင်းတရားသည် ဆံတော်ရှင်စေတီကို ထီး၊ ခရားသီးမှ ဖိနပ်တော်ခြေရင်းထိ ရွှေသင်္ကန်းလုံးတော်ပြည့် ကပ်လှူခဲ့ပါသည်။ ထို့နောက် မွန်-မြန်မာ ချစ်ကြည်ရေးကို ရှေးရှု၍ မွန်ထီးတော်နှင့်အပြိုင် မြန်မာထီးတော်ကို အတွင်းမှယှဉ်တွဲ၍ ထီးတော်နှစ်စင်းကို ဆင့်ပြီးကပ်လှူခဲ့ပေသည်။ ကုန်းဘောင်ခေတ် အလယ်ပိုင်း ပြည်စား သီဟသူမင်းလက်ထက် ကောဇာသက္ကရာဇ် ၁၁၇၆ ခုနှစ်တွင် ဟောင်းနွမ်းနေသော မူလထီးတော်ကို ပြုပြင်မွမ်းမံခဲ့သည်။ ကုန်းဘောင်ခေတ်နှောင်ပိုင်း သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် ပြည်မြို့၌ ငလျင်ပြင်းထန်စွာ လှုပ်ခတ်မှုကြောင့် စေတီတော်ကြီး အက်ကွဲပျက်စီးခဲ့ရာ မြို့စားမင်း၏ အမိန့်တော်ဖြင့် ရွှေတိုက်ဝန်၊ မြို့သူကြီး၊ ရုံးအရာရှိတို့က ထီးတော်ဟောင်းကိုပင် ပြန်လည်ပြုပြင် မွမ်းမံလှူဒါန်းခဲ့ကြသည်။
သမိုင်းအကျဉ်း
သက္ကရာဇ် ၁၂၂၀ ပြည့်နှစ် ကိုလိုနီခေတ်ဦး ဝါခေါင်လပြည့် (အင်္ဂါနေ့) ညနေ ၃ နာရီအချိန်တွင် ပြည်မြို့၌ ဒုတိယအကြိမ် မြေငလျင်ပြင်းထန်စွာလှုပ်ခဲ့ရာ ရွှေဆံတော်စေတီသည် ခေါင်းလောင်းပုံမှစ၍ အပေါ်ပိုင်းတစ်ခုလုံး ဌာပနာတိုက်နှင့်တကွ ပြိုကျပျက်စီးခဲ့ပြန်သည်။ ဤသို့ပျက်စီးယိုယွင်းသွားသော ဆံတော်ရှင် စေတီတော်ကို ကုန်သည်ကြီး ဦးသာရွဲဦးဆောင်ကာ ပြန်လည်ပြုပြင်ရန် ပြင်ဆင်ခဲ့သည်။ ရတနာပုံ နေပြည်တော်သို့ သွားရောက်၍ မင်းတုန်းမင်းတရားကြီးအား လျှောက်တင်ရာ ရွှေဆံတော်စေတီနှင့် ထီးတော်ကြီး အသစ်လဲလှယ်တင်လှူ ခွင့်ပေး၍ အလှူတော်ငွေ နှစ်သောင်းကျပ်ကို ပေးအပ်လှူဒါန်းခဲ့သည်။ ထိုသို့ ပြန်လည်ပြုပြင်ခဲ့ရာ သက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် ၉ ရက်နေ့တွင် ရွှေထီးတော်အသစ် တင်လှူပူဇော်ခဲ့ပြီး ပြည်ရွှေဆံတော်၏ဉာဏ်တော်မှာ ၇၆ တောင်ထိရှိခဲ့သည်။ ၁၂၇၇ ခုနှစ်တွင် ထီးတော်ကြီးမှာ ဟောင်းနွမ်းယိုယွင်းခဲ့သဖြင့် ပွဲစားတန်းရပ်ကွက်နှင့် ရွာဘဲရပ်ကွက်တို့ ဦးဆောင်၍ အသစ်တစ်ဖန် လှူဒါန်းခဲ့ကြသည်။ ထိုသို့ ခေတ်အလီလီ ပြောင်းလဲလာခဲ့ပြီး၍ ၂၀ ရာစုသို့ ရောက်ရှိလာခဲ့ချိန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင်လည်း သာသနာရေးဝန်ကြီးဌာနက ဦးဆောင်ကာ မြန်မာထီးတော် နှင့် မွန်ထီးတော်ကို ပြန်လည်ပြုပြင်ရာတွင် မြန်မာထီးတော်ကို ရွှေစင် ၁၅ ပိဿာ ကို ပန်းခတ်၍လည်းကောင်း၊ မွန်ထီးတော်ကို ကြေးနီပြား မျက်ပါးရွှေချကာ ၁၃၆၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (၂၁-၁၀-၂၀၀၂ တနင်္လာနေ့) နံနက် ၉ နာရီတွင် စေတီတော်ကြီး၏ အထွတ်သို့ တင်လှူခဲ့သည်။ ထိုသို့ ခေတ်အဆက်ဆက် ပြန်လည်ပြုပြင်ခဲ့ကြသည်မှာ ယနေ့ခေတ် အချိန်အထိပင်ဖြစ်ပြီး ပြည်ရွှေဆံတော်စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ပန်းလည်တိုင် ထိပ်ဆုံးအထိ ၁၂၆ ဒသမ ၅၅၇ ပေ အမြင့်ရှိပါသည်။ ဤသည်မှာ ပြည်ရွှေဆံတော်စေတီတော်၏ သမိုင်းအကျဉ်းမျှသာ ဖြစ်ပေသည်။
လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ခေတ်အဆက်ဆက် လှူဒါန်းခဲ့သော ခေါင်းလောင်းများ ရှိကြပြီး ခေါင်းလောင်း ၆၂ လုံးအထိ ရှိသည်။ ခေါင်းလောင်း ၆၂ လုံးတွင် အလုံး ၆၀ မှာ ရွှေဆံတော်စေတီ၏ အထက်ရင်ပြင်တွင်ရှိ၍ ကျန်နှစ်လုံးမှာ အောက်ရင်ပြင် ဘိုးဘိုးအောင် ဓာတ်နန်းရှေ့ရှိ ရှင်ဥပဂုတ္တ၏ လက်ဝဲ၊ လက်ယာတွင် ရှိပါသည်။ ခေါင်းလောင်း ၆၂ လုံးတွင် ရှင်ဥပဂုတ္တ၏ ဝဲဘက်ခေါင်းလောင်းနှင့် အထက်တောင်ပိုင်ဘိုးဘိုးကြီးရှေ့ရှိ ၂၇ လုံးတွင် ၂၆ လုံးမြောက်မှာ စာရေးထားသည်ကို မတွေ့ရှိရပေ။ ထို့ကြောင့် ၆၂ လုံးအနက် အလုံး ၆၀ တွင်သာ စာရှိသည်။ ၁၉၄၄ ခုနှစ် ဩဂုတ်လ ၁ ရက် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ရွှေဆံတော် စေတီတော်မြတ်ကြီးနှင့် အနီးကပ်ဆုံး ကျသောဗုံးမှာ ရာဟုဂြိုဟ်စင်အနီး ရင်ပြင်တော်ပေါ်၌ ကျသောဗုံးဒဏ်ကြောင့် ခေါင်းလောင်းအနည်းအကျဉ်း မီးလောင်ထိခိုက်ခဲ့ရသည်။ ထိုမီးလောင်မှုကြောင့် စာပါသည့်ခေါင်းလောင်း ၆၀ အနက် အချို့ခေါင်းလောင်းများ၏ စာကြောင်း၊ များမှာ ဖတ်မရတော့ပေ။
သွန်းလုပ်လှူဒါန်း
ခေါင်းလောင်းများတွင် မှတ်တမ်းတင်ထားသော ခုနှစ်များအရ ၆၂ လုံးတွင် အစောဆုံးခေါင်းလောင်းမှာ မြန်မာသက္ကရာဇ် ၉၉၃ ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက် (ခရစ်နှစ် ၁၆၃၁ ခုနှစ်) ဖြစ်သည်။ ထိုကာလသည် ဒုတိယအင်းဝခေတ် ညောင်ရမ်းမင်းဆက်ဖြစ်သော သာလွန်မင်းလက်ထက်တွင် သွန်းလုပ်လှူဒါန်းခဲ့သော ခေါင်းလောင်းဖြစ်သည်။ နောက်အကျဆုံးခေါင်းလောင်းမှာ မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ် (ခရစ်နှစ် ၁၉၃၇ ခုနှစ်) ကိုလိုနီခေတ်ဖြစ်သည်။ ထင်ရှားသော ခေါင်းလောင်းနှစ်လုံးမှာ ဘိလပ်ပြန် ခေါင်းလောင်းနှင့် ဒွတ္တပေါင်မင်း ခေါင်းလောင်း တို့ဖြစ်ကြသည်။ ခေါင်းလောင်း ၆၂ လုံးအနက် ထူးခြားသည့် အခြားတစ်ခုမှာ ဒွတ္တပေါင်မင်းခေါင်းလောင်းဖြစ်သည်။ ထိုခေါင်းလောင်းသည် ရွှေဆံတော် ရင်ပြင်ရှိ တနင်္ဂနွေထောင့်၌ တည်ရှိသည်။ GPS Location Point အရ မြောက် လတ္တီတွဒ် ၁၈ ဒီဂရီ ၁၉ ဒသမ ၁၁၂၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၃ ဒသမ ၂၇၁၉ မိနစ်တွင် တည်ရှိပါသည်။ ဤခေါင်းလောင်း၏အမြင့်သည် ၄၆ စင်တီမီတာ၊ ပုစွန်တုပ်ကွေးအမြင့် ၈၉ စင်တီမီတာ၊ ဖောင်းနှုတ်ခမ်းအမြင့် ၃၄ စင်တီမီတာ၊ လုံးဝန်းသော ဖောင်းနှုတ်ခမ်းအချင်းသည် ၁၉၉ စင်တီမီတာ၊ ဖောင်းတိုင်တန်းသည် ၁၈ စင်တီမီတာ၊ ဖောင်းနှုတ်ခမ်း အရွယ်ပမာဏသည် လေးစင်တီမီတာ၊ ခြင်္သေ့ (သို့မဟုတ်) မနုဿီဟရုပ်တု၏ အမြင့်သည် ၁၈ စင်တီ မီတာ၊ ခြင်္သေ့ (သို့မဟုတ်) မနုဿီဟ စီးထားသော သိကြားမင်းရုပ်တုသည် ၂၈ စင်တီမီတာရှိကြသည်။ ခေါင်းလောင်း၏ ခါးပတ်အကျယ်မှာ ခြောက်စင်တီမီတာ၊ ခေါင်းလောင်း၏ဗဟိုချက်မှ ခေါင်းလောင်းနားအထိသည် ၆၇ စင်တီမီတာ၊ ခေါင်းလောင်း၏ အချင်းသည် ၂၀ဝ စင်တီမီတာ၊ ခေါင်းလောင်း၏အထူသည် ရှစ်စင်တီမီတာရှိသည်။
မြန်မာသက္ကရာဇ် ၉၉၄ ခုနှစ် (ခရစ်နှစ် ၁၆၃၂ ခုနှစ်) ဖြစ်သည့် ဒုတိယ အင်းဝခေတ် ညောင်ရမ်းမင်းဆက်ဖြစ်သော သာလွန်မင်းလက်ထက်တွင် ပြန်လည်သွန်းလုပ် လှူဒါန်းခဲ့သော ခေါင်းလောင်းပင် ဖြစ်သည်။ ခေါင်းလောင်းကိုင်းချိတ်မှာ အခြားခေါင်းလောင်းပုံနှင့်မတူဘဲ ခေါင်းလောင်းမှာ ကိုင်းနှစ်ကိုင်း ကြက်ခြေခတ်ခွဲလျက် ကိုင်းအဆုံးတွင် ခြင်္သေ့(သို့မဟုတ်) မနုသီဟ တစ်ကောင်စီ ပေါင်းလေးကောင်သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်ဘက်တို့တွင် ခေါင်းလောင်းကို ကျောပေးလျက် ထိုင်နေသည့်ပုံပါရှိသည်။ ခေါင်းလောင်းကို ကျောပေးထိုင်နေသော တောင်ဘက်မှ ခြင်္သေ့ (သို့မဟုတ်) မနုဿီဟ တစ်ကောင်ပေါ်တွင် သိကြားရုပ်တုကိုလည်းကောင်း၊ မြောက်ဘက်မှ ခြင်္သေ့ (သို့မဟုတ်) မနုဿီဟတစ်ကောင်ပေါ်တွင် ဘီလူးသန်လျက် ထမ်းရုပ်တုကို လည်းကောင်း တွေ့မြင်နိုင်သည်။ သန်လျက်ထမ်း ဘီလူးရုပ်တုမှာ သန်လျက်ကျိုးပဲ့သည့် အနေအထားဖြင့် ယခုအခါ တွေ့မြင်နိုင်ပေသည်။ ခေါင်းလောင်း၏ ပထမဖောင်းရစ်တွင် စာရေးထိုးမထားဘဲ ညောင်ရွက် ၁၄ ရွက်ပါရှိသည့်အတွက် ဗုဒ္ဓဘုရားရှင်အား ကိုယ်စားပြုသဘောဖြင့် ရည်ညွှန်းဟန်ရှိသည်။ ၎င်းအောက်ဘက်တွင် ခေါင်းလောင်းခါးပတ်ပါရှိပြီး ထိုနေရာတွင် ညောင်ရမ်းခေတ် စာအရေးအသားဖြင့် ဒွတ္တပေါင်မင်းကြီးနှင့် နဂါးသမီး မိဖုရားစောစရီတို့မှ ရွှေဆံတော်တွင် လှူဒါန်းခဲ့သော ခေါင်းလောင်းဖြစ်ကြောင်း၊ ထိုခေါင်းလောင်း အား မြန်မာသက္ကရာဇ် ၉၉၄ ခုနှစ် တန်ခူးလပြည့်ကျော် ၁၂ ရက် (စနေနေ့)တွင် အရှင်သူမြတ်သည် အင်းဝ၊ အကြေ၊ အညာတို့မှ ဒါယကာ၊ ဒါယိကာမတို့ထံမှ အလှူခံ၍ ခေါင်းလောင်းအား ထပ်မံပြန်လည်ပြုပြင်၍ ခေါင်းလောင်းစာကို ရေးထွင်းသည်ဟု သိရှိရသည်။
ထပ်မံပြုပြင်သူက ဆုတောင်းရာတွင် နိဗ္ဗာန်ဆုကိုပြည့်စေသော်၊ ငါလည်း ဘုရားဆုကိုပြည့်စေသော် အဝီစိတိုင်အောင်ဝေ၏။ သာသနာတော်ငါးထောင် ပတ်လုံး တည်စေသော်ဟု ဆုတောင်းထားသည်။ ဤခေါင်းလောင်းစာအရ ဒွတ္တပေါင်မင်းကြီးက မူလလှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ယူဆနိုင်ပေသည်။ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီပေါ်တွင် ခေတ်ကာလ မကွာခြားသော ညောင်ရမ်းခေတ် ခေါင်းလောင်းနှစ်လုံး ရှိသေးသော်လည်း ထိုခေတ်ကာလမှ သွန်းလုပ်သော ခေါင်းလောင်းပုံစံများနှင့် ကွာခြားကြောင်း လေ့လာတွေ့ရှိရသည်။ ထိုသို့ ပျူခေတ်နှင့် ညောင်ရမ်းခေတ် ကာလသည် အလွန်ပင်ကွာခြားနေသော်ငြားလည်း ခေါင်းလောင်းစာပေ အရေးအသားကြောင့် ပျူခေတ်ကာလ မဟုတ်ဟုပင် ငြင်းဆန်ရန် ခက်ခဲနေပေသည်။ အဘယ်ကြောင့်ဆိုသော် ပျူခေတ်ကာလမှ ခေါင်းလောင်း၏ ပါဝင်မှုဒြပ်စင်များကို သိပ္ပံနည်းကျ တိုင်းထွာစစ်ဆေးမှု မလုပ်နိုင်သေးသောကြောင့် တိကျစွာပြောဆိုရန် ခက်ခဲနေပေသည်။
သမိုင်းကြောင်းကွက်လပ်ကို ဖြည့်ဆည်း
ထိုသို့စိတ်ဒွိဟများနေသော ကာလများနှင့် နေထိုင်လာခဲ့ရာမှ မိမိတာဝန် ထမ်းဆောင်နေသော ဝန်ကြီးဌာနဖြစ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ Professor Sariel Shaleva, Department of Maritime Civilization and Department of Archaeology, University of Haifa, Israel မှ မြန်မာနိုင်ငံတွင် ရှေးကျကာလမှ မြန်မာတို့၏ ကြေးသွန်းလောင်းမှု အတတ်ပညာများကို သိပ္ပံနည်းကျ စမ်းသပ်စစ်ဆေးရန် ရောက်ရှိလာခဲ့သည်။ ၎င်းနှင့်အတူ လိုက်ပါပူးပေါင်း သုတေသနလုပ်ငန်း ဆောင်ရွက်ရန်အတွက် ဝန်ကြီးရုံး၏ညွှန်ကြားမှု၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) ၏ တာဝန်ပေး ညွှန်ကြားမှုနှင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ Portable XRF(x-rays fluorescence ) နည်းဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီပေါ်ရှိ ခေါင်းလောင်း ၆၂ လုံးအား သိပ္ပံနည်းကျ တိုင်းတာမှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ စာရေးသူနှင့်အတူ ဦးကိုကိုဖိုးလမင်းတို့ ပူးပေါင်းပါဝင် သုတေသနလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြသည်။ Professor Sariel Shaleva မှ ကျွန်တော်တို့၏စိတ်ထဲတွင် သုတေသနပြုလိုသော ခေါင်းလောင်းကို ရွေးချယ်စေခဲ့ရာ ဒွတ္တပေါင်မင်းခေါင်းလောင်းကို ရွေးချယ်လေ့လာရန် အထူးပြုရွေးချယ်ခဲ့ကြသည်။ ထိုသို့ရွေးချယ်မှုသည်လည်း ခေါင်းလောင်းတွင် ရေးထိုးထားသော ခေါင်းလောင်းစာကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း ဒွတ္တပေါင်မင်း ခေါင်းလောင်းအား Portable XRF (x-rays fluorescence) နည်းဖြင့် သိပ္ပံနည်းကျ စစ်ဆေးနိုင်မှသာ သမိုင်းကြောင်းကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မည်ဟု ထင်သောကြောင့် ဖြစ်သည်။
ဒွတ္တပေါင်မင်း ခေါင်းလောင်းအား တိုင်းတာမှုလုပ်ငန်း ဆောင်ရွက်ရာတွင် ခေါင်းလောင်းအနား၊ ခေါင်းလောင်းကိုယ်ထည်၊ ခေါင်းလောင်းပလ္လင်ခုံစသည့် နေရာသုံးခုအား တိုင်းတာမှုတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့တိုင်းတာရာတွင် Cu (copper) ကြေးနီ၊ Sn (tin) သံဖြူ၊ Zn (zinc) သွပ်၊ Pb (lead)ခဲ၊ As (Arsenic) စိန်အဆိပ်၊ Bi(Bismuth) ကြွပ်ဒြပ်စင်တို့ ပါဝင်သည်ကို တွေ့ရှိရပေသည်။ ရှေးခေတ်ကာလမှ ကြေးသွန်းပညာရှင်တို့၏ ကြေးစပ်ရာတွင် ပါဝင်ခဲ့သောပမာဏကို ကိုယ်တိုင်ကိုယ်ကျ သိမြင်နိုင်ခဲ့မှုအတွက် လွန်စွာပင် ဝမ်းမြောက်မိသည်။ ရွှေဆံတော်စေတီရင်ပြင်ရှိ ညောင်ရမ်းခေတ် ခေါင်းလောင်းတို့နှင့် ပါဝင်မှုဒြပ်စင်တို့ကို ယှဉ်ကြည့်ပါက Cu (copper) ကြေးနီ၊ Sn (tin) သံဖြူ၊ Pb (lead)ခဲ၊ As (Arsenic) စိန်အဆိပ်၊ Bi(Bismuth) ကြွပ်၊ Fe (Iron) ဒြပ်စင် တို့ပါဝင်သည်ကို တွေ့ရှိရပြီး Zn (zinc) သွပ် ဒြပ်စင်ပါဝင်မှု မရှိတော့ကြောင်းကို လေ့လာတွေ့ရသည်။ ဤအချက်သည် ညောင်ရမ်းခေတ်ကာလ တူသော်ငြားလည်း ဒြပ်စင်ကွဲပြားမှု ရှိနေသည်ကို တွေ့ရှိရသည်။ ခေါင်းလောင်း၏ ပုစွန်တုပ်ကွေးပုံစံချင်း မတူညီသော်လည်း ခြင်္သေ့ (သို့မဟုတ်) မနုဿီဟပုံစံ တို့မှာ ညောင်ရမ်းခေတ်ကာလမှ ပုံစံဖြစ်သည်ကို လေ့လာတွေ့ရှိရပေသည်။ ဤသို့သော အကြောင်းစုံကြောင့် ခေါင်းလောင်းမှာ ပြန်လည်ပြုပြင်လှူဒါန်းထားသော ခေါင်းလောင်းတစ်လုံးဖြစ်ကြောင်း လေ့လာသိရရှိသည်။ သို့သော်လည်း ပျူခေတ်ကာလမှ သွန်းလုပ်ခဲ့သော ခေါင်းလောင်းတစ်လုံးဖြစ်ကြောင်း တိကျသေချာစွာ ပြောနိုင်ရန်အတွက် သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ရဦးမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ခေါင်းလောင်းများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုလက်ရာဖြစ်သော ပန်းတဉ်းပညာများကို ဖော်ပြနေသကဲ့သို့ မြန်မာ့ဓလေ့၊ မြန်မာ့အစဉ်အလာများကို ပြသနေသည့် ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုများ ရောယှက်ပါဝင်နေသည့် အမွေအနှစ်များလည်း ဖြစ်သည်။ မြန်မာပြည်သူပြည်သားတို့၏ လူမှုသမိုင်း ပုံရိပ်များဖြစ်သည့်အတွက် ခေါင်းလောင်းစာပါ အထောက်အထားအရ ဒွတ္တပေါင်မင်းကြီး၏ ခေါင်းလောင်းကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါတော့သည်။
ကိုးကား - ပြည်ရွှေဆံတော်စေတီမှ ခေါင်းလောင်းစာများ (နိုင်ဝင်း)၊
- ကိုယ်တိုင်လက်တွေ့စမ်းသပ်စစ်ဆေး သုတေသနပြုလုပ်မှုရလာဒ် အဖြေများ