ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ပုံမှန် အစည်းအဝေးများ ပြန်လည်စတင် ကျင်းပ

နေပြည်တော် ၁၅ ဇန်နဝါရီ


ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့၏ သတ္တမ ပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီမှာ စတင် ကျင်းပလျက် ရှိပါတယ်။


ယခု ကျင်းပလျက် ရှိသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း ၆ ခုနှင့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း ၅ ခုကို မေးမြန်းသွားမှာဖြစ်ပြီး အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကြမ်းကို အတည်ပြုနိုင်ရန် ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ် ရယူသွားမှာ ဖြစ်ပါတယ်။

 
အလားတူ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အမျိုးသား လွှတ်တော်တွင် အတည်ပြုနိုင်ရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


မျိုးထက်ဦး(MDN)