ပလတ်စတစ်မသုံးစွဲရေး ပညာပေးမှုများနှင့်အတူ အပတ်စဉ် တနင်္ဂနွေနေ့ကို ပလတ်စတစ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်၍ အနယ်နယ်အရပ်ရပ်တွင် နှိုးဆော်ကြပ်မတ်လျက်ရှိကြောင်း သတင်းများတွင် တွေ့ရှိရသည်။ ပေါပေါများများထုတ်လုပ်၊ ပေါပေါများများ သုံးစွဲပြီး အလွယ်တကူစွန့်ပစ်နေကြသော ပလတ်စတစ်က လူများ၊ သတ္တဝါများကိုရော သဘာဝ ပတ်ဝန်းကျင်ကိုပါ အန္တရာယ်များစွာ ကျရောက်စေသည့် အရာဖြစ်သည်ကို ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ကြမှသာ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးမှသည် လုံးဝမသုံးစွဲတော့သည်အထိ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက် နိုင်မည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ပလတ်စတစ်သုံးစွဲမှု ကန့်သတ်ခြင်းကို အစပျိုးရုံမျှသာ ရှိနေချိန်တွင် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ နီပေါ၊ သီရိ လင်္ကာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အိန္ဒိယ စသည့်နိုင်ငံတို့တွင် ပလတ် စတစ်သုံးစွဲမှု လုံးဝပိတ်ပင် တားဆီးခြင်း၊ တစ်စိတ်တစ်ပိုင်း တားဆီးခြင်းတို့ ပြုလုပ်ထားပြီး ဖြစ်သည်။ ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ကျောက်မီးသွေး စသည့်တွင်းထွက်ပစ္စည်းများကို အခြေခံ၍ ထုတ်လုပ်ထားသည့် ပလတ်စတစ်နှင့် ပလတ်စတစ်အသုံး အဆောင်ပစ္စည်းများမှာ လူသားတို့၏ နေ့စဉ်ဘဝတွင် အကြီးအကျယ် နေရာယူထားသည်။ ပလတ်စတစ်မှ ထွက်ပေါ်လာသည့် ဓာတုပစ္စည်းများက အဆိပ်အတောက်များအဖြစ် လူ့ခန္ဓာကိုယ်များထဲသို့ ရောက်ရှိနေကြပြီး သွေးကြောများ၊ တစ်သျှူးများထဲတွင် တွေ့နိုင်သည်ဟုဆိုသည်။ ၎င်းဓာတု အဆိပ်အတောက်များကြောင့် ကင်ဆာရောဂါဖြစ်ပွားခြင်း၊ ဟော်မုန်း ပျက်စီးခြင်း၊ မွေးရာပါအင်္ဂါ ခြေလက်မစုံခြင်း၊ ကိုယ်ခံအား ကျဆင်းခြင်း စသည်တို့ ဖြစ်ပွားနိုင်သည်။ လူကိုအန္တရာယ်ဖြစ်စေသည့် ပလတ်စတစ်သည် ကုန်းနေရေနေသတ္တဝါများ၊ သားငှက်တိရစ္ဆာန်များကိုလည်း အန္တရာယ်ပေးသည်။ ပလတ်စတစ် အမှိုက်များကြောင့် ရေအရင်း အမြစ်များ၊ မြေဆီလွှာများပျက်စီးစေပြီး သစ်ပင်များ ပေါက်ရောက် ရှင်သန်မှုကိုလည်း အနှောင့်အယှက်ပေးသည်။
ပလတ်စတစ်အသုံးအဆောင်များကို စွန့်ပစ်လိုက်သည့်အခါ ၎င်းတို့သည် အလွယ်တကူ ဆွေးမြည့် ကျေပျက်သွားခြင်းမရှိဘဲ နှစ်ပေါင်းရာထောင် ဆက်လက်တည်တံ့နိုင်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ပလတ်စတစ်အိတ်သုံးစွဲမှုမှာ နှစ်စဉ် အိတ် အလုံးရေ ၅၀ဝ ဘီလီယံမှ ၁ ထရီလီယံအထိ ရှိမည်ဟု ခန့်မှန်းထားရာ ၁ ထရီလီယံတွင် ဘီလီယံ ၁၀ဝ၀ ရှိပြီး ကိန်းဂဏန်းဖြင့် ချရေးပါက ၁ နောက်တွင် သုည ၁၂ လုံးရေးရမည်ဖြစ်သည့် အတွက် မည်မျှကြီးမားသည့် ပမာဏ ဖြစ်သည်ကို သိရှိနိုင်သည်။ တစ်ကမ္ဘာလုံးက တစ်မိနစ်တိုင်းတွင် ပလတ်စတစ်အိတ် တစ်သန်း သုံးစွဲနေကြပြီး အမှိုက်အဖြစ် စွန့်ပစ်နေကြရာ မြေပြင်မှာရော သမုဒ္ဒရာကြီးများမှာပါ ပလတ်စတစ်အမှိုက်တို့က အန္တရာယ်ပြုနေကြပြီဖြစ်သည်။
မိမိတို့ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်၊ မြေပြင်ရေပြင်နှင့် ပင်လယ်ပြင်၊ ကမ်းရိုးတန်းများ တွင်လည်း ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်ဖြစ်ပေါ်နေပြီဖြစ်သည်။ ပလတ်စတစ်သုံးစွဲမှု လျှော့ချရာတွင် ပြန်လည်အသုံးပြုခြင်း၊ သုံးစွဲမှုလျှော့ချခြင်း၊ ပြန်လည်ထုတ်လုပ်သုံးစွဲခြင်းတို့ ပြုလုပ်ရန် အသိပညာပေးသကဲ့သို့ပင် ထုတ်လုပ်မှုအပိုင်းကိုလည်း ထိန်းချုပ်ကန့်သတ်မှု ပြုရန်နှင့် ပလတ်စတစ်အစားထိုး ထုတ်လုပ်မှုများ ဖွံ့ဖြိုးလာစေရန် အားပေး ကူညီ မြေတောင် မြှောက်ပေးခြင်းအားဖြင့် ရေရှည်တွင် ပလတ်စတစ်သုံးစွဲမှု လျှော့ချနိုင်ရေး အောင်မြင်စွာ အကောင်အထည်ဖော် နိုင်မည်ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း