နေပြည်တော် ဇွန် ၂၀

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး ပြည်သူများသို့ အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် နေပြည်တော်မြို့ပတ်လမ်းနှင့် ရွှေပြည်တော် ဝင်လမ်းထောင့်၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ နေပြည်တော်ကောင်စီဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ဇင်၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ နေပြည်တော် ကောင်စီဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင်တို့က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ပြည်သူ များသိရှိနိုင်စေရန်အတွက် ‘‘ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့” အသိပညာပေး ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက် တန်းကျောင်းမှ ဘင်ခရာအဖွဲ့ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လက်ကမ်းစာစောင်များနှင့် လှုံ့ဆော်ရေး အထောက်အကူပြုပစ္စည်းများကို တက်ရာက်လာကြသူများထံ ဖြန့်ဝေပေးကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာသူများ နှင့်အတူ မြေစိုက်ပိုစတာ စိုက်ထူပွဲအထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်တွင် နေပြည် တော်အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင် အောင်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက နေပြည်တော်အားကစားအသင်းများ အားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေနှင့် အားကစားသမားများရွေးချယ်မှု၊ လေ့ကျင့်မှုနှင့် အောင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဥက္ကဋ္ဌများက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း ကောင်း ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စွမ်းရတနာခန်းမ၌ ကျင်းပသည့်  နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။

ထို့နောက် ပျဉ်းမနားမြို့နယ်ပညာရေးမှူး ဦးတင်ဆန်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ၏ ကျောင်းတက်ရာခိုင်နှုန်း၊ တန်းစဉ်ကူးပြောင်းမှုရာခိုင်နှုန်းများနှင့် မြို့နယ်အ တွင်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအခြေအနေကို လည်းကောင်း၊ ထက်၊ လယ်၊ မူကျောင်း အုပ်ဆရာ၊ ဆရာမကြီးများက သက်ဆိုင်ရာကျောင်းများအလိုက် ပညာသင်ကြား ပေးနေမှုအခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုစန်းထံ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းစာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်စာစောင်များ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးရှိ မေတ္တာကန်သို့ရောက်ရှိပြီး အများပြည်သူ အပန်းဖြေအနားယူနိုင်ရန် ဆောင်ရွက်ထားရှိမှုနှင့် ကန်ပတ်ဝန်ကျင်တွင် ရာသီအလိုက်ပန်းပင်များ စိုက်ပျိုးထားရှိမှုကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်