ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမည့်နေ့ရက် တစ်ရက်ထက်တစ်ရက်    နီးကပ်လာပြီ ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် နေ့စဉ်အသိပေး နှိုး‌ဆော်လျက်ရှိသည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းမှ ရရှိလာမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်ခြင်းကြောင့် မှန်ကန်သည့် အချက်အလက်များ ဖြစ်ရန် အ‌ရေးကြီးသည်။

 

သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း၏ အနှစ်သာရမှာ မေးခွန်းများမေးမြန်းခြင်းနှင့် မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေကြားခြင်းပင်ဖြစ်သည်။ လာမည့်အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်အထိ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်ကို စာရင်းစစ် စာရင်းကောက် ၄၂၀၀၀ ခန့်ဖြင့် ကောက်ယူသွားမည်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်း ပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုတို့ကို မေးမြန်းသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ သန်းခေါင်စာရင်း စာရင်းကောက်များက တက်ဘလက်ကိုယ်စီကိုင်ကာ အိမ်တိုင်ရာ‌ရောက် လာရောက် မေးမြန်းကြမည့် မေးခွန်းများတွင် မိမိတို့၏ကိုယ်ရေး အချက်အလက်များပါဝင်လျက်ရှိရာ ယင်းမေးခွန်းများအပေါ် သံသယရှင်းရှင်း စိုးရိမ်ကြောင့်ကြမှုကင်းစွာဖြင့် မှန်မှန်ကန်ကန်ဖြေကြရန် လိုသည်။ စာရင်းကောက်များမေးမြန်းကြသည့် အချက်အလက်များသည် သန်းခေါင်စာရင်းအတွက် သက်သက်သာဖြစ်ပြီး ပြည်သူများ၏ကိုယ်‌ရေးအချက်အလက်များ လုံခြုံမှုနှင့်စပ်လျဉ်း ၍ ၂၀၁၃ ခုနှစ် လူဦး‌ရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေက အကာအကွယ်ပေးထားပြီး ဖြစ်သည်။

 

သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် နိုင်ငံ၏လူဦးရေ သက်သက်မျှကိုသာမက လူမှုစီးပွားဘဝ အခြေအနေအရပ်ရပ်တို့ကို  လက်ရှိအချိန်ကာလနှင့်အညီ မှန်ကန်စွာသိရှိနိုင်မည်ဖြစ်ရာ ယင်းအချက်အလက်များက မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲခြင်း၊ ဘဏ္ဍာငွေခွဲ‌ဝေခြင်း၊ သယံဇာတများခွဲ‌ဝေခြင်း၊  အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ သုတေသနများ ဆောင်ရွက်ခြင်း စသည်တို့တွင် မပါမဖြစ်အသုံး ပြုကြရမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ် လူဦး‌ရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှာမူ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ရန်အတွက် အခြေခံလိုအပ်ချက် ဖြစ်သည့် မဲစာရင်း တိကျမှန်ကန်စေရေးတွင် အသုံးပြုနိုင်မည်ဖြစ်ရာ သန်းခေါင်စာရင်း လုပ်ငန်းစဉ်များတွင် ပါဝင်သူတိုင်းနှင့်တကွ ပြည်သူတစ်ရပ်လုံးကပါ အလေးထားဆောင်ရွက်ကြရန် လိုသည်။

 

သန်းခေါင်စာရင်းအချက်အလက်များ မှန်ကန်ရေးသည် သန်းခေါင်စာရင်းမေးခွန်းများကိုဖြေဆိုသူ ပြည်သူတစ်ဦးချင်းစီ၏ မှန်မှန်ကန်ကန်၊ ပြည့်ပြည့်စုံစုံဖြေကြားမှုအပေါ်တွင် တည်မှီ နေခြင်းဖြစ်ရာ နိုင်ငံတော်နှင့် မိမိအပါအဝင် ပြည်သူတစ်ရပ်လုံး၏ အကျိုးအတွက် အမှန်အတိုင်းရိုးသားစွာ ဖြေဆိုကြရန် အလေးအနက် နှိုးဆော်တိုက်တွန်းလိုသည်။ ထို့အပြင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတစ်ဝန်းလုံးတွင် တစ်မျိုးသားလုံး ပါဝင်ပြီး ကိုယ့်ခွန်ကိုယ့်အားဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည့် အမျိုးသားရေး လုပ်ငန်းစဉ်ကြီး ဖြစ်သည့်အလျောက် နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသူ တိုင်းရင်းသားအားလုံး၏ စုစည်း ညီညွတ်မှုဖြင့် အမျိုးသားရေးတာဝန် ကျေပွန်ကြရပါမည့်အကြောင်း၊၊

 

မြန်မာ့အလင်း