နေပြည်တော် ဇန်နဝါရီ ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် အူရီဒူးမြန်မာမှ (B2B Director) Mr. Tiberius နှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အူရီဒူးမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသော သတင်းအချက်အလက် နည်းပညာနှင့်ပတ်သက်သည့် ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး သဘာဝဘေးနှင့်ပတ်သက်၍ သတင်းပေး၊ သတင်းယူလုပ်ငန်းများ၊ သဘာဝဘေးကျရောက်ချိန်တွင် ဘေးသင့်ဒေသရှိပြည်သူများနှင့် တိုက်ရိုက်ဆက်သွယ်၍ အပြန်အလှန်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ လူမှုဝန်ဆောင်မှုများပေးရာတွင် ခံစားခွင့်ရှိသူများထံ တိုက်ရိုက်ငွေကြေးထောက်ပံ့နိုင်သော နည်းလမ်းများနှင့် အူရီဒူးမြန်မာ၏ Corporate Social Responsibility (CSR) လုပ်ငန်းများကိုဝန်ကြီးဌာန၏ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပူးပေါင်းပါဝင်နိုင်ရန်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)