နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုများ အမြန်ဆုံးပြန်လည်ရရှိရေးသည် လက်ရှိကာလ မိမိတို့နိုင်ငံ၏  ပကတိ လိုအပ်ချက်ပင်ဖြစ်သည်။ လက်နက်ကိုင်သောင်းကျန်းသူများ အားကောင်းသည့် ဒေသများတွင် ၎င်းတို့၏ ဥပဒေမဲ့လုပ်ရပ်များ၊ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများမှာ နေအိမ်နှင့် ပစ္စည်းဥစ္စာများ၊ စီးပွားရေးအလုပ်အကိုင်များ စသည်တို့ကို ထားရစ်ခဲ့ရပြီး နေရပ်စွန့်ခွာတိမ်းရှောင်ကြရသည်။ ဘေးလွတ်ရာဒေသများတွင် ယာယီအားဖြင့် ခိုလှုံနေထိုင်နေကြရသည်။

 

လတ်တလောမတည်မငြိမ်ဖြစ်နေသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ပြည်တွင်းဒေသအချို့တွင်ဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်မှုများကိုကြည့်ပါက တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်‌သောင်းကျန်းသူ အဖျက်သမားအချို့နှင့် ပြည်ပ လက်ဝေခံ အဖွဲ့အစည်းအချို့တို့၏ ပကတိသရုပ်မှန်ကို တွေ့မြင်နိုင်သည်။ ၎င်းတို့၏ လုပ်ရပ်များသည် မြန်မာ နိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားတို့၏ အကျိုးစီးပွားတို့နှင့် ဆန့်ကျင်ကာ ၎င်းတို့၏ကိုယ်ကျိုး၊ ၎င်းတို့ အဖွဲ့အစည်း၏ အကျိုးအတွက်သာ ဆောင်ရွက်နေကြခြင်းဖြစ်သည်။ တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်သောင်းကျန်းသူ အကြမ်းဖက်သမားများမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်း၊ နိုင်ငံပိုင်သယံဇာတများကို ခိုးထုတ်ရောင်းချခြင်း၊ တရားမဝင် လောင်းကစားနှင့် ငွေလိမ် လုပ်ငန်းများလုပ်ကိုင်ခြင်း စသည်တို့နှင့်လည်း တစ်ဆက်တစ်စပ်တည်းပင်ဖြစ်နေရာ ဒေသခံ တိုင်းရင်းသား ပြည်သူများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ရိုက်/ သွယ်ဝိုက် ပတ်သက်မှုများ မပြုဖို့လိုသည်။

 

အချို့မြို့ရွာ‌ဒေသများတွင် အကြမ်းဖက်သောင်းကျန်းသူများ အဓမ္မဝင်ရောက်နေထိုင်လျက် ရှိကြရာတွင် ၎င်းတို့၏ လုံခြုံရေး၊ တပ်မတော်၏ တုံ့ပြန်တိုက်ခိုက်မှုများမှ အကာအကွယ်ရရေး အတွက် ပြည်သူကိုအသုံးပြုနေကြကြောင်း သိရှိရသည်။ ၎င်းအကြမ်းဖက်သောင်းကျန်းသူများမှာ အရပ်သားများအသွင် ဖြန့်ခွဲနေထိုင်ခြင်း၊ လူနေအိမ်များအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ ဌာနဆိုင်ရာ အဆောက်အအုံများတွင် ဝင်ရောက်နေထိုင်ခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း သတင်းများ ကြားသိရသည်။ ၎င်းတို့အကာအကွယ်ရရှိနိုင်ရန်အတွက် ယာယီနေရပ်စွန့်ခွာသွားသည့် ပြည်သူများကို ပြန်လာရန် ဆွဲဆောင်စည်းရုံးမှုအမျိုးမျိုးတို့ ပြုလုပ်လျက်ရှိကြသည့်အပြင် အသက်မပြည့်သေးသည့် ကလေးများပါမကျန် အတင်းအဓမ္မလူသစ် စုဆောင်းမှုများ ပြုလုပ်နေ ကြသည်။ နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းကို အခွင့်ကောင်းယူကာ နယ်မြေချဲ့ထွင်၍ မြို့ရွာများကို တိုက်ခိုက်လာခြင်းသည် ကြာရှည်လက်လွှတ်ထား၍မရဘဲ မဖြစ်မနေ ပြန်လည်တိုက်ခိုက်ရှင်းလင်း၍ နိုင်ငံတော်အချုပ်အခြာအာဏာ၏အောက်၊ တရားဥပဒေ စိုးမိုးမှု၏အောက်တွင် ပြန်လည်ထားရှ ပေးရမည်သာဖြစ်သည်။

 

နိုင်ငံတော်နှင့် နိုင်ငံသားများကို ပြည်တွင်း ပြည်ပအန္တရာယ်များမှ ကာကွယ်ပေးခြင်းသည် တပ်မတော်၏တာဝန်ဖြစ်သည်နှင့်အညီ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများကို လိုအပ်သည့် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်သူလူထုအနေဖြင့် မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် သတိပြုနေထိုင်ကြရန်လိုသည်။ အထူးသဖြင့် အကြမ်းဖက် သောင်းကျန်းသူများက ပြည်သူများကို လူသားတံတိုင်းအဖြစ် အသုံးပြုခြင်းမခံရစေရန်အတွက် ရှောင်တိမ်းနေထိုင်ကြရန်ပင်ဖြစ်သည်။ နိုင်ငံတစ်ဝန်း မြို့ရွာများ အေးချမ်းသာယာတည်ငြိမ် မှုရှိမှသာလျှင် ပြည်သူတို့၏ လူမှုဘဝများလုံခြုံမည်ဖြစ်ပြီး နိုင်ငံတော်၏ ရှေ့ဆက်ရမည့် ခရီးကိုလည်း အနှောင့်အယှက်ကင်းကင်းနှင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည့် အလျောက် အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမား တိုက်ခိုက်ချေမှုန်းရေးတွင် ပြည်သူတစ်ရပ်လုံး တက်တက်ကြွကြွ ပါဝင်ကြရပါမည့်အကြောင်း။

 

မြန်မာ့အလင်း