နေပြည်တော်   ၇  အောက်တိုဘာ

 

ပြည်သူ့အငှားအိမ်ရာ Public Rental Housing အခန်းပေါင်း (၁၀၀၀၀) တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမဆောင်မှ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ အမြဲတမ်း အတွင်းဝန်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး စက်မှု၊ လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် ၊ ပုဂ္ဂလိကလုပ်ငန်းရှင်အသင်းချုပ် (၃)ခုတို့မှ ဥက္ကဋ္ဌတို့က Video Conferen cing ဖြင့် ချိတ်ဆက်တက်ရောက်သည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ပြည်သူ့အငှားအိမ်ရာ စီမံကိန်းအခန်း (၁၀၀၀၀) စာချုပ်ကိစ္စရပ်များနှင့် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ယနေ့ အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း။

 

ပြည်သူ့အငှားအိမ်ရာစီမံကိန်းများ ဆောင်ရွက်နိုင်ရန် ပန္နက်များချပြီးဖြစ်၍ လုပ်ငန်းများစတင် အကောင်အထည်ဖော် နိုင်ရန်နှင့် ယနေ့အစည်းအဝေးတွင် စာချုပ်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အကြံပြုဆွေးနွေးပေးကြစေ လိုပါကြောင်း။

 

ပြည်သူ့အငှားအိမ်ရာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများနေထိုင်ရန် အဆင်ပြေ မည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းများကို အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မှီစွာ  အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ယနေ့အစည်းအဝေးသည် အိမ်ရာစီမံကိန်းများကို စတင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စာချုပ်များကို အတည်ပြုနိုင်ရန် ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ စာချုပ်များကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ပေးထားပြီးဖြစ်ပါကြောင်း၊ ယခုစာချုပ်ပါ အချက်များနှင့် ပတ်သက်၍ သဘောထားမှတ်ချက်နှင့် အကြံပြုချက်များကို ဆွေးနွေးပေးကြစေလိုပါကြောင်း။

 

စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ချမှတ်ထားသော ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွဲဝေပေးမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် လုပ်ငန်းများစတင်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ လုပ်ငန်းများအမြန်ဆုံး ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ တိုင်းဒေသကြီးဝန်ကြီး ဒေါ်နီလာကျော်နှင့် ဦးဇာနည်အောင်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝိတ်၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများက ပြည်သူ့အငှားအိမ်ရာ စီမံကိန်းစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး သဘောတူညီမှုရယူပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။


 
သတင်းစဉ်