စက်တင်ဘာ ၈
မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်-၁၉ ကူးစက်ပျံ့နှံ့နေမှုသည် ယခု ရက်ပိုင်း၌ သိသိသာသာ မြန်ဆန်လာပါသည်။ ရခိုင်ပြည်နယ်၌ ပိုးကူးစက်မှုများပြားမြန်ဆန်ရာမှ ဂရုတစိုက် ထိန်းချုပ်ကန့်သတ်မှုများကြောင့် အတော်ပင်တည်ငြိမ်လာသည်ဟုဆိုရပါမည်။ သို့သော်လည်း တစ်နိုင်ငံလုံးအနေဖြင့် တိုးမြင့်လာသည့် ကူးစက်ပြန့်ပွားနှုန်းမှာ တိုးတိုးလာနေသည့်အတွက် ရက်ပိုင်းအတွင်းမှာပင် ထောင်ကျော်လာသည့်အဖြစ်သို့ ရောက်ခဲ့ပေသည်။ ။
ထိုသို့ ကူးစက်ပြန့်ပွားရာတွင် ရန်ကုန်နယ်နိမိတ်အတွင်း ပျံ့နှံ့မှုက လွန်စွာပင် သိသိသာသာ တိုးမြင့်လာ၏။ ရန်ကုန်သည် အနယ်နယ်မှ လူအမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် မြို့ဖြစ်၏။ မြို့ပြတိုးတက်ဖွံ့ဖြိုးမှု တို့တွင် တွေ့ရလေ့ရှိသည့် သဘာဝအတိုင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေး၊ ကုန်သွယ်ရေး၊ အနုပညာ အစရှိသည့် နယ်ပယ်တိုင်းအတွက် ထွန်းကားမြင့်မားရန် လမ်းစကို ရှာလိုသူတို့အဖို့ မြို့ပြများသည် မျှော်လင့်ချက်ဖြစ်၏။ ပြည်တွင်းတွင်သာမက နိုင်ငံတကာသို့ တစ်ဆင့်လှမ်းလိုသူတို့အတွက်သည်လည်း ရန်ကုန်သည် အိပ်မက်တစ်ခုသဖွယ်ဖြစ်နေ၏။ ထို့ကြောင့်ပင် အနယ်နယ်မှ လာရောက်အခြေချကြ၊ လမ်းစရှာကြ၊ ပညာသင်ကြရင်း မိမိ၏ အတတ်ပညာ အနုပညာ အရည်အသွေး၊ လုပ်ရည်ကိုင်ရည်တို့ကို အစွမ်းပြနိုင်မည့် လွင်ပြင်ကြီးတစ်ခုအလား ဖြစ်ပါ၏။ ဤသို့ဖြင့် ရန်ကုန်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ အနယ်နယ်အရပ်ရပ်မှသူတို့ဖြင့် စည်ကားနေသည့် မြို့ ဖြစ်နေ၏။ ယခုကဲ့သို့သော ကူးစက်ရောဂါ မျိုး ဝင်ရောက်လာသည့်အခါ ကူးစက်ရန် အခွင့်အလမ်းပိုများနေသလို ရန်ကုန်မှတစ်ဆင့် အခြားဒေသများသို့ ကူးစက်ပြန့်ပွားနိုင်သည့် ရင်းမြစ်ဒေသလိုလည်းဖြစ်နေ၏။ ထို့ကြောင့်ပင် ရန်ကုန်လူထုသည် သတိကြီးကြီးဖြင့် နေထိုင်ရင်ဆိုင်ကြရန် လိုပါသည်။ ။
ယခုဆိုလျှင် ရန်ကုန်မြို့ ရောဂါပိုးထိန်းချုပ်ရန် အတားအဆီး ပြုထားသည့် ကွာရင်တင်းစင်တာများနှင့် ဆေးရုံများတွင် ရောဂါပိုး ကူးစက်ခံထားရသည်ဟု သံသယရှိသည့်လူနာများ၊ နိုင်ငံရပ်ခြားမှ ဝင်ရောက်လာသည့်သူများ၊ ပိုးကူးစက်ခံရနိုင်ခြေရှိသူများ၊ ပိုးရှိသူတို့နှင့် အထိအတွေ့ရှိသူများ၊ ရောဂါပိုးရှိကြောင်း ဓာတ်ခွဲအတည်ပြုထားသူများ စသည်ဖြင့် အတော်ပင်များပြားနေပြီ ဖြစ်သည်။ ။
ထိုသို့သောသူများအတွက် နေထိုင်ရေး၊ ကုသရေး၊ စမ်းသပ် စစ်ဆေးရေး အစစသော လုပ်ငန်းရပ်များအတွက် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ ကူညီလုပ်ဆောင်ပေးနေသူများက ဝိုင်းဝန်းတာဝန်ယူ ဆောင်ရွက်ပေးနေရပါသည်။ အချိန်အားဖြင့် ရှစ်လခန့်ကြာ တာဝန်ယူဆောင်ရွက်နေရသည်ဖြစ်သည့်ပြင် ဝန်နှင့်အား မမျှတမှုလည်း ရှိနေသည်ဖြစ်ရာ ဝိုင်းဝန်းဆောင်ရွက်နေသူတို့မှာ များစွာပင်ပန်းနေပြီဆိုသည်ကို ကရုဏာစိတ်ဖြင့် စာနာကြရန်လည်း လိုပါမည်။ ထိုစာနာစိတ်ကို အရင်းခံ၍ မိမိတို့ကိုယ်ကိုယ် ပိုးကူးစက်ခြင်းမခံရအောင် သတိပြုနေထိုင်ခြင်းဖြင့်လည်းကောင်း၊ ကာကွယ်နိုင်မည့်နည်းလမ်းများ နှင့် စည်းကမ်းဥပဒေများကို လိုက်နာကြခြင်းတို့ဖြင့်လည်းကောင်း ကူညီကြရန် ဖြစ်ပါသည်။
ယခုလို ကပ်ရောဂါဘေးဖြင့် ရင်ဆိုင်နေရချိန်တွင် ကိုယ်ရေးကိုယ်တာ အဆင်မပြေဖြစ်ရသည့် အချို့သောကိစ္စများကို အတတ်နိုင်ဆုံး သည်းခံကြ၍ စည်းမျဉ်းများကို အလေးအနက်ထား စောင့်ထိန်းလိုက်နာကြခြင်းက မိမိတို့ တစ်ကိုယ်ချင်းအတွက်ရော၊ မိသားစုအတွက်သာမက နိုင်ငံနှင့် လူမျိုးအတွက်ကိုပါ များစွာအထောက်အကူဖြစ်ပါမည်။
ကိုဗစ်ရောဂါပိုးသည် မည်သူ့ကိုမဆို ဝင်ရောက်နိုင်သည့် ရောဂါပိုးဖြစ်၏။ တစ်ဦးဦးထံ၌ ရောဂါပိုးရှိနေသည်ကို ဓာတ်ခွဲစစ်ဆေးပြီးမှပြောနိုင်၏။ အချို့က ရောဂါပိုးရှိနေသော်လည်း မည်သည့်လက္ခဏာမှ မပြဘဲရှိနေကာ အခြားသူဆီသို့ ကူးစက်နိုင်၏။ ထို့ကြောင့် နေထိုင်မှု ပုံစံပေါ်တည်ကာ မိမိတို့ထံသို့ ရောဂါပိုး အချိန်မရွေးဝင်ရောက်လာနိုင်၏ ဆိုသည်ကို သတိထားကြရန်ဖြစ်ပါသည်။
အစိုးရိမ်တကြီးဖြစ်နေရန် မလိုအပ်သော်လည်း သတိရှိရှိဖြင့် နေထိုင်ကြခြင်း၊ ပြည်ပ သို့မဟုတ် ရောဂါပိုး ကူးစက်မှုများပြားနေသည့် ဒေသ တစ်ခုခုမှ ဝင်ရောက်လာသည်ကို သိလျှင်အနီးဆုံး ကျန်းမာရေးဌာနများကို အသိပေးအကြောင်းကြားခြင်းဖြင့် စာနာကူညီရာရောက်မည် ဖြစ်ပါသည်။ ပရဟိတ ဝိုင်းဝန်းသူများအဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊ အခြားသော ကျန်းမာရေးဆိုင်ရာ နေမှုထိုင်မှုဆိုင်ရာ လိုအပ်ပစ္စည်းများကို ဝိုင်းဝန်း ထောက်ပံ့ကြခြင်းဖြင့်လည်း ကူညီနိုင်ကြမည်လည်း ဖြစ်ပါသည်။ ။
အခြေခံ ကာကွယ်ရေးနည်းလမ်းများဖြစ်သော အိမ်တွင်းမှာသာ အတတ်နိုင်ဆုံး နေထိုင်ခြင်း၊ အပြင်ထွက်ရမည်ဆိုလျှင် မျက်နှာဖုံး နှာခေါင်းစည်း စသည်တို့ကို ဝတ်ဆင်ကြခြင်း၊ လက်ကို စနစ်တကျဖြင့် မကြာခဏဆေးကြောခြင်း၊ ပြင်ပသို့သွားရောက်ပါက အဝတ်အစားများကို ပြန်ရောက်သည်နှင့် လျှော်ဖွပ်ခြင်း၊ တစ်ခါသုံး နှာခေါင်းစည်းများကို အမှိုက်ပုံးအတွင်းသို့ စနစ်တကျစွန့်ပစ်ခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လူအချင်းချင်းကြား အနည်းဆုံး ခြောက်ပေခွာ နေထိုင်ကြခြင်း စသည်တို့ဖြင့် ဤကပ်ရောဂါ ဘေးကို ပြည်သူတို့ ညီညီညွတ်ညွတ် ရင်ဆိုင်ကြရပါမည်။ ပြည်သူ့အင်အားဖြင့် အခက်အခဲ အကျပ်အတည်းအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်း