ပြည်သူ့အတွက် စည်ပင်ဥပဒေပေါ်ပေါက်ရေး

နေပြည်တော် ၂၃ ဖေဖော်ဝါရီ

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေကြမ်းတစ်ခုထုတ်ပြန်သည်ကို သတိထားမိပါသည်။ လွှတ်တော်တွင် တင်ပြအတည်ပြုမည်ဟုလည်းသိရပါ၏။

 

ဥပဒေများရေးဆွဲပြဋ္ဌာန်းခြင်း၏ အနှစ်သာရမှာ အများပြည်သူ၏ အကျိုးစီးပွားကို မျှမျှတတဖြင့် ကာကွယ်ပေးရန်ဖြစ်သည်ဟု ယေဘုယျအားဖြင့် သဘောရပါသည်။ လူများစု၏အကျိုးစီးပွားကို အဓိကထားသလိုလူနည်းစု၏ အခွင့်အရေးကိုလည်း အသိအမှတ်ပြုရသည်ဖြစ်သဖြင့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းတော့မည်ဆိုလျှင် အသေးစိတ်စဉ်းစားရပါ၏။ ထို့အတူ ခြုံငုံ၍လည်း ရှုမြင်ရန်လိုပါမည်။ ဘက်စုံ ရှုထောင့်စုံမှလည်း သုံးသပ်ရန်သင့်ပါ၏။

 

သည့်အတွက် ရှေ့မျိုးဆက်က လူကြီးများဆိုသကဲ့သို့ Law (လော) ရေးဆွဲရာတွင် မလောဖို့လိုသည်ဟု ဆိုရပါမည်။ အထူးသဖြင့်တော့ဥပဒေ၏ သက်ရောက်မှုကို တိုက်ရိုက်ဆက်ခံရမည့် ပြည်သူလူထု၏ သဘောဆန္ဒကို နားထောင်ရန်လည်း လိုမည် ဖြစ်ပါသည်။

 

ဘက်စုံထောင့်စုံမှ ရှုမြင်သုံးသပ်ရခြင်းဖြစ်သည့်အတွက် ဘက်စုံထောင့်စုံမှ နားလည်တတ်ကျွမ်းသော ပညာရှင်တို့နှင့်လည်း နှီးနှောဆွေးနွေးရန်လိုအပ်ပါမည်။ ဒီမိုကရေစီကင်းမဲ့သည့် ကာလများစွာကို ဖြတ်သန်းခဲ့ရသော နိုင်ငံဖြစ်သည့်အတိုင်း ပညာရှင်တို့၏ အကြံပြုဝေဖန်ချက်တို့ကို ဟန်ပြသဘောရယူအသုံးပြုခဲ့သည့် အလေ့အကျင့်တို့ကို သတိပြုရှောင်ကြဉ်ရန်လည်း လိုပါမည်။

 

လူများစုအကျိုးစီးပွားနှင့် လူနည်းစုအခွင့်အရေးကို အလေးထားရသည့်အတွက် အချို့သော ဥပဒေများမှာ ပြည်သူလူထု သေသေချာချာနားလည်ပြီး သဘောတူညီကြရန်လိုပါ၏။ 

 

နိုင်ငံတကာထုံးတမ်းအရ မြို့ပြစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများကို ရေးဆွဲရာတွင် မြို့ပြ၏ အနာဂတ်ပုံစံကို ချမှတ်ပြီး ရေးဆွဲကြသည်။ မိမိတို့မြို့ကို စီးပွားရေးမြို့တော်အဖြစ် အဓိကဖြစ်စေချင်သည်လား၊ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းသည့် မြို့တော်အသွင်လား၊ စက်မှုလက်မှုမြို့တော်လား၊ နိုင်ငံ၏ ဂုဏ်ယူစရာနိမိတ်ပုံ မြို့တော်လား စသည်ဖြင့် မြို့ပြပုံသဏ္ဌာန်ကို ရှေးရှုချမှတ်ကြပါသည်။ မြို့တော်စည်ပင်သာယာရေးဥပဒေဆိုသည်မှာ မြို့တော်ပုံမှန်လည်ပတ်နေပြီး နေချင်စဖွယ်မြို့တော်၊ သန့်ရှင်းပြီး မြို့နေသူများ ကျန်းမာရေး၊ ကိုယ်စိတ်လုံခြုံရေးတို့ဖြစ်နေဖို့ စီမံခန့်ခွဲထိန်းသိမ်းရန်အတွက် ပြဋ္ဌာန်းသတ်မှတ်ရပါသည်။

 

ယခင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေက ယခင်ရန်ကုန်မြို့ကို ဦးတည်ခဲ့တာဖြစ်သည့်အတွက် ယနေ့ကာလ၊ အနာဂတ်မျှော်မှန်းချက်တို့နှင့် ကွဲလွဲသွေဖည်မှုများ ရှိနေမည်ဟု ယူဆပါသည်။သည့်အတွက်ပဲ ဥပဒေသစ်များ ရေးဆွဲပြဋ္ဌာန်းရန် ကြိုးစားနေကြရခြင်းဖြစ်သည်ဟု ရှုမြင်ပါ၏။

 

ထို့ပြင် ယနေ့ ရန်ကုန်မြို့၏ အကျပ်အတည်း အခက်အခဲများကို စနစ်တကျဖြေရှင်းရမည့် နည်းလမ်းများကို ထည့်သွင်းစဉ်းစားချက်များလည်း ပါဝင်ရန် လိုအပ်ပါမည်။ မြို့ပြများ၏ ကျပ်တည်းနေမှု၊ ခက်ခဲမှုများကို ဖြေလျှော့ရန် မြို့သစ်များ ချဲ့ထွင်ရန် လိုအပ်ပါကလည်း ပြည်ထောင်စုတစ်ခုလုံးနှင့် ယှဉ်တွဲစဉ်းစားစီမံရန် လိုပါမည်။ မြို့တစ်မြို့ တိုးချဲ့ဖွံ့ဖြိုးရေးဆိုသော်လည်း နိုင်ငံတစ်ခုလုံး၏ ဖွံ့ဖြိုးမှုနှင့် ဆက်စပ်နေပါသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေဆိုသော်လည်း ကျယ်ပြန့်သည့် ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ရှုမြင်စဉ်းစားသော အမြင်ရှိရပါမည်။မြို့တစ်မြို့တည်း ကွက်စဉ်းစားဖို့မသင့်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးအတွက် ခြုံငုံသုံးသပ်မှု လိုအပ်ခြင်း ဖြစ်ပါသည်။ထို့ကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေဟု ဆိုသော်လည်း ပြည်ထောင်စု တစ်ခုလုံးနှင့် ယှဉ်တွဲဆန်းစစ်ရမည့် ဥပဒေဖြစ်ပါသည်။

 

ရေးဆွဲပြဋ္ဌာန်းထားသည့် ဥပဒေကို အကောင်အထည်ဖော်မည့်တာဝန်ခံများ၏ အရည်အချင်းနှင့် အကန့်အသတ်များကိုလည်း ဥပဒေတွင် ထည့်သွင်းရေးဆွဲရမည်ဖြစ်ပါသည်။

 

အချုပ်အားဖြင့်ဆိုရလျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေရေးဆွဲပြဋ္ဌာန်းဖို့က လွယ်ကူလှသည်မဟုတ်တာ သေချာပါ၏။ ဥပဒေရေးဆွဲနေသူတို့ တာဝန်ယူဆောင်ရွက်နေရသည့် လုပ်ငန်းမှာ အလွန်အရေးကြီးသလောက် ကြိုးကြိုးပမ်းပမ်း အားထုတ်ရမည်လည်းဖြစ်၏။ပြည်သူလူထုကလည်း ဝိုင်းဝန်းကူညီကာ ဝေဖန်အကြံပြုကြရမည်ဟု ယူဆပါ၏။ ပြည်သူ့အစိုးရခေတ်မှာ ပြည်သူလူထုအကျိုးကို ရှေးရှုသောဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ပါစေသတည်း။

 

ကြေးမုံ