နေပြည်တော် ၉ မေ 

 


ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

 

သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို အများပြည်သူသိရှိရန်အတွက် နိုင်ငံပိုင်မီဒီယာများဖြစ်သည့် ပုံနှိပ်မီဒီယာများ၊ ရုပ်သံမီဒီယာများမှ ထုတ်ပြန်ပေးလျက် ရှိပါကြောင်း၊ ထို့ပြင် အများပြည်သူသိရှိရန်အတွက် ပုဂ္ဂလိက ပြင်ပမီဒီယာပေါင်းစုံမှတစ်ဆင့် အများပြည်သူသို့ သတင်းစကားပေးနိုင်ရန်အတွက် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပါကြောင်း၊ သတင်းစကားပေးသည်ဆိုရာတွင် မိမိတို့ ဆောင်ရွက်ချက်များကို အများပြည်သူသိရှိရန် သတင်းစကားပေးသကဲ့သို့ ယင်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပို၍ တိတိကျကျ၊  ပြည့်ပြည်စုံစုံ   ဆွေးနွေးမေးမြန်နိုင်ရန်အတွက် သတင်းစာရှင်းလင်းပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်း။
    

 

မကြာမီက ယခုခန်းမ၌ မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ သတင်းမီဒီယာများနှင့်  အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်တို့  တွေ့ဆုံပြီး အဓိကဆွေးနွေးသည့် အကြောင်းအရာမှာ သတင်း မီဒီယာများအနေဖြင့် မဏ္ဍိုင်သုံးရပ်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းခွင့်ရရန်၊ သတင်းအချက်အလက်ရရန်၊ တွေ့ဆုံခွင့်ရရန် တနည်းထိတွေ့ခွင့်ရရန်အတွက် ဆွေးနွေးသည်များ  ရှိပါကြောင်း၊ ထိုကဲ့သို့ ဆွေးနွေးသည့်အခါ သိချင်သည်များကို မေးမြန်းပါက ဖြေကြားရန်နှင့် အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ရန်လည်း ပါဝင်ပါကြောင်း။ 
    

 

မိမိတို့အနေဖြင့် ဝန်ကြီးဌာနများ၏ သတင်းစာရှင်းလင်းပွဲများကို ရက်တစ်ရာမှစ၍ ပြုလုပ်ခဲ့ပြီး  တစ်နှစ်တာ၊ နှစ်နှစ်တာကာလ  လုပ်ငန်းဆောင်ရွက်ပြီးစီးသည်များကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါကြောင်း၊ ယနေ့တွင် တတိယတစ်နှစ်တာအတွင်း  ဆောင်ရွက်ခဲ့သည့်ကိစ္စများနှင့် ပတ်သက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ရှင်းလင်းတင်ပြရန်ရှိပြီး နောက်ရက်များတွင်လည်း သတ်မှတ်သည့် ရက်များအလိုက် သတင်းစာရှင်းလင်းပွဲ ၉ ကြိမ် ဆက်၍ပြုလုပ်ရန်ရှိပါကြောင်း။ 
    

 

နတ္

 

ယနေ့ သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်သည့် အကြောင်းအရာများကို မေးမြန်းနိုင်ပြီး နောက်ထပ်ဆက်လက်၍ ယခုအကြောင်းအရာများဖြစ်စေ၊ အခြားအကြောင်းအရာများဖြစ်စေ  သိလိုပါက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူများကိုလည်း ဆက်သွယ်၍ မေးမြန်းကြရန်ဖြစ်ပါကြောင်း။
    

 

မိမိတို့အနေဖြင့် သတင်းစာရှင်းလင်းပွဲဓလေ့နှင့်  သတင်းရယူမှုတိုးတက်စေရန်အတွက်  ဆောင်ရွက်လာသည်မှာ အရင်ကထက်စာပါက  တိုးတက်မှုရှိလာသည်ဟုမြင်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် သတင်းသမားများနှင့် သတင်းဖြန့်ချိပေးရမည့် ဌာနအသီးသီးမှ တာဝန်ရှိသည့် ပုဂ္ဂိုလ်များနှင့်လည်း ထိတွေ့မှုတော်တော်များလာသည့်အတွက် ရင်းနှီးမှုများလည်း ရှိလာပါကြောင်း၊  လူပုဂ္ဂိုလ်ချင်းလည်း သိရှိကြပြီး  ဖုန်းနံပါတ်များလည်း ရှိပါကြောင်း၊ သို့ဖြစ်၍ သတင်းကိစ္စများနှင့် ပတ်သက်ပြီး  ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ပြောကြားသည်။ 

 


ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက စာရင်းစစ်ရုံးအဆင့်ဆင့်နှင့် စစ်ဆေးရမည့် အဖွဲ့အစည်းအရေအတွက်သည် ရုံးချုပ်မှ စစ်ဆေးရမည့်  အဖွဲ့အစည်းအရေအတွက် ၁၈၃ ခု၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတွင် ၁၈၄၄ ခု၊ နေပြည်တော်ကောင်စီတွင် ၃၅၉ ခု စုစုပေါင်း ရုံးအရေအတွက် ၃၈၈  ခုတွင် စစ်ဆေးရမည့် အဖွဲ့အစည်းအရေအတွက် ၁၅၄၃၄ ခုရှိပါကြောင်း။

 


ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၁၁ အရ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ တာဝန် ၂၇ ခုရှိပြီး အဓိကတာဝန်များသည် ပုဒ်မ၁၁ (ခ)-ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင် ရာဥပဒေပါပြဋ္ဌာန်းချက်များအရ နိုင်ငံတော်၏ အရအသုံးစာရင်းများကိုစစ်ဆေးခြင်း၊ အရအသုံး ခန့်မှန်းခြေငွေစာရင်းပါရငွေများကို ပြည့်ဝစွာရရှိစေရန်ဆောင်ရွက်ထားခြင်း ရှိ၊မရှိစစ်ဆေးခြင်း၊ အရအသုံးခန့်မှန်းခြေငွေစာရင်းပါ သုံးစွဲခွင့်ပြုထားသည့်ငွေကြေးများကို ထိရောက်စွာ အသုံးပြုမှုရှိ၊ မရှိ စစ်ဆေးခြင်းတို့ဖြစ်ပြီး ပုဒ်မ ၁၁(င)-သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေသည် မူလရည်ရွယ်ချက် သို့မဟုတ် ရည်မှန်းချက် ဖြစ်မြောက်စေမည့် အခြေအနေမျိုး ရှိ၊ မရှိ စစ်ဆေးခြင်း၊ ပုဒ်မ ၁၁(စ)- ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့သည် တည်ဆဲဘဏ္ဍာ ရေးစည်းမျဉ်းများအရ သတ်မှတ်ထားသည့် စာရင်းထားသိုပုံနည်းစနစ်နှင့်အညီ ကျင့်သုံးခြင်းရှိ၊မရှိ စစ်ဆေးခြင်း၊ ပုဒ်မ ၁၁ (ဆ)-ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့၏ စီမံကိန်းနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများသည် ပြည်သူများအတွက် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိ၊မရှိ စစ်ဆေးခြင်း၊ ပုဒ်မ (ဇ) - ပိုင်ရှင်မဲ့ပစ္စည်းများ၊ ဖမ်းဆီးသိမ်းယူထားသည့် ပစ္စည်းများ၊ ပြည်သူပိုင်အဖြစ်ကြေညာ၍ သိမ်းယူထားသည့်ပစ္စည်းများ၊ ပိုင်ရှင်က တရားဝင်စွန့်လွှတ်ထားသည့် ပစ္စည်းများကို ပြည်သူပိုင်ပစ္စည်းများအဖြစ် သက်ဆိုင်ရာတို့က တရားဝင်စာရင်းသွင်းခြင်း ရှိ၊ မရှိ၊ ထိန်းသိမ်းခြင်းရှိ မရှိ၊ စနစ်တကျ အသုံးပြုခြင်း ရှိ၊ မရှိ၊ လိုအပ်သည့်ကိစ္စများတွင် စနစ်တကျ ထုခွဲရောင်းချ လွှဲပြောင်းပေးခြင်းရှိ၊ မရှိ စစ်ဆေးခြင်း၊ ပုဒ်မ ၁၁(ဈ)- ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အဖွဲ့အစည်း သို့မဟုတ် လုပ်ငန်းအဖွဲ့ အစည်းလုပ်ကိုင်မှုတွင် ကြီးကြပ်ကွပ်ကဲမှု၊ လုပ်ငန်းပိုင်းဆိုင်ရာ ထိန်းကွပ်မှုများဖြင့် ဆောင်ရွက်မှု၊ စီးပွားရေးစွမ်းဆောင်ရည်တိုးတက်မှု၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အကျိုးသက်ရောက်မှု၊ လုပ်ငန်းစည်းစနစ်ကျမှု၊ ဝန်ထမ်းများ အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်မှု၊ ငွေကြေးနှင့် ပစ္စည်းများကို အကျိုးရှိစွာအသုံးပြုနိုင်မှု စသည်တို့ကိုစစ်ဆေးခြင်း၊ ပုဒ်မ ၁၁ (ထ)-ပြည်ထောင် စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီစသည့်စာရင်းများဆိုင်ရာ ရငွေနှင့် ပေးငွေစာရင်းများကိုစစ် ဆေးခြင်း၊ ယင်းရငွေနှင့်ပေးငွေများကို တာဝန်ရှိသူများက စနစ်တကျကြီးကြပ်မှု၊ ထိန်းချုပ်မှု၊ ကွပ်ကဲမှုရှိမရှိ စစ်ဆေးခြင်းတို့ဖြစ်ပါကြောင်း။
    

 

အစီရင်ခံစာတင်ပြခြင်းအပိုင်းတွင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို ၂၀၁၈ ခုနှစ် ဧပြီ ၃၀ ရက်တွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့၍ ပြည်ထောင်စုစာရင်းစစ်ချုပ်မှ ၂၀၁၈ ခုနှစ် သြဂုတ် ၂၇ ရက်၌ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးပြီး ဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီးဖြစ်၍ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးနိုင်ရေးအတွက် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီမှ စိစစ်လျက်ရှိပါကြောင်း။

 


သဘောထားမှတ်ချက်များအနေဖြင့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန၊ အဖွဲ့အစည်း အသီးသီးမှ သဘောထားမှတ်ချက် တောင်းခံလာသည့် ငွေ၊ ပစ္စည်းနှင့် ရရန်ရှိသည်များ၊ ဆုံးရှုံးမှုအတွက် စာရင်းမှပယ်ဖျက်ရန်ကိစ္စအပါအဝင် ငွေကြေးနှင့် လုပ်ငန်းဆောင်ရွက်မှု ကိစ္စများနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ စာရင်းကိုင်မူများနှင့်အညီ စိစစ်ပြီး သဘောထားမှတ်ချက်များ ပြန်လည်ပေးပို့လျက်ရှိရာ တတိယ (၁)နှစ် တာကာလအတွင်း (၂၁၃)စောင် ပြန်ကြားပေးပို့နိုင်ခဲ့ပါကြောင်း။

 


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မဟာဗျူဟာ လုပ်ငန်းစီမံချက်အနေဖြင့် ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံးရည်မှန်းချက်များကို ရရှိစေရေးအတွက် မဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂)ကို ရေးဆွဲနိုင်ခဲ့ပြီး ယင်းမဟာဗျူဟာစီမံချက်အရ နှစ်အလိုက်လုပ်ငန်းစီမံချက်အဖြစ် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့အတွက် ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုစီမံချက်အရ ISSAI အခြေပြုဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လုပ်ငန်း ဆောင်ရွက်မှုစစ်ဆေးခြင်း၊ ဥပဒေစည်းမျဉ်းစည်းကမ်း လိုက်နာမှုစစ်ဆေးခြင်း၊ လက်စွဲများ ရေးသားပြုစုခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ Pilot Audit များ ဆောင်ရွက်ခြင်း၊ နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ (IPSAS) သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးနှင့် လိုက်နာကျင့်သုံး နိုင်ရေးအတွက် Training Material များပြုစုခြင်း၊ သင်တန်းများတွင် ထည့်သွင်းသင်ကြားခြင်း၊  Internal Audit Division ကို တိုးတက်အောင် ဆောင်ရွက်ခြင်း၊ Quality Assurance Review  လမ်းညွှန်ထုတ်ပြန်ရန် ဆောင်ရွက်ခြင်း၊ နိုင်ငံခြားသို့ပညာတော်သင်၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများစေလွှတ်ခြင်းနှင့် ဆင့်ပွားသင်တန်းများပို့ချ ခြင်း၊ e-Government စနစ်အကောင် အထည်ဖော်ရန် ရုံးတွင်း ICT Related သင်တန်းများ စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ASEANSAI ၊ ASOSAI ၊ INTOSAI အဖွဲ့အစည်းများ၏  လုပ်ဆောင်မှုများ (Activities) များတွင် ပါဝင်ခြင်း၊ နိုင်ငံတော်၏ e-Government စနစ် အကောင်အထည်ဖော်မှုတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အနေဖြင့်လည်း Website Upgrade ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။ 
    

 

နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေတွင် စစ်ဆေးရေး လုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံးနှင့်လည်း ပူးပေါင်းဆောင်ရွက်မှု သဘော တူညီချက် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါကြောင်း။
    

 

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ကမ္ဘာ့ဘဏ် (World Bank)၊ ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(GIZ)၊ ဥရောပသမဂ္ဂ(EU)တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဥပဒေ(Legal) ပိုင်းနှင့် စပ်လျဉ်း၍ Independence , Mandate နှင့် Legislation တို့အတွက် ပြည်သူ့ငွေစာရင်းပူးပေါင်းမှုကော်မတီ (JPAC)၊ ဥရောပသမဂ္ဂ(EU)တို့နှင့် ပူးပေါင်း ပြီး Workshop များကျင်းပခဲ့ပါကြောင်း။
    

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်း (Financial Audit)၊ လိုက်နာမှု စစ်ဆေးခြင်း (Compliance  Audit)၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း (Performance Audit) စသည်တို့ကို ISSAI နှင့်အညီ ဆောင်ရွက်နိုင်ရေး နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲများနှင့် လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းများကျင်းပကာ ISSAI နှင့်အညီ လက်တွေ့စမ်းသပ်စစ်ဆေးခြင်း (Pilot Audit) များကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
    

 

အဆိုပါ (Pilot Audit) များအပြင်အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေဖြင့် ဆောင်ရွက်သော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မအူပင်-ဖျာပုံ-ကျိုက်လတ်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဓါတ်အားဖြန့်ဖြူးရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့၏ ဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေး၍အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါကြောင်း။
    

 

နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးနှင့်ပူးပေါင်း၍ လိုက်နာမှုစစ်ဆေးခြင်း နည်းလမ်းဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (ရုံးချုပ်)၏ ၂၀၁၅-၂၀၁၆ နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တို့အတွက် ခိုင်ကြေးရငွေ (Royalty) ရရှိမှု၊ စီမံခန့်ခွဲမှုကော်မတီ၊ ပူးတွဲစီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီများ၊ ကျွမ်းကျင်မှုဆိုင်ရာ ပူးတွဲကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှုနှင့် ကန်ထရိုက်တာများ၏ ဘဏ္ဍာရေးရှင်းတမ်းများကို စာရင်းစစ်ဆေး၍ အစီရင်ခံစာတင်ပြခြင်းတို့နှင့် စပ်လျဉ်း၍ စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိစစ်ဆေး၍ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါကြောင်း။
    

 

ဥရောပသမဂ္ဂ (EU) ၏ အကူအညီဖြင့် ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်း (၈) ခု၏ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေး ရှင်းတမ်းများကို စစ်ဆေးအစီရင်ခံစာထုတ်ပြန် ခဲ့ပါကြောင်း။
    

 

နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ နည်းပညာအကူအညီထောက်ပံ့ပေးမှု သဘောတူညီချက်အရ ISSAI နှင့်အညီ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဆေးဝါးဖြန့်ဖြူးမှုလုပ်ငန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်ရေပေးဝေမှုလုပ်ငန်းတို့တွင် လက်တွေ့ စမ်းသပ်စစ်ဆေးရန် ကြိုတင်ပြင်ဆင်သည့်အဆင့် (Pre-Planning) ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
    

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသောသင်တန်းများ အနေဖြင့် အခြားဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် စာရင်းပညာဝန်ဆောင်မှု သင်တန်းများအနေဖြင့် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းကို နေပြည်တော်သင်တန်းကျောင်းသာမက တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်ရုံး(၄)ခု၊ အလယ်အလတ်နှင့် အဆင့်မြင့် စာရင်းကိုင်သင်တန်းများကို နေပြည်တော် သင်တန်းကျောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း)နှင့် (ဒုတိယပိုင်း) သင်တန်းများကို နေပြည်တော်သင်တန်းကျောင်းနှင့် ရန်ကုန်သင်တန်းကျောင်း တို့တွင်ဖွင့်လှစ်ပြီး နှစ်စဉ်ဝန်ထမ်း ပေါင်း  (၁၀ဝ၀) ကျော်ကို သင်ကြားပို့ချပေးနိုင်ခဲ့ပါကြောင်း။
    

 

လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း)နှင့် (ဒုတိယပိုင်း) သင်တန်းများကို ရန်ကုန်သင်တန်းကျောင်းတွင် ဖွင့်လှစ်ပြီး နှစ်စဉ်သင်တန်းသား  ၃၀ဝ  ကျော်ကို သင်ကြားပို့ချပေးနေခြင်းကြောင့် နိုင်ငံအတွက် အဆင့်မြင့်စာရင်းပညာရပ်များ တတ်ကျွမ်းသည့် စာရင်းပညာရှင်များကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါကြောင်း။ 
    

 

မြန်မာနိုင်ငံစာရင်းကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် မြန်မာနိုင်ငံစာရင်း ကောင်စီဥပဒေ(၂၀၁၅)ကို ပြင်ဆင်သည့်ဥပဒေကို ၂၀၁၉ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၅) ဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် ပြဋ္ဌာန်းနိုင်ပါကြောင်း၊  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် သုံးနှစ်တာကာလအတွင်းမှာ Professional Body ဖြစ်သည့် MICPA ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုးတက်ဖြစ်ပေါ်မှုရှိစေရေး ပဲ့ကိုင်ထိန်းကျောင်းခြင်း၊ စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်ခွင့်ပြုခြင်း၊ အရည်အချင်းပြည့်လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ တိုးပွားရေးအစီအမံများ တိုးချဲ့ဆောင်ရွက်ခြင်း၊ ကိုယ်ပိုင်သင်တန်း ကျောင်းများနှင့် သင်တန်းဆရာများ အရေအတွက် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
    

 

စာရင်းဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံ (IFRS)ကို ၂၀၂၂-၂၀၂၃ ကစပြီး လိုက်နာကျင့်သုံးနိုင်ရေးအတွက် အမိန့်ကြော်ငြာစာကို ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်နိုင် ခဲ့ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ရှေ့ကာလများတွင် ပြင်ဆင်ပြောင်းလဲထားသည့် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
    

 

မြန်မာနိုင်ငံစာရင်းကောင်စီသည် ပုဂ္ဂလိကစာရင်းကဏ္ဍနှင့် စာရင်းပညာရှင်များကို ကြီးကြပ်ထိန်းကျောင်းသည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် ခေတ်ကာလနှင့် လျော်ညီသည့် ပြုပြင်ပြောင်းလဲတိုးတက်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်မှုများသည် မြန်မာ့စီးပွားရေးနယ်ပယ်တွင် နိုင်ငံတကာနှင့်အညီ စာရင်းပညာ၊ အခွန်နှင့်ဘဏ္ဍာရေးဆိုင်ရာ စီမံအုပ်ချုပ်မှုကိစ္စရပ်များ ဖြစ်ထွန်းပေါ်ပေါက်မှုအတွက် အထောက်အကူ ပြုနိုင်ခဲ့ပါကြောင်း။
    

 

ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအနေဖြင့် IT Audit ဆောင်ရွက်နိုင်ရေးအတွက် IT Infrastructure များ ဖြည့်ဆည်းခြင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု Public Finance Management (PFM) စီမံကိန်းအရ Mini Data Centre (MDC) ဝယ်ယူတည်ဆောက်၍ အချက်အလက်များ မျှဝေသုံးစွဲနိုင်ရေး Knowledge Platform တစ်ခုတည်ဆောက်ခြင်း၊ Audit Management System ကျင့်သုံးနိုင်ရေး ဆောင်ရွက်ခြင်း၊ Window Based မှ Web Based သို့ အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိသည့် Government Accounting System (GAS) Software ကို နေပြည်တော်တွင်သာမက တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးများတွင် အသုံးပြုနိုင်ရန်နှင့် နေပြည်တော်နှင့်  တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးများကြား Video Conferencing System ကိုအသုံးပြု၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများ၊ အစည်းအဝေးများ ပြုလုပ်နိုင်ရေးတို့ကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိခြင်း၊ ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း (Financial Audit)၊ လိုက်နာမှုစစ်ဆေးခြင်း (Compliance  Audit)၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း (Performance Audit)တို့ကို ISSAIနှင့်အညီ ဆောင်ရွက်နိုင်ရေး နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံ (IPSAS) များနှင့် အညီလိုက်နာကျင့်သုံးနိုင်ရေး၊ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊ ကော်မတီများဖွဲ့စည်းခြင်းနှင့် သင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းသည်။

 


ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညိုက “ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် နယ်စပ်ဒေသများ၏ဖွံ့ဖြိုးရေးကို ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ပေးခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျကျန်ခဲ့ရသဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ်ပြည်မ အကြားအလပ်မရှိစေရေးအတွက် အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်ပေးရန်” ဟူသော မဟာဗျူဟာအရ နယ်စပ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
    

 

အဓိကလုပ်ငန်းတာဝန်ကြီးနှစ်ရပ်သည် နယ်စပ်ဒေသများ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ပြီး  လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရေး၊ နယ်စပ်ဒေသတွင် နေထိုင်သည့် လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ ဖြစ်ပါကြောင်း။
    

 

နယ်စပ်ဒေသများဖွံ့ဖြိုးရေး၊ ပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိရာတွင် လမ်း၊ တံတားများတည်ဆောက်ခြင်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးဆောင်ရွက်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဆောင်ရွက်ခြင်းနှင့် လိုအပ်သည်များ ထောက်ပံ့ပေးခြင်း၊ နယ်စပ်ဒေသများမီးလင်းရေးအတွက် လျှပ်စစ်မီး၊ ဆိုလာမီး၊ အင်ဂျင်မီးဆောင်ရွက်ပေးခြင်း၊ နယ်စပ်ဒေသတွင်ရှိသည့် IDPs များ၊ အလင်းဝင်များနှင့် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအတွက် စားနပ်ရိက္ခာ၊ လူ့အသုံးအဆောင်များ ထောက်ပံ့ခြင်း၊ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးခြင်းတို့ကိုလည်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း။
    

 

နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းများကိုအဓိကအားဖြင့် နယ်စပ်မျဉ်းနှင့် ထိစပ်နေသည့် ပြည်နယ်  ၇  ခု၊ တိုင်းဒေသကြီး  ၂   ခု၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ တိုင်း   ၆   ခုမှ မြို့နယ်ပေါင်း  ၁၆၇  မြို့နယ်၊ ကျေးရွာပေါင်း သုံးသောင်းကျော်တွင် မြေလမ်း  ၆၀၈  မိုင်၊ ကျောက်လမ်း   ၃၁၉   မိုင်၊ ကတ္တရာလမ်း  ၄၃   မိုင်၊ ကွန်ကရစ် လမ်း (၃)မိုင်၊ ကွန်ကရစ်ရေ ကျော်  ၃  စင်း၊ မြေထိန်းနံရံ  ၁၉  ခု၊ လမ်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း  ၁၅  မိုင်၊ တံတားကြီး၊ လတ်၊ ငယ်  စုစုပေါင်း  ၁၉၁   စင်း၊ Box Culvert   ၁၈၃   စင်း၊ ရဟတ်ယာဉ်ကွင်း   (၁၅) ကွင်း၊ မူလတန်းကျောင်း (၂၂) ကျောင်း၊ အလယ်တန်းကျောင်း  (၅) ကျောင်း၊ အထက်တန်းကျောင်း (၂) ကျောင်း၊ ဆေးရုံ (၁)ရုံ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ  (၃) ခု၊ ဆည် (၃) ဆည်၊ စိုက်ပျိုးရေသွယ်ယူခြင်း (၃) မိုင်၊ သောက်သုံးရေရရှိရေးလုပ်ငန်း (၃၀) ခု၊ ကျေးရွာ အရောက် စိမ့်စမ်းရေသွယ်ယူခြင်း (၉၉) မိုင်၊ အဝီစိတွင်း (၃၀)၊ မြေသားရေကန် (၁၃၈) ကန်၊ အုတ်ရေကန် (၈၄) ကန်၊ အုတ်စီရေတွင်း (၃) တွင်း၊ ရေတံလျှောက်နှင့် ဖိုင်ဘာ ရေတိုင်ကီ (၇၀ဝ) လုံး၊ရေအားလျှပ်စစ်လုပ်ငန်း (၈) ခု၊ လျှပ်စစ် မီးသွယ်တန်းခြင်း (၃၁) မိုင်၊ ဆိုလာ မီးလင်းရေး (၁,၇၃၅) စုံ၊ ထရန်စဖော်မာ (၂) လုံး၊ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေး (၃၃၁) လုံး၊ ဝန်ထမ်းအိမ်ရာ (၁၄)လုံးတို့ကို အစိုးရ၏တတိယ တစ်နှစ်တာအတွင်း ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း။
    

 

ထို့ပြင် နယ်စပ်ဒေသများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းသည်နှင့်အမျှ ဖွံ့ဖြိုးမှုများနောက်ကျရသည့်အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိရာ မဂွေဇ-ခေါင်လန်ဖူးလမ်းကို ဖောက်လုပ်ဆောင်ရွက်လျက်ရှိပါကြောင်း။ 
    

 

ယခင်က မဂွေဇမှ ခေါင်လန်ဖူးအထိ (၆၅) မိုင် (၄) ဖာလုံခရီးမှာ ရှန်ငေါတောင်တန်း ကိုကျော်ရပြီး (၁၂) ရက်မှ (၁၃) ရက်အထိ ခြေကျင်ခရီးသွားလာကြရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် ရာသီဥတုကြမ်းတမ်းမှုကြောင့် ဒေသခံတိုင်းရင်းသားများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများသည် ခရီးသွားလာရင်း အသက်ဆုံးရှုံးခဲ့ရမှုများ လည်းရှိခဲ့ပါကြောင်း။

 


ထို့ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနက နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ လမ်းညွှန်မှုနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ တပ်မတော်စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းနှင့် ရဝမ်ဌာနေပြည်သူ့စစ်တို့ပူးပေါင်းပြီး အထူးကိစ္စတစ်ရပ်အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ကာ လေးနှစ်စီမံကိန်းနှင့် မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅) မိုင် (၄) ဖာလုံကို ရာသီမရွေးသွား လာနိုင်သည့်လမ်းအဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
    

 

ထို့ပြင် လမ်းပန်းဆက်သွယ်မှု အခက်ခဲဆုံးဒေသတွင် ပါဝင်သည့် ပန်နန်းဒင်မြို့သည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဆုံးမြို့ဖြစ်ပြီး ယင်းဒေသသည် ဧရာဝတီမြစ်၏ ရေဝေရေလဲဒေသဖြစ်ကာ  နောင်မွန်မြို့နယ်၊ ပန်နန်းဒင်အပါအဝင် ငါဝါ၊ ဂဝိုင်၊ ဒုံဇုံ၊ တဆူထု၊ တလာထု၊ ခရောင်၊ ဒဟွမ်ဒမ်း  ကျေးရွာများသည် ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်နယ်မြေအတွင်း ပါဝင်ကြောင်း၊ သို့သော် အဆိုပါကျေးရွာများသည် အစွန်အဖျားဒေသများ ဖြစ်သည်နှင့်အညီ ခြေကျင်လမ်းသာရှိပြီး ဖွံ့ဖြိုးတိုးတက်မှု များစွာနောက်ကျနေသည့် ဒေသများဖြစ်ကြောင်း၊ ထို့ကြောင့် နယ်စပ်ရေး ရာဝန်ကြီးဌာနက ယင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည့် ပန်နန်းဒင်- ငါဝါ- ဂဝိုင်- ဒုံဇုံ- တဆူထု- တလာထု- ခရောင်- ဒဟွမ်ဒမ်းလမ်း (၆၃) မိုင်ကို ယခု ဘဏ္ဍာနှစ်က စတင်ကာ မြေသားလမ်း စတင်ဖောက်လုပ်နေပြီဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပါက ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ခြင်းနှင့်အတူ သဘာဝ အခြေခံခရီး သွားလုပ်ငန်း(Ecotourism)လည်း တိုးတက်လာမည်ဖြစ်ပါကြောင်း။
    

 

ထို့ပြင် ရေရရှိရေးဆောင်ရွက်ပေးမှုအနေဖြင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာအုပ်စု ရေရရှိရေးစီမံကိန်းသည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ထူးထူးခြားခြား ဆောင်ရွက်ပေးနိုင်ခဲ့သည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး ပန်ပက်ကျေးရွာအုပ်စု လွိကထိကျေးရွာအနီး ပေ (၁၀ဝ) အနက်ရှိ မြေအောက်ဂူရေထွက်မှ ရေစုပ်ပန့်များနှင့် Ground Tank သို့ ရေစုပ်တင်ကာ တောင်အမြင့်ရှိ ရေစုကန်များသို့ တွန်းတင်သည့်စနစ်ဖြင့် ရေတင်ပြီး ၎င်းမှတစ်ဆင့် Gravity System ဖြင့်ကျေးရွာပေါင်း ခုနစ်ရွာကို ပေးပို့နိုင်ခဲ့ပါကြောင်း။
    

 

ဒုတိယအဆင့်ထပ်တွန်းစက်ရုံများဖြင့် တောင်ထိပ်များသို့ ထပ်မံရေတင်ပြီး ကျေးရွာငါးရွာကို ထပ်မံပေးပို့နိုင်ပြီး တတိယအဆင့် ထပ်တွန်းစက်ရုံများဖြင့် တောင်ထိပ်များသို့ ထပ်မံရေတင်ပြီး ကျေးရွာငါးရွာကို ဆက်လက်ဖြန့်ဝေပေးလျက်ရှိရာ စုစုပေါင်းဧရိယာ စတုရန်း မိုင်(၅၀)အတွင်းရှိ ကျေးရွာပေါင်း (၁၇) ရွာကိုသန့်ရှင်းသော သောက်သုံးရေ၊ စိုက်ပျိုးရေ ဖြန့်ဝေပေးနိုင်ခဲ့ပါကြောင်း၊ ရေရရှိရေးစီမံကိန်းအတွက် ဆက်စပ်လုပ်ငန်းများဖြစ်သည့် ပင်မရေပိုက်လိုင်းနှင့် ရေဖြန့်ဝေပိုက်လိုင်း (၁၃/၅)မိုင်သွယ်တန်းခြင်း၊ ရေကန်(၃၈)လုံး တည်ဆောက်ခြင်း၊ ရေစုပ်ပန့်၊ ရေတင်ပန့်၊ ရေစက်ရုံနှင့်ရေတား တမံများတည်ဆောက်ခြင်း၊ ၁၀ဝ KVA ထရန် စဖော်မာနှင့် ၅၀ KVA ထရန်စဖော်မာများ တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ဒေသခံများအတွက် ကြီးမားသော အကျိုးရရှိသည့်ရလဒ်တစ်ခု ဖြစ်ပါကြောင်း။
    

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုစီမံကိန်း(၂) ခု၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း (၁၁) ခုရှိပြီးအဆိုပါ စီမံကိန်းများအနက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်း စီမံကိန်း (Education  for  Peace  and  Development-EPD) ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။
    

 

အဆိုပါ စီမံကိန်းကို ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် မြောက်ပိုင်း)တွင် ၂၀ဝ၂ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ခုနှစ်အထိ စာသင်ကျောင်း (၃၀ဝ) တည်ဆောက်ခြင်းနှင့် စာသင်ကျောင်း (၉၂) ကျောင်းပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း။
    

 

စီမံကိန်းစတုတ္ထအဆင့်အဖြစ် ၂၀၁၈ ခုနှစ် ၂၀၂၃ ခုနှစ်အထိ (၅) နှစ်ကာလတွင် စာသင်ကျောင်း ၁၂၀ တည်ဆောက်ခြင်းနှင့်စာသင်ကျောင်း ၅၀ ပြုပြင်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်မြောက်ပိုင်း) အပြင်ကယားပြည်နယ် ခုနစ်မြို့နယ်တွင်လည်း တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
    

 

စီမံကိန်းစတုတ္ထအဆင့်၏ ပထမနှစ်အတွက်စာသင်ကျောင်း (၂၂)ကျောင်း ဆောက်လုပ်ခြင်းနှင့် စာသင်ကျောင်း (၁၀)ကျောင်း ပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်၍ ၂၀ဝ၂ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီအထိ စုစုပေါင်း စာသင်ကျောင်း (၃၁၀) တည်ဆောက်ခြင်းနှင့် (၁၀၂) ကျောင်း  ပြုပြင်ခြင်းတို့ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါကြောင်း။
    

 

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများအနေဖြင့်  နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်လူရွယ်များအတွက် အခြေခံ၊ အဆင့်မြင့်ပညာရပ်များနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးပြီး လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက် နှစ်ရပ်ဖြင့် ၁၉၉၉ ခုနှစ် ဇွန် (၃၀) ရက်တွင် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနကို စတင်ဖွင့်လှစ်ခဲ့ပါကြောင်း။
    

 

ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနကို ရုံးချုပ်၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ရုံး (၉) ရုံး၊ ခရိုင်ရုံး (၉) ရုံး၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (၄၅)ကျောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (၉)ကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (၅ဝ)ဖြင့် ဖွဲ့စည်းထားရှိပြီး နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

 


အခြေခံပညာကဏ္ဍတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (၄၅)ကျောင်း ဖွင့်လှစ်ထားပြီး ပြီးခဲ့သည့်တတိယတစ်နှစ်တာ ကာလတွင် ဆိုက်ခေါင်သင်တန်းကျောင်း တစ်ကျောင်းကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ အဆိုပါ သင်တန်းကျောင်းများတွင် ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိသည့် နယ်စပ်ဒေသမှ မိဘမဲ့၊ မိမဲ့၊ ဖမဲ့ ဆင်းရဲနွမ်းပါးလူငယ်များကို ၅ တန်းမှ ၁၀ တန်းအထိ နေထိုင်စားသောက်ရေးနှင့် ပညာသင်ကြားရေးအားလုံးကို အခမဲ့တက်ရောက်စေခဲ့ပါကြောင်း၊ ယင်းသင်တန်းကျောင်းတွင် ယနေ့အထိ စုစုပေါင်းကျောင်းသား ကျောင်းသူ  ၂၉၄၇၀  ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ၂၃၆၇ ဦးကိုလည်း တက္ကသိုလ်အဆင့်မြင့် ပညာရပ်များ ဆက်လက်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင်မူ လူငယ်သင်တန်းကျောင်း (၄၅)ကျောင်းတွင် ကျောင်းသားကျောင်းသူ  ၆၆၇၉ ဦး တက်ရောက်ပညာသင်ကြားလျက် ရှိပါကြောင်း။

 


အဆင့်မြင့်ပညာကဏ္ဍတွင်လည်း ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (၁)ကျောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (၂) ကျောင်း၊ ဗဟိုလေ့ကျင့်ရေးကျောင်း (၁)ကျောင်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း။
    

 

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၆၄ ခုနှစ်မှ ယနေ့အထိ စုစုပေါင်း ၁၃၃၀၄ ဦး မွေးထုတ်ပေးခဲ့ပြီး တတိယ တစ်နှစ်တာကာလအတွင်း ပညာရေးဘွဲ့ ၁၆၅ ဦး၊ မဟာပညာရေးဘွဲ့ ၁၁ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ကျောင်းဆင်းသင်တန်းသား၊ သင်တန်းသူများကို ပညာရေးဝန်ကြီးဌာနတွင် အထက်တန်းပြရာထူးဖြင့် ဆရာ၊ ဆရာမများအဖြစ် ခန့်အပ်ပေးပြီး တိုင်းရင်းသားလူမျိုးအလိုက် မိမိတို့၏ သက်ဆိုင်ရာဒေသများတွင် တာဝန်ပြန်လည် ထမ်းဆောင်စေလျက်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်း ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း ပထမနှစ်မှ ပဉ္စမနှစ်အထိ ၁၆၂၉ ဦး၊ မဟာပညာရေးဘွဲ့ နှစ်နှစ်သင်တန်းတွင် ၂၅ ဦး စုစုပေါင်း ၁၆၅၄ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိပါကြောင်း။ 
    

 

ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)ကို နယ်စပ်ဒေသမှ တိုင်းရင်းသားလူငယ်များ ဘွဲ့ရပညာတတ်များ ဖြစ်လာစေပြီး မိမိဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း။
    

 

ကျောင်းဆင်းကျောင်းသားများကို ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ အေဂျီတီအိုင်ဒီပလိုမာနှင့် အင်ဂျင်နီယာနည်းပညာဘွဲ့များ ပေးအပ်ချီးမြှင့်ပြီး အလုပ်ပါတစ်ပါတည်း ခန့်အပ်ပေးကြောင်း၊ ယနေ့အထိ ဝန်ကြီးဌာန  ၁၅  ခုနှင့် တိုင်းဒေသကြီး/ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ၎င်းတို့၏ သက်ဆိုင်ရာဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိရာ ယနေ့အထိ သင်တန်းဆင်း ကျောင်းသားဦးရေ  ၃၈၇၀ ကို  မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း။
    

 

ကျောင်းဆင်းကျောင်းသားများအနက် အရည်အချင်းပြည့်မီသူများကို ပါရဂူဘွဲ့၊ မဟာဘွဲ့များကို ဆက်လက်တက်ရောက်သင်ယူစေခဲ့ပြီး ယနေ့အထိ ပါရဂူဘွဲ့ (၃၂)ဦး၊ မဟာသုတေသနဘွဲ့ (၆၇) ဦး၊ မဟာသိပ္ပံဘွဲ့ (၁၆၉)ဦး၊ မဟာဝိဇ္ဇာဘွဲ့ (၇၇)ဦး၊ မဟာအင်ဂျင်နီယာဘွဲ့ (၅၇) ဦး၊ အင်ဂျင်နီယာဘွဲ့ (၁၉၉)ဦး စုစုပေါင်း (၆၀၁)ဦး မွေးထုတ်ပေး နိုင်ခဲ့ပြီးဖြစ်ကြောင်း။
    

 

ထို့ပြင် တိုင်းရင်းသူအမျိုးသမီးငယ်များကို အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာရပ်များ သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (၄၅) ကျောင်းကို ဖွင့်လှစ်ထားပြီး အခြေခံအိမ်တွင်းမှုသင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း၊ သိုးမွေးစက်ဆွဲသင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်းများနှင့် ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်းများ သင်ကြားပေးလျက်ရှိပါကြောင်း။
    

 

တတိယတစ်နှစ်တာကာလအတွင်း အိမ်တွင်းမှုသင်တန်းကျောင်း (၄၅) ကျောင်းတွင် သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၀၁၀ ကို လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။ 

 


ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (National Electrification Plan-NEP)အရ ၂၀၂၁ ခုနှစ်တွင်  အိမ်ထောင်စုပေါင်း (၅၅ ရာခိုင်နှုန်း)၊ ၂၀၂၆ ခုနှစ်တွင်  (၇၅ ရာခိုင်နှုန်း) နှင့် ၂၀၃၀ ခုနှစ်တွင် (၁၀ဝ ရာခိုင်နှုန်း) လျှပ်စစ်မီးအပြည့်အဝရရှိရေး ဦးတည်ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရေး၊ Proper Generation Mix ဖြစ်လာရေးအတွက် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင်ခြင်း၊ ရေအားလျှပ်စစ်စီမံကိန်းများအား စီမံချက်များရေးဆွဲတည်ဆောက်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့်  နေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိခြင်း၊ စက်ရုံအသစ်များတည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများတိုးချဲ့ တည်ဆောက်ခြင်း၊ ဓာတ်အားဖြန့်ဖြူးရေးအပိုင်းတွင် အဆင့်မြင့်နည်းပညာနှင့်တန်ဖိုးကြီး ခေတ်မီပစ္စည်းများ အသုံးပြု၍ စွမ်းရည်နှင့် လုံခြုံမှုအားမြှင့်တင်ခြင်း စသည်တို့ကို ပြည်ထောင်စုဘဏ္ဍာငွေ၊ မိတ်ဖက်အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှု၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရတို့၏ နှစ်အလိုက်ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်၍ စီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း၊ ပြည်တွင်း လိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရေးအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးကို နိုင်ငံတကာကုမ္ပဏီများဖြင့် ပူးပေါင်းဆောင်ရွက်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် ရေတိုရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 


တတိယ(၁)နှစ်တာကာလအတွင်း လျှပ်စစ်ကဏ္ဍ တိုးတက်ဆောင်ရွက်နိုင်ခဲ့မှုများ အနေဖြင့် လျှပ်စစ်ဓာတ်အား (Energy) ထုတ်လုပ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ယူနစ် သန်း (၂၂၃၂၀) ရှိပြီး ၃ နှစ်တာကာလအတွင်း နှစ်စဉ် ၁၂ ရာခိုင်နှုန်း တိုးတက်ဖြန့်ဖြူးနိုင်ခဲ့ကာ တတိယနှစ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးသည် ၃၇၀ဝ မဂ္ဂါဝပ်ဖြစ်ပါကြောင်း၊ ဓာတ်အားပေးစက်ရုံအသစ်များ တည်ဆောက်ပြီးစီးမှုအနေဖြင့် ၂၂၅ မဂ္ဂါဝပ်နှင့် ၉၀ မဂ္ဂါဝပ်ရှိ မြင်းခြံသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ ၂ ရုံ၊ ၁၄၅ မဂ္ဂါဝပ်ရှိ ကျောက်ဆည်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ ၁၁၈ ဒသမ ၉ မဂ္ဂါဝပ်ရှိ သထုံသဘာဝဓာတ် ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ၊ ၃ ဒသမ ၂ မဂ္ဂါဝပ်ရှိ အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံ၊ ၄ မဂ္ဂါဝပ်ရှိ ရာဇဂြိုလ်ရေအားလျှပ်စစ်စက်ရုံတို့ကို တည်ဆောက်ပြီးစီးခဲ့သည့်အတွက် စုစုပေါင်း ၅၈၆ မဂ္ဂါဝပ် တိုးချဲ့ထုတ်လုပ် ဖြန့်ဖြူးနိုင်ခဲ့ပါကြောင်း။

 


မဟာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ပြီးစီးမှုအနေဖြင့် ၂၃၀ ကေဗွီ မှ ဝ ဒသမ ၄ ကေဗွီအထိ ဓာတ်အားလိုင်း (စုစုပေါင်း ၃၀၁၅ မိုင်)၊ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံ (၁)ခု၊ ၆၆ ကေဗွီခွဲရုံ (၂၉)ခု၊ ၃၃ ကေဗွီခွဲရုံ (၁၀)ခု၊ ၁၀/ဝ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ (၄၃၃၈) လုံးတို့အား တည်ဆောက်ပြီးစီးခဲ့သဖြင့် စုစုပေါင်း ၂၆၈၈ MVA တိုးချဲ့ တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။
  

 

(၁)နှစ်တာကာလအတွင်း မြို့(၉)မြို့၊ ကျေးရွာ (၂၄၄၀)ရွာတို့မှာ အိမ်ထောင်စု (ဝ ဒသမ ၅၂) သန်းအား ဓာတ်အားစနစ်မှ လျှပ်စစ်မီးတိုးချဲ့ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး လက်ရှိ လျှပ်စစ်မီးသုံးစွဲသူ အိမ်ထောင်စုပေါင်း (၄ဒသမ ၈)သန်းခန့် (တစ်နိုင်ငံလုံး၏ ၄၄ ရာခိုင်နှုန်း) ရှိပြီဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးတွင်  ကျေးရွာပေါင်း ၆၃၂၇၇ ရွာရှိသည့် အနက် (၅၄ ရာခိုင်နှုန်း) ဖြစ်သည့်  ၃၄၁၄၆ ရွာတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိပါကြောင်း။

 


တတိယ(၁)နှစ်တာ ကာလအတွင်း စွမ်းအင်ကဏ္ဍ တိုးတက်ဆောင်ရွက်နိုင်ခဲ့မှုများ အနေဖြင့် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များ ရှာဖွေတူးဖော်ထုတ်လုပ်နိုင်မှု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ကုန်းတွင်းပိုင်းတွင်  ရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးတွင်း (၂၃)တွင်းနှင့် ပူးပေါင်းကုမ္ပဏီများမှ (၁၇)တွင်း စုစုပေါင်း (၄၀)တွင်း တူးဖော်ခဲ့ပြီး၊ ရေနံစိမ်းစည် (၂ ဒသမ ၃၁) သန်းနှင့်  သဘာဝဓာတ်ငွေ့ (၁၉၀၁၉) ကုဗပေသန်းထုတ်လုပ်နိုင်ခဲ့ပြီး၊ ပူးပေါင်းဆောင် ရွက်လျက်ရှိသည့်  နိုင်ငံတကာကုမ္ပဏီများမှ ကမ်းလွန်ပိုင်းတွင်  (၄၆)တွင်းတူးဖော်ခဲ့ပြီး ရေနံ (လေဆီ)စည် (၁ ဒသမ ဝ၂)သန်းနှင့်  သဘာဝဓာတ်ငွေ့ကုဗပေ (၆၀၄၈၁၈) သန်း ထုတ်လုပ်နိုင်ခဲ့ပါကြောင်း။

 


မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့် ကုန်းတွင်းနှင့်ကမ်းလွန် စုစုပေါင်း ရေနံစိမ်းစည် (၃ ဒသမ ၃၂) သန်းနှင့်  သဘာဝဓာတ်ငွေ့ (၆၂၃,၈၃၈) ကုဗပေသန်း ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ လစ်လပ်လျက်ရှိသော ကုန်းတွင်းပိုင်းလုပ်ကွက် (၁၈)ကွက်နှင့်  ကမ်းလွန်လုပ်ကွက် (၁၅)ကွက်တို့အားရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေမှုများကို တိုးမြှင့် ဆောင်ရွက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူမှုကို မကြာမီဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) လုပ်ငန်းတိုးတက်မှုအနေဖြင့်  ၂၀၁၈ ခုနှစ်  မေ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ရှိမော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG)အရောင်းဆိုင်တွင် ကိုရီးယားနိုင်ငံထုတ် Kwang Shin စက်သစ်ကြီးများဖြင့် အစားထိုးလဲလှယ် တပ်ဆင်၍အသုံးပြုနိုင်ခဲ့ပါကြောင်း။

 


မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့အထိ စုစုပေါင်းမော်တော်ယာဉ်အစီးရေ ၂၈,၂၉၉ စီးတို့ကို သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်အဖြစ် ပြောင်းလဲတပ်ဆင်ပေးနိုင်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၄၁ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ ဆိုင်၊ ရေနံချောင်းမြို့နယ်တွင် ၂ ဆိုင်နှင့် ချောက်မြို့နယ်တွင် ၁ ဆိုင် စုစုပေါင်း မြန်မာတစ်နိုင်ငံလုံးတွင် ၄၆ ဆိုင်အား ဖွင့်လှစ်၍ (၂၄)နာရီပတ်လုံး ပိတ်ရက်မရှိ ရောင်းချပေးလျက် ရှိပါကြောင်း။

 


CNG သုံး ခရီးသည်တင်ယာဉ်များ အသုံးပြုနိုင်ရန် ရေနံမြေများမှ ထွက်ရှိသော ကုန်းတွင်းသဘာဝဓာတ်ငွေ့ဖြင့်သာ နေ့စဉ် ကုဗပေ ၂၃ သန်းကျော်အထိ ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ နိုင်ငံပိုင်စက်ရုံများတွင် ရေနံဓာတ်ငွေ့ရည် LPG မက်ထရစ်တန် (၈,၈၅၈) တန်၊ CNG (၇,၂၄၉) ကုဗပေသန်းနှင့် ယူရီးယားဓာတ်မြေသြဇာ (၁၂၇၉၄၁) မက်ထရစ်တန် ထုတ်လုပ်ဖြန့်ဖြူးခဲ့ပါကြောင်း။
    

 

ရေနံဓာတ်ငွေ့ရည် LPG အား အိမ်သုံးနှင့် လုပ်ငန်းသုံးအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပိုပိုသုံးစွဲနိုင်ခြင်းဖြင့် Biomass ခေါ် ထင်း၊ မီးသွေးသုံးစွဲမှုလျော့ကျပြီး၊ ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းခြင်းနှင့် သစ်တောပြုန်းတီးမှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်တဲ့အတွက် ပုဂ္ဂလိကမှ LPG ကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံဆောင်ရွက်ရေးအတွက် ဝန်ကြီးဌာနမှ လုပ်ငန်းလိုင်စင်(၇)မျိုး သတ်မှတ်၍ လုပ်ကိုင်ခွင့်ပြုလျက်ရှိရာမှာ ယနေ့အထိ လိုင်စင် (၆၉၁)ခု ထုတ်ပေးပြီးဖြစ်ကြောင်း။
    

 

လက်ရှိနိုင်ငံပိုင်ရေနံချက်စက်ရုံများမှ ရေနံစိမ်းမက်ထရစ်တန် (၂၅၁၅၀၉)တန် ချက် လုပ်ခဲ့ပြီး၊ ဓာတ်ဆီ (၆၇၀၈၀) မက်ထရစ်တန်၊ ဒီဇယ် (၁၁၀၂၄၂) မက်ထရစ်တန်အား ပြည်တွင်းသို့ ဖြန့်ဖြူးပေးခဲ့ပါကြောင်း၊ နိုင်ငံတစ်ဝှမ်းရှိ ပုဂ္ဂလိကစက်သုံးဆီ သိုလှောင်ကန်စခန်းများနှင့် စက်သုံးဆီအရောင်းဆိုင်များမှ သိုလှောင်ဖြန့်ဖြူးရောင်း ချသည့်စက်သုံးဆီများ၏ အရည်အသွေးနှင့် အခြင်အတွယ်မှန်ကန်ပြည့်ဝမှုရှိစေရေးအတွက် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွဲ့စည်းထားပြီးဖြစ်သည့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီများက ရှောင်တခင်ဝင်ရောက်စစ်ဆေး၍ စက်သုံးဆီနမူ နာများကိုရယူပြီး ဓာတ်ခွဲခန်းသို့ ပေးပို့စမ်းသပ်စစ်ဆေးဆောင်ရွက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဏာနှစ်အတွင်း စစ်ဆေးသည့်အကြိမ်ပေါင်း (၂၆) ကြိမ်၊ အရောင်းဆိုင် (၇၈)ဆိုင်အား စစ်ဆေးနိုင်ခဲ့ပြီး ယင်းတို့အနက် စက်သုံးဆီအရည်အသွေးနှင့် အခြင်အတွယ်ကိုက်ညီမှု မရှိသည့် အရောင်းဆိုင်(၂၁)ဆိုင်အား အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။
    

 

ပုဂ္ဂလိကလုပ်ငန်းရှင်ကုမ္ပဏီများမှ ပြည်ပမှစက်ဆီချောဆီ Brand Name အသစ်များ တင်သွင်းဖြန့်ဖြူးရန် ခွင့်ပြုပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ မတ်လအထိ ကုမ္ပဏီ(၃၂)ခုမှ Brand (၃၄)ခုအား ခွင့်ပြုထုတ်ပေးခဲ့ပြီး စုစုပေါင်းကုမ္ပဏီ (၃၄၉)ခုမှ Brand (၄၁၀)ခုအား ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 


ထို့နောက် တက်ရောက်လာသည့် သတင်းမီဒီယာများက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးရာတွင် ဝန်ကြီးဌာနများ၏ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု၊ စစ်ဆေးတွေ့ရှိမှု၊ စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာကို အများပြည်သူသိရှိအောင် ဆောင်ရွက်မည့် အစီအမံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဖြစ်ပွားခဲ့သည့် လယ်ဝေးမြို့နယ် ပညာရေးမှုးရုံး၏ ဝန်ထမ်းလစာပိုထုတ်မှု၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဥပဒေပြင်ဆင်ရေး၊ ရခိုင်ပြည်နယ်မြောက်ပိ်ုင်းတွင် ရဟတ်ယာဉ် ၁၅ကွင်း တည်ဆောက်ရေး၊ မဂွေဇ-ခေါင်လန်ဖူးလမ်းပိုင်း အဆင့်မြှင့်တင်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှိသည့် နယ်မြေများတွင် စီမံကိန်းတည်ဆောက်ရာ၌ EAO များနှင့်ပူးပေါင်းဆောင်ရွက်မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓါတ်အားပေး နေမှုနှင့် ဓာတ်အားမလုံလောက်မှု၊ ၂၀၂၀ တွင် လျှပ်စစ်ဓါတ်အားရရှိအောင် ကြိုတင်ပြင်ဆင်ထားမှု၊ မီတာခပြောင်းလဲကောက်ခံမည့်နှုန်းထား၊ CNG အရောင်းဆိုင်များတွင် သဘာဝဓါတ်ငွေ့ထုတ်ပေးနေမှု၊ ကရင်ပြည်နယ်ရှိ ကျောက်မီးသွေးစီမံကိန်းရပ်ဆိုင်းထားမှု အခြေအနေ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့် လျှပ်စစ်စွမ်းအင်စီမံကိန်း စသည့် တို့ကိုမေးမြန်းကြရာ သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 


(သတင်းစဉ်)