နေပြည်တော်  ၂၃  မေ

ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ပြည်သူ့အတွက် တတိယ(၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀ဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၆၊ ပုဒ်မခွဲ(က)အရ ပြည်ထောင်စုရာထူး ဝန်အဖွဲ့ ဥပဒေထုတ်ပြန်ပြီး နိုင်ငံ့ဝန်ထမ်းများ ရွေးချယ်ပေးခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ ပြောင်းရွှေ့ခန့်ထားခြင်း၊ လေ့ကျင့်ပေးခြင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အထောက်အကူပြုခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ဝန်ကြီးဌာန၊ အဖွဲ့အစည်းများတွင် လိုအပ်သော အရည်အသွေးမြင့် အရာထမ်းများကို ရွေးချယ်ပေးရာ၌ လူမှန်၊ နေရာမှန် (Right Person, Right Place) ဖြစ်စေရေး ယခင် အသုံး ပြုလျက်ရှိသော ဝင်ခွင့်ရေးဖြေစာမေးပွဲစနစ်တွင် ပထမအဆင့်အနေဖြင့် Screening Test ကို အသုံးပြု၍စစ်ဆေးကာ အောင်မြင်သူများကိုသာ ဒုတိယအဆင့်ရေးဖြေစာမေးပွဲကို ဆက်လက် ဖြေဆိုနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

Screening Test ဖြေဆိုနည်းစနစ်ကို လေ့လာနိုင်ရန်အတွက် Video ဖိုင်များ၊ ရာထူးကြော်ငြာများ၊ Screening Test ခုံအမှတ်စာရင်း/အောင်စာရင်းများ၊ ရေးဖြေစာမေးပွဲ ခုံအမှတ် စာရင်း/အောင်စာရင်းများ၊ ရွေးချယ်စာရင်းများကိုအဖွဲ့၏ Website: www.ucsb.gov.mm နှင့် Facebook Page ဖြစ်သည့် Union Civil Service Board Myanmar တို့တွင် ထုတ်ပြန်ပေးလျက်ရှိပါကြောင်း။

ဖြေဆိုမည့်သူ၏ မှတ်ပုံတင်အမှတ်ဖြင့် ခုံအမှတ်စာရင်းနှင့် ဖြေဆိုရမည့် စာစစ်ဌာနများကို Online စနစ်ဖြင့်ရှာဖွေနိုင်ရေးကိုလည်း ဆောင်ရွက်ထားရှိပါကြောင်း။

တတိယ(၁)နှစ်တာကာလအတွင်း ကြော်ငြာစာ (၄) စောင် ထုတ်ပြန်နိုင်ခဲ့ပြီး ဝန်ကြီးဌာန၊ အဖွဲ့အစည်း(၂၀)မှ လစ်လပ်ရာထူး (၆၄၂) နေရာအတွက် လျှောက်ထား သူ(၈၆၀၁) ဦး၊ ပဏာမအဆင့် Screening Test ဖြေဆို အောင်မြင်သူ (၂၁၈၃)ဦး၊ ဒုတိယအဆင့် ရေးဖြေစာမေးပွဲ ဖြေဆိုသူ (၂၀၂၅) ဦး၊ ရေးဖြေစာမေးပွဲ အောင်မြင်သူ (၆၁၁) ဦး၊ စိတ်အခြေအနေ နှင့် လူတွေ့စစ်ဆေးခြင်းခံယူသူ (၅၉၃) ဦး ရှိခဲ့ပါကြောင်း။

ကြော်ငြာစာအမှတ် (၁/၂၀၁၈) လစ်လပ်ရာထူး (၂၃၃) နေရာအတွက် (၂၂၇)ဦးကို လည်းကောင်း၊ ကြော်ငြာစာအမှတ်(၃/၂၀၁၈) လစ်လပ်ရာထူး (၁၈၈) နေရာအတွက် (၁၇၇) ဦးကို ရွေးချယ်ပေးခဲ့ပါကြောင်း၊ ကြော်ငြာစာအမှတ် (၁/၂၀၁၉) လစ်လပ်ရာထူး (၂၂၁) နေရာအတွက် ကြော်ငြာခေါ်ယူထားပါကြောင်း။

ကြော်ငြာစာအမှတ်(၂/၂၀၁၈)ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လက်ထောက် ဆရာဝန်နှင့် ဦးစီးအရာရှိ(သွားကျန်းမာ) လစ်လပ်ရာထူး(၂၁၅၀) နေရာအတွက် ရေးဖြေစာ မေးပွဲစစ်ဆေးခြင်းမပြုဘဲ လျှောက်ထားသူ (၁၂၉၉) ဦးအနက် စိတ်အခြေအနေနှင့် လူတွေ့ စစ်ဆေးခံယူရန် လာရောက်သူ (၁၁၄၅) ဦးအား တိုက်ရိုက် လူတွေ့စစ်ဆေး၍ (၁၁၄၅)ဦး ရွေးချယ်ပေးခဲ့ပါကြောင်း။

စိတ်အခြေအနေ စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအနေဖြင့် အဖွဲ့မှ ထုတ်ပြန်သည့် ကြော်ငြာစာ(၃)ခုအရ ဝန်ကြီး ဌာနနှင့် အဖွဲ့အစည်းများမှ လစာနှုန်း (ကျပ် ၂၇၅၀ဝ၀-၄၀ဝ၀-၂၉၅၀ဝ၀) အဆင့်လစ်လပ်ရာထူး (၂၅၇၁)နေရာအတွက် ရေးဖြေအောင်မြင်သည့် ဝန်ထမ်းလောင်း (၁၇၃၉) ဦးတို့အား စိတ်အခြေအနေ စစ်ဆေးခဲ့ပါကြောင်း။

ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ အကူအညီတောင်းခံမှုအရ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတို့အတွက် စုစုပေါင်း ဝန်ထမ်း(၇၁၅)ဦးတို့ကိုလည်း စိတ်အခြေအနေစစ်ဆေး ပေးခဲ့ပါကြောင်း။

ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ အမှုထမ်းများအား ပြန်တမ်းဝင်အရာရှိ ရာထူး သို့တိုးမြှင့်ခြင်းဆိုင်ရာ စိစစ်ထောက်ခံမှုအခြေအနေမှာ ဌာနတွင်းဝန်ထမ်းများ လုပ်သက် ပြည့် ရာထူးတိုးမြှင့်ပေးသူ  ဦးရေ(၈၂၉၆)ဦး၊ ဌာနတွင်း ဝန်ထမ်းများ လုပ်သက်လျှော့ အထူးကိစ္စဖြင့် ရာထူးတိုးမြှင့်ပေးသူ ဦးရေ(၅၈)ဦး၊ ပညာအရည်အချင်းကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ပေး သူဦးရေ(၂၇)ဦးတို့ ဖြစ်ပါကြောင်း။

ဒုတိယညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးအဆင့်များအား တစ်ဆင့်မြင့်ရာထူးနေရာ အသီးသီးသို့ ရာထူးတိုးမြှင့်ပေးနိုင်ရေးအတွက် အကဲဖြတ် မှတ်တမ်းများ၊ ယင်းအပေါ်မူတည်၍ ရေးဆွဲထားသော တန်းစီဇယားများကို ၂၀၁၆ ခုနှစ်တွင် တောင်းခံခဲ့ပြီး ယခုအခါ သတ်မှတ် သက်တမ်း (၂)နှစ်ကုန် ဆုံးချိန် နီးကပ်ပြီဖြစ်သည့်အတွက် အသစ်ရေးဆွဲ၍ ထပ်မံပေးပို့ရေး ဝန်ကြီးဌာန/အဖွဲ့အစည်းများသို့ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း။

အဆိုပါအရာထမ်းများ၏ နှစ်ပတ်လည်အတွင်းရေး အစီရင်ခံစာ (Annual Confidential Report)အတွက် နှစ်ပတ်လည် အကဲဖြတ်မှတ်တမ်း များကို နှစ်စဉ် မတ် (၃၁)ရက် မကုန်ဆုံးမီ ပေးပို့နိုင်ရေး ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသို့ ပုံမှန်အကြောင်း ကြားခဲ့ပါကြောင်း။

ဝန်ကြီးဌာန/အဖွဲ့အစည်း (၄၈) ခုမှ ညွှန်ကြားရေးမှူး (၃၉၃၂)ဦး နှင့် ဒုတိယညွှန်ကြား ရေးမှူး(၅၇၇၉)ဦးတို့၏ တစ်ဦးချင်းအကဲဖြတ် မှတ်တမ်းများနှင့် ညွှန်ကြားရေးမှူး(၂၂၅၈)ဦးနှင့် ဒုတိယညွှန်ကြားရေးမှူး (၂၇၉၃)ဦးတို့၏ တန်းစီဇယားများကို လက်ခံ ရရှိထားပါကြောင်း။

ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ပို့ချလျက်ရှိသည့် သင်တန်းများ၏ သင်ရိုးဇယား၊ သင်ရိုးညွှန်းတမ်းများ ပြုစုရေးဆွဲရာတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ ချမှတ်ထားသော မူဝါဒများကို သိရှိလိုက်နာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ တက္ကသိုလ်အကြံပေးအဖွဲ့ (Advisory Group)၏ ပံ့ပိုးမှု၊ သဘောတူညီမှုတို့ဖြင့် ပို့ချလျက်ရှိသည့် သင်တန်းများအလိုက် ဘာသာရပ်ဆိုင်ရာ သင်ရိုးဇယား၊ သင်ရိုးညွှန်း တမ်းများ၏ Design ကို Learner-centered Curriculum၊ Problem-centered Curriculum အဖြစ် ရေးဆွဲပို့ချလျက်ရှိပါ ကြောင်း။
၂၀၁၇-၂၀၁၈ လေ့ကျင့်ရေးနှစ်မှစ၍  ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုတွင် ဖွင့်လှစ်လျက် ရှိသော သင်တန်းအလိုက် ပြင်ဆင်ပြောင်းလဲသည့် သင်တန်းကာလများမှာ အလယ်အလတ် အဆင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင် တန်း ရက်သတ္တ (၄)ပတ်မှ ရက်သတ္တ (၂၀)ပတ်၊ အရာထမ်း လောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန် ဒီပလိုမာသင်တန်း ရက် သတ္တ (၁၄)ပတ်မှ ရက်သတ္တ (၁၆) ပတ်၊ အရာထမ်းအခြေခံ သင်တန်းရက်သတ္တ (၁၄) ပတ်မှ ရက်သတ္တ (၁၂)ပတ်၊ အရာထမ်း ငယ်အခြေခံသင်တန်း ရက်သတ္တ (၈)ပတ်မှ ရက်သတ္တ (၄)ပတ်၊ စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း ရက်သတ္တ (၁၄)ပတ်မှ ရက်သတ္တ (၈)ပတ်၊ စာရေးဝန်ထမ်းအခြေခံသင် တန်းရက်သတ္တ (၈)ပတ်မှ ရက်သတ္တ (၄)ပတ်သို့ ပြောင်းလဲခဲ့ပါကြောင်း။

၂၀၁၈ခုနှစ်၊ ဧပြီ(၁)ရက်မှ ၂၀၁၉ ခုနှစ်၊ မတ်(၃၁) ရက်အထိ တတိယ(၁)နှစ်တာ ကာလအတွင်း ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် လေ့ကျင့်ပေးနိုင်ခဲ့သည့် သင်တန်းသား ဦးရေ (၁၃၁၇၇ )ဦး လေ့ကျင့်ပေးနိုင်ခဲ့ပါကြောင်း။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ (၂၀၁၉ ခုနှစ်)ကို ထုတ်ပြန်ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်၌ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ဆွေးနွေးအတည်ပြုခဲ့ပြီး လွှတ်တော်နှစ်ရပ်၏ သဘောတူ ညီချက် ရရှိပြီးဖြစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀ဝ၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက် နှင့်အညီ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၁ အရ ၂၀၁၉ ခုနှစ် မတ် ၁၇ ရက် တွင် အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၁၉) ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း။

နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၆ ဖြင့် ၂၀၁၈ ခုနှစ် ဇွန် ၁၃ ရက်တွင် ထုတ်ပြန် ပြဋ္ဌာန်းခဲ့ပြီး ပုဒ်မ (၃) ခုကို ပြင်ဆင် ဆောင်ရွက်ခဲ့ပါကြောင်း။

ပြင်ဆင်ခြင်းအတွက် ဖြစ်ပေါ်လာမည့်အကျိုးကျေးဇူးများအနေဖြင့် နိုင်ငံ့ဝန်ထမ်း (Civil Service Personnel) နှင့် ပြည်သူ့ဝန်ထမ်း (Public Servant)တို့၏ အဓိပ္ပာယ်နှင့် သဘောသဘာဝများ မတူညီသဖြင့် ကွဲပြားခြားနားသည့် အင်္ဂါရပ်များကို ရှင်းလင်းစွာ ခွဲခြားသိရှိခြင်းဖြင့် ဝန်ထမ်းခန့်အပ်ရာတွင် လည်းကောင်း၊ လစာ၊ စရိတ်၊ အငြိမ်းစား လစာနှင့် ခံစားခွင့်ဆိုင်ရာတွင်လည်းကောင်း စနစ်တကျ အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ ပုဒ်မ ၉ (င)အရ အငြိမ်းစားဝန်ထမ်းများနှင့် ပြင်ပ ပုဂ္ဂိုလ်များ ခန့်ထားရေးဆိုင်ရာ သတ်မှတ်ချက်များကို အမိန့်ကြော်ငြာစာ အမှတ်၊ ၇၀/၂၀၁၈ ဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်နိုင်ခဲ့ပြီး အဆိုပါ အမိန့် ကြော်ငြာစာအရ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းအတွက် စွမ်းစွမ်းတမံ အထောက်အကူပြု ပံ့ပိုးပေးနိုင်သော သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ပြင်ပပုဂ္ဂိုလ်များကိုသာ ခန့်ထားနိုင်မည်ဖြစ်၍ လက်ရှိတာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခံစားခွင့်ဆုံးရှုံး နစ်နာမှုများ လျော့နည်းလာစေနိုင်မည် ဖြစ်ပါကြောင်း။

ဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အမှန်တကယ်လိုအပ်သည့် ပညာရှင်များကို ခန့်ထား နိုင်မည်ဖြစ်သည့်အတွက် လုပ်ငန်းခါးဆက်မပြတ်စေရေး၊ အတွေ့အကြုံရှိသူများအား လုပ်ငန်းခွင်တွင် အကျိုးရှိစွာ တာဝန်ပေးအပ်နိုင်ရေး ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၁၈ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လေ့လာရေး ခရီးစဉ်တွင် China National Academy of Governance ၏ ကူညီမှုဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့အခြေစိုက် စီမံအုပ်ချုပ်မှုလေ့ကျင့်ရေးသင်တန်း ကျောင်းများနှင့် တက္ကသိုလ်များဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (International Association of Schools and Institutes of Administration-IASIA)သို့ ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုမှ အဖွဲ့ဝင် အဖြစ်ဝင်ရောက်ခွင့်ကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုချက်၊ နိုင်ငံတော်သမ္မတရုံးမှ ခွင့်ပြုချက်များ ရရှိပြီးဖြစ်သည့်အတွက် လုပ်ငန်းစဉ်များအတိုင်း ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါသဖြင့် ယခုအချိန်တွင် အဖွဲ့ဝင် ဖြစ်လာခဲ့ပြီးဖြစ်ပါကြောင်း။

IASIA ၏ အဖွဲ့ဝင် ဖြစ်လာသဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များ၏ လေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စများအား အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံတကာအသိအမှတ်ပြု သင်တန်းကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ အရည်အသွေးပြည့်မီမှု အသိအမှတ်ပြုခံရခြင်းများ ရရှိလာမည်ဖြစ်ပါကြောင်း။

နိုင်ငံဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀) ပါ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(၄၉)ခုတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် ဦးဆောင်ကော်မတီ (Steering Committee)၏ ဦးဆောင်မှုဖြင့် ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံ့ ဝန်ထမ်းရာထူး အုပ်စုများအလိုက် လုပ်ငန်းတာဝန်သတ်မှတ်ချက်များ (Job Descriptions) ရေးဆွဲပြုစု၍ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ အားလုံးသို့ မှီငြမ်းရေးဆွဲ အသုံးပြုနိုင်ရေး အတွက် (သင်တန်းဖွင့် လေ့ကျင့်ခြင်းနှင့် လမ်းညွှန်မှတ်စုများ ဖြန့်ဝေခြင်းမှတစ်ဆင့်) ကူညီပေးခြင်း၊ လက်ရှိကျင့်သုံးလျက်ရှိသည့် စွမ်းဆောင်ရည်အကဲဖြတ်အမှတ်ပေးသည့် စနစ်များ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်အတွက် လေ့လာဆန်းစစ်မှုပြုလုပ်ခြင်း၊ ပြည်သူဗဟိုပြုချဉ်းကပ် လုပ်ဆောင်ချက်များအပေါ် သဘောထားအမြင်နှင့် အုပ်ချုပ်ရေးအဖွဲ့ အစည်းများအပေါ် ပြည်သူ၏ ယုံကြည်မှုတို့ကို လေ့လာဆန်းစစ်ရန်အတွက် ရပိုင်ခွင့်ရှိသူများ နှင့် ဝန်ဆောင်မှုအသုံးပြုသူများကို ဦးတည်၍ စစ်တမ်းကောက်ယူခြင်း၊ အဆင့်မြင့်နှင့် ဌာန အကြီးအမှူးအဆင့် နိုင်ငံ့ဝန်ထမ်းများအတွက် လုပ်ငန်းခွင်အခြေအနေအလိုက် ချီးမြှင့်မြှောက်စားမှု၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် ခွဲခြားဆက်ဆံခြင်း ကင်းမှုတို့ကို အားပေးမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်အား ပြန်လည်သုံးသပ်ကာ ပိုမိုကောင်း မွန်အောင်ပြုစုပြီး နိုင်ငံ့ဝန်ထမ်းများ လိုက်နာစေရန် ကြပ်မတ်ဆောင်ရွက်သည့်၊ အားပေးသည့် စနစ်များနှင့် လုပ်ထုံးလုပ်နည်းများကို အဆိုပြုတင်ပြခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ ပြည်သူ့အတွက် တတိယ(၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက မြန်မာနိုင်ငံ၏ “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒ”ကို အကောင်အထည်ဖော်ရာတွင် နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့အနေဖြင့် “နိုင်ငံတော်နှင့် ပြည်သူများ၏အကျိုး စီးပွားကာကွယ်မြှင့်တင်ရေး”ဆိုသည့် မျှော်မှန်းချက်ကို ဦးထိပ်ထားလျက်၊ နိုင်ငံတကာဆက်ဆံရေးနှင့်  ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဖော်ဆောင်လျက်ရှိပါကြောင်း။

ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးအတွက် နိုင်ငံတော်အကြီးအကဲများ၏ ချစ်ကြည်ရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြားဆွေးနွေး မှုယန္တရား တိုးချဲ့တည်ထောင်ခြင်းနှင့် ကမ္ဘာလှည့်ခရီးသည်များ နိုင်ငံအတွင်း ပိုမိုဝင်ရောက်နိုင် ရေးအတွက် ဗီဇာဖြေလျော့မှုများ ပြုလုပ်ပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

တတိယ(၁)နှစ်တာအတွင်း နိုင်ငံတော်သမ္မတအနေဖြင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် အာဆီယံနှင့် ဒေသတွင်းအဖွဲ့အစည်းများဆိုင်ရာ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက် ရန် စင်ကာပူ၊ ထိုင်း၊ နီပေါ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားသမ္မတနိုင်ငံတို့သို့ သွားရောက်ခဲ့ပါ ကြောင်း။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်လည်း  ဗီယက်နမ်၊ ဂျပန်၊ စင်ကာပူနှင့် နီပေါနိုင်ငံ တို့သို့ သွားရောက်ခဲ့ပြီး မိတ်ဖက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေကာ နှစ်နိုင်ငံချင်း၊ ဒေသတွင်းအဆင့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် နိုင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံသို့ လာရောက်ကြသည့် အိန္ဒိယနိုင်ငံသမ္မတ၏ ချစ်ကြည်ရေးခရီးစဉ်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ သြစတြေးလျ၊ ဗြိတိန်၊ ဆားဘီးယား၊ နယ်သာလန်၊ ချက်နဲ့ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်အဆင့်၊ နိုင်ငံခြားရေးဝန်ကြီးအဆင့် ပြည်ပမှအဆင့် မြင့်ကိုယ်စားလှယ်များ ၏ ချစ်ကြည်ရေးခရီးစဉ်ပေါင်း (၃၀)ကျော်ကိုလည်း အောင်မြင်စွာ စီစဉ်ပေးနိုင်ခဲ့ပါကြောင်း။

သိသာထင်ရှားသည့် တိုးတက်မှုများအနေဖြင့် တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေခဲ့ခြင်း၊ ဗီယက်နမ်နိုင်ငံနှင့် ဘက်စုံပူး ပေါင်းဆောင်ရွက် ရေး (Comprehensive Cooperative Partnership-CCP) အဆင့်သို့ မြှင့်တင်နိုင်ခဲ့ခြင်း၊ ထိုင်းနိုင်ငံနှင့် သဘာဝမဟာဗျူဟာမိတ်ဖက်နိုင်ငံ (Natural Strategic Partners) ဆက်ဆံရေးသို့ တိုးမြှင့်နိုင်ခဲ့ခြင်းတို့ ဖြစ်ပါကြောင်း။

ပြည်ဝင်ဗီဇာဖြေလျော့မှုများနှင့်ပတ်သက်၍ ဂျပန်၊ တောင်ကိုရီးယားအပါအဝင် နိုင်ငံအချို့မှ နိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပြုခြင်း၊ ဆိုက်ရောက်ဗီဇာခွင့်ပြုခြင်း စသည့် ဗီဇာ စည်းမျဉ်းစည်းကမ်း ကန့်သတ်ချက်များ ဖြေလျော့ပေးခြင်းကြောင့် မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်ဦးရေ  သိသိသာသာ တိုးတက်လာခဲ့ပါကြောင်း။

မြန်မာနိုင်ငံအနေနှင့် အာဆီယံ၊ ဘင်းမ်စတက်၊ မဟာမဲခေါင်ဒေသခွဲ ပူးပေါင်း ဆောင် ရွက်မှုအစီအစဉ်(ဂျီအမ်အက်စ်)၊ ဧရာဝတီ- ကျောက်ဖယား- မဲခေါင်စီးပွားရေး ဆောင်ရွက်မှု မဟာဗျူဟာ(ACMECS)၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၊ မဲခေါင်-ဂျပန်၊  မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုများ၊ မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (အယ်လ်အမ်အိုင်)အစရှိသည့် ဒေသဆိုင်ရာနှင့် ဒေသခွဲ ဆိုင်ရာအဖွဲ့အစည်းများမှာ တက်ကြွစွာပါဝင်ဆောင်ရွက် လျက်ရှိရာတွင် မိမိတို့ဝန်ကြီးဌာန (၂)ခုအနေဖြင့် ဦးဆောင်ဝန်ကြီးဌာနများအဖြစ် ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

သံတမန်ဆက်သွယ်မှု တိုးချဲ့ဆောင်ရွက်ခြင်းအနေဖြင့် ကမ္ဘာ့နိုင်ငံအများအပြားနှင့် ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရန်နှင့် အပြန်အလှန်ပံ့ပိုးမှုများ ပိုမိုရရှိနိုင်ရေးအတွက် သံတမန် ဆက်သွယ်မှုများ တိုးချဲ့ထူထောင်လျက်ရှိရာတွင် အစိုးရသက်တမ်း (၃)နှစ်တာ ကာလ အတွင်း မိတ်ဖက်သစ်နိုင်ငံ (၇)နိုင်ငံ (မော်လ်တာ၊ အီကွေဒို၊ မာရှယ် ကျွန်းစုနိုင်ငံ၊ ဟိုလီဆီးလ်၊ လိုက်ဘေးရီးယား၊ ဂီနီ၊ ဆေးရှဲလ်)နှင့် သံတမန် ဆက်သွယ်မှုများ တိုးချဲ့ ထူထောင်နိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ့နိုင်ငံပေါင်း (၁၉၃) နိုင်ငံအနက် နိုင်ငံပေါင်း (၁၂၁) နိုင်ငံ နှင့် သံတမန်အဆက်အသွယ်ထူထောင်ထားရှိပြီးဖြစ်ပါကြောင်း။

အာဖရိကနိုင်ငံများအနေဖြင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရန် ဘီနင်သမ္မတနိုင်ငံ၊ ကွန်ဂို သမ္မတနိုင်ငံ၊ တိုဂိုသမ္မတနိုင်ငံတို့နှင့် သံတမန်ဆက်သွယ်မှုများ တိုးချဲ့ထူထောင်နိုင်ရေး အတွက် စီမံဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း။

လက်ရှိတွင် မြန်မာသံရုံး(၃၅)ရုံး၊ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး(၃)ရုံးနှင့် ကောင်စစ် ဝန်ချုပ်ရုံး(၆)ရုံး၊ စုစုပေါင်း (၄၄)ရုံးကို ဖွင့်လှစ်ထားရှိပြီး လက်တင်အမေရိက၊ ကာရေဗီယံ ဒေသတွင်းနိုင်ငံများနှင့် ထိတွေ့ဆက်သွယ်မှုတိုးမြှင့်ရန် ကျူးဘားနိုင်ငံ ဟာဗားနားမြို့၊ အလယ်ပိုင်း၊ အရှေ့ပိုင်းဥရောပနိုင်ငံများနှင့်  ထိတွေ့ဆက်သွယ်မှုများ တိုးမြှင့်ရန် ချက်သမ္မတ နိုင်ငံ၊ ပရာ့ဂ်မြို့တို့တွင် ယခုနှစ်အတွင်း မြန်မာသံရုံးသစ်များ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပါ ကြောင်း။

ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ တိုးတက်မှုတစ်ရပ်အနေဖြင့် ထိုင်းနိုင်ငံရှိ ယာယီစခန်းများမှ ၎င်းတို့ဆန္ဒအလျောက် ပြန်လာလိုသူ မြန်မာနိုင်ငံသားများအား ထိုင်းနိုင် ငံအစိုးရနှင့် နှစ်နိုင်ငံချင်းအစီအစဉ်အရ စိစစ်ပြီးသူများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် ပေးနိုင်ခဲ့ပါကြောင်း၊ ပထမအကြိမ်အဖြစ်(၇၁)ဦး၊ ဒုတိယ အကြိမ်တွင်(၉၃)ဦးနှင့် တတိယ အကြိမ်တွင် (၅၆၇)ဦးအား စိစစ်လက်ခံပေးခဲ့ပြီး ပြန်လည်နေရာချထားမှုများ စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့ကာ မကြာမီ စတုတ္ထအသုတ် ပြန်လည်လက်ခံသွားမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံနှင့် ထိုင်းနှစ်နိုင်ငံအကြား နယ်နိမိတ်တိုင်းတာရေး သဘောတူညီချက်ကို ဆောလျင်စွာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် မြန်မာ-ထိုင်း အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကို ကျင်းပပြုလုပ်ခဲ့ပြီး နှစ်ဖက်အမြင်ကွာဟမှုများကို လျှော့ချနိုင်ခဲ့ပါကြောင်း၊  ယင်းသဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးပါက ပတ်ချန်မြစ်နှင့် ၎င်းရဲ့ မြောက်ဘက်ရှိ ကုန်းနယ်နိမိတ်မိုင် (၂၀ဝ) ခန့်ကို တိုင်းတာသတ်မှတ်နိုင်မည်ဖြစ်ပြီး ကျန်အပိုင်းများကို အပိုင်း လိုက် ဆက်လက်တိုင်းတာသွားရန် ရှိပါကြောင်း။

မြန်မာ-အိန္ဒိယနယ်နိမိတ် နာဂဒေသရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၄၅ နှင့် ၁၄၆ အကြားတွင် အိန္ဒိယဘက်ဒေသခံများမှ နယ်နိမိတ်အားကျော်လွန်ပြီး အဆောက်အအုံများ တည်ဆောက်ခြင်း မပြုစေရန် ခြံစည်းရိုးကာရံရေးအတွက် နှစ်နိုင်ငံပူးတွဲ၍ ထပ်တိုး မှတ်တိုင် ၃၈ တိုင်စိုက်ထူကာ အလားတူမှတ်တိုင် အမှတ် ၈၀ နှင့် ၈၂ အကြားတွင်လည်း ထပ်တိုး မှတ်တိုင် ၃၀ တိုင်အား ၂၀၁၇-၂၀၁၈ ကွင်းဆင်းရာသီတွင် အိန္ဒိယဘက်နှင့်ပူးတွဲ၍ တည်ဆောက်ပြီး စီးခဲ့ပါကြောင်း။

တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံနယ်နိမိတ်ပူးတွဲစစ်ဆေးမှုကို မပြုလုပ်နိုင်ခဲ့သည်မှာ (၂၃)နှစ် ကျော်ကြာမြင့်ပြီဖြစ်သည့်အတွက် တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးရေးဆိုင်ရာ ကြိုတင်ညှိနှိုင်းအစည်းအဝေးများကို ကျင်းပခဲ့ရာ ဒုတိယ အကြိမ်ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် မတ်လအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့တာဝန်သိနိုင်ငံအဖြစ် ရခိုင်ပြည်နယ်အရေးကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်းအခြေအနေ၊ လိုအပ်ချက်များနှင့် ကိုက်ညီစွာဆောင်ရွက်နိုင်ရန် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတကာက ဝင်ရောက်စီရင်နိုင်ရေး ဦးတည်ကြိုးပမ်းမှုများကို လုံးဝလက်မခံကြောင်း နိုင်ငံတကာ မျက်နှာစာတွင် ပြတ်သားစွာ ရပ်တည်ပြောကြားထားပါကြောင်း။

လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် နိုင်ငံတကာအချက် အလက် ရှာဖွေရေးအဖွဲ့ (FFM) ဖွဲ့စည်းရန် ဆုံးဖြတ်ချက်နှင့် ဖွဲ့စည်းတာဝန်ပေးမှု၊ မြန်မာနိုင်ငံသို့ လာရောက်လိုမှုနှင့် ယင်းအဖွဲ့၏ အစီရင်ခံစာတို့ကို လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ အစိုးရ၏ သဘောထားရပ်တည်ချက်ကို ပြတ်ပြတ်သားသား ထုတ်ပြန်ခဲ့ပါကြောင်း။

ထို့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီတို့တွင် တင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုမူကြမ်းများအား လက်မခံနိုင်ကြောင်းကို ပြတ်သားစွာပြသ နိုင်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့များအနေနှင့် မဲခွဲရန်တောင်းဆိုခြင်း၊ နိုင်ငံ၏ ရပ်တည်ချက် များအားဖော်ပြသည့် မိန့်ခွန်းများပြောကြားခြင်းများကို စဉ်ဆက်မပြတ်ပြုလုပ်နေပါကြောင်း။

တစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ရှုပ်ထွေးသိမ်မွေ့သည့် စိန်ခေါ်မှုများအပေါ် အာဆီယံအပါအဝင် ဒေသတွင်းအဖွဲ့အစည်းများ၏ ထိပ်သီးအစည်း အဝေးများတွင် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ရှင်းလင်းပြောကြားခြင်းများ၊ အာဆီယံ ထိပ်သီးအစည်းအဝေးကာလအတွင်း ကျင်းပသည့် နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို စဉ်ဆက်မပြတ် အသိပေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါကြောင်း။

တစ်ဖက်နိုင်ငံရောက် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ မိမိတို့နိုင် ငံအတွင်း အမှန်တကယ်နေထိုင်ခဲ့သူများ၊ ပြစ်ချက်စိစစ်ပြီးသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံအကြားသဘောတူညီချက်၊ စည်းကမ်းချက်များနှင့်အညီ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြေပြင်တွင် တိုးတက်မှုများ ရရှိရန်အတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။
 
 မိမိတို့ဝန်ကြီးဌာန(၂)ခုအနေနှင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်မြှင့်တင်ရေးနှင့် ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် စိန်ခေါ်မှုများကို ဖြေရှင်းရေးအတွက် နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် ဦးထိပ်ထားကာ မျှတပြီးလက်တွေ့ကျသော နည်းလမ်းများနှင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

ယင်းနောက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ပြည်သူ့အတွက် တတိယ(၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေများစိစစ်ရေးဦးစီးဌာနသည် နိုင်ငံတော်အစိုးရ၏ သုံးနှစ်တာ သက်တမ်းကာလအတွင်း နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသော ဥပဒေများ၊ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်စေမည့် ဥပဒေများ၊ ပြည်သူများအပေါ် အခွင့်အရေးများနှင့် စပ်လျဉ်းသော ဥပဒေများကို စိစစ်အကြံပြုပြန်ကြားခြင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ နိုင်ငံတော်သမ္မတရုံးနှင့် ဝန်ကြီးဌာနများက မေးမြန်းချက်များကို သဘောထား မှတ်ချက် ပြန်ကြားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းသောအဆို၊ မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်းများနှင့် ကြယ်ပွင့်မပြမေးခွန်းများအပေါ် ဖြေကြားခြင်းများအပါအဝင် သဘောထား မှတ်ချက်ပေးခြင်းတို့ကို ဆောင်ရွက်ပါကြောင်း။

တတိယတစ်နှစ်တာကာလအတွင်း ဥပဒေများစိစစ်ရေးဦးစီးဌာန၏ ဆောင်ရွက်ချက် များအနေဖြင့် ဥပဒေစိစစ်ခြင်း ၁၈၁ ခု၊ နည်းဥပဒေစိစစ်ခြင်း ၂၅၇ ခု၊ ဘာသာပြန်ဆိုခြင်း ၁၁၄ ခုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ စိစစ်ခြင်း ၄၃ ခု ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနသည် နိုင်ငံတော်အစိုးရ၏ သုံးနှစ်တာ သက်တမ်း ကာလအတွင်း အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နှစ်ဖက်စာချုပ်ဝင်များအကြား နည်းပညာ၊ ငွေရေးကြေးရေးထောက်ပံ့ကူညီရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာ ချုပ်များ၊ ၂၀၁၆ ခုနှစ်တွင် လူ့အခွင့်အရေးဆိုင်ရာ အဓိကစာချုပ် တစ်ခုဖြစ်သည့် International Covenant on Economic Social and Cultural Rights (ICESCR)၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ် သံရုံးတို့အကြားချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာ (MOU) ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဆိုင်ရာ အာရှပစိဖိတ်အဖွဲ့မှ နိုင်ငံအချင်းချင်း အကဲဖြတ် ရေးလုပ်ငန်းစဉ်အရ မြန်မာနိုင်ငံ အပေါ် ဒုတိယအကြိမ် အပြန်အလှန် အကဲဖြတ်ရေး လုပ်ငန်းစဉ်နှင့် ကုလသမဂ္ဂ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းအရ ဆောင်ရွက်ရသော ကိုယ်ပိုင်အကဲဖြတ်ဆန်းစစ်ချက် လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ထို့ပြင် ပြည်ထောင်စုရှေ့နေချုပ်ရုံး  Universal Periodic Review (UPR) အထောက် အကူပြု ကော်မတီအားဖွဲ့စည်းခြင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ ခြင်းနှင့်စပ်လျဉ်းသည့်  နိုင်ငံအချင်းချင်း အကဲဖြတ်မှုလုပ်ငန်းစဉ် (ME process) နှင့် အစီရင် ခံစာ (ME Report)၊အမျိုးသားအဆင့် အန္တရာယ် အကဲဖြတ်ရေးလုပ်ငန်းစဉ် (NRA Process) နှင့် အစီရင်ခံစာ (NRA Report)၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေး လုပ်ငန်းစဉ်နှင့် လုပ်ငန်းစီမံ ချက် (Action Plan)တို့ကိုလည်း ပြုစုဆောင်ရွက်ခဲ့ပါကြောင်း။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ Doing Business အစီရင်ခံစာပါ ညွှန်းကိန်းအလိုက် ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်သည့်ကော်မတီ၊ ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့၏ လုပ်ငန်းအဖွဲ့များ တွင် အဖွဲ့ဝင်များ အဖြစ်ပါဝင်၍ ဥပဒေရေးရာ အကြံဉာဏ်ပေးလျက်ရှိခြင်း၊၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင်ပြုလုပ်ခြင်း ဥပဒေအရ သိမ်းဆည်းခဲ့သည့် အခန်း၊ အဆောက် အအုံနှင့်စပ်လျဉ်း၍ မူဝါဒများရေးဆွဲခြင်း၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က တာဝန်ပေးသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဥပဒေ အကြံပြုခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း။

တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနအနေဖြင့် ရာဇဝတ်မှုများကို တရားမစွဲမီ ဥပဒေအကြံပေးခြင်းနှင့် နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါဆောင်ရွက်ခြင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ လျှောက်ထားလာသည့် စာချွန်တော်များကို နိုင်ငံတော်ကိုယ်စားလိုက်ပါ ဆောင်ရွက်ခြင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် နိုင်ငံတော်ဘက်မှလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ရုံးသဟာယအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခြင်း၊ တရားရုံးအဆင့်ဆင့်က ချမှတ်သော စီရင်ချက်၊ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှု၊ အထွေထွေ လျှောက်ထားမှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

တရားစွဲမှုနှင့် အမှုလိုက်ဦးစီးဌာန ဆောင်ရွက်ချက်များအနေဖြင့် တတိယတစ်နှစ်တာ ကာလတွင် ရာဇဝတ်အထူးအယူခံမှု (၂၆)မှု၊ သေဒဏ်အတည်ပြုမှု(၂၂)မှု၊ ရာဇဝတ် အထွေ ထွေလျှောက်ထားမှု (၁၄) မှု၊ အထွေထွေရာဇဝတ်လျှောက်ထားမှု (၂၆) မှု၊ ရာဇဝတ်အယူခံမှု( ၃၅၈)မှု၊ ရာဇဝတ်ပြင်ဆင်မှု (၇၇၉)မှု၊ စာချွှန်တော်မိန့် လျှောက် ထားမှု (၉၀) မှု၊ တရားမစွဲမီ အကြံပေးခြင်း (၁၀၉) မှုတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

မြန်မာဥပဒေသတင်းအချက်အလက်စနစ် (Myanmar Law Information System , MLIS) တည်ထောင်ရေးစီမံကိန်းအတွက် KOICA ၏အထောက်အပံ့ဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ကိုရီးယားသမ္မတနိုင်ငံဥပဒေပြုဝန်ကြီးဌာန (Ministry of Legislation, MOLEG) တို့အကြား နည်းပညာဖလှယ်ရေးပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း။

မြန်မာဥပဒေ သတင်းအချက် အလက် စနစ် (Myanmar Law Information System MLIS )ကို (www.mlis. gov.mm) website တွင် ၂၀၁၈ ခုနှစ် မေ (၂၄) ရက်မှ စတင်၍ အောင်မြင်စွာ လွှင့်တင်နိုင်ခဲ့ပါကြောင်း၊ MLIS တွင် ဥပဒေများ၊ တစ်ဆင့် ဥပဒေများ၊ စီရင်ထုံးများ၊ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားသော Convention များ ဥပဒေသတင်း အချက်အလက် စုစုပေါင်း ၈၈၀ဝ ကျော်ကို အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်လျက်ရှိပါကြောင်း။

 

mdn

 

အဂတိကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်ချက်များအနေဖြင့် ဥပဒေအရာရှိများ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေးအတွက် စဉ်ဆက်မပြတ်ဆွေးနွေးမှာကြားခြင်း၊ လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊ အပြန်အလှန်ကြီးကြပ် ထိန်းကျောင်းခြင်း၊ ဥပဒေ အရာရှိများ လာဘ်ပေး လာဘ်ယူပြုလုပ်ပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကို သတင်းစာတွင် ထည့်သွင်းဖော်ပြ ခြင်း၊ ဥပဒေရုံးများတွင် ကြော်ငြာစာကပ်ခြင်းများကိုလည်း ဆောင်ရွက်ထားရှိခြင်း၊ ဥပဒေအရာရှိများ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေးကို ကြိုတင်ကာကွယ်ရေးအတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတွင် အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးအဖွဲ့(Corruption  Prevention Unit)ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းပြီး အဂတိလိုက်စားမှုလျော့နည်းစေရန် ဆောင်ရွက်လျက်ရှိပြီး ဥပဒေအရာရှိများ ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်သဖြင့် တတိယတစ်နှစ်တာကာလတွင် အမှု ၂၀ အရေးယူဆောင်ရွက်ခဲ့ပါကြောင်း။

ဥပဒေဘာသာပြန်ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် ဥပဒေဘာသာ ပြန်ကော်မရှင်ကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၁၆ ဖြင့် ဖွဲ့စည်းပြီး အမိန့်ကြော်ငြာစာအမှတ် ၃၁/၂၀၁၇ ဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ဥပဒေဘာသာပြန် ကော်မရှင်တွင် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၂ ဦး ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေဘာသာပြန် ကော်မရှင်မှ ဥပဒေ ၉  ခု ကို အင်္ဂလိပ်ဘာသာမှ  မြန်မာဘာသာသို့ ပြန်ဆို၍ အတည်ပြု ထုတ်ဝေနိုင်ခဲ့ပါကြောင်း။

တရားလွှတ်တော်ရှေ့နေများကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် ၃ နှစ် တာကာလအတွင်း တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားသူ စုစုပေါင်း ၃၂၆၇ ဦး၏ တရားလွှတ်တော် ရှေ့နေဝင်ခွင့်ကို စိစစ်ခဲ့ပြီး ထောက်ခံကြောင်း သဘောထားမှတ်ချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပေးပို့နိုင်ခဲ့ပါကြောင်း။

ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် နိုင်ငံတော်၏ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများတွင် ဥပဒေအကြံဉာဏ်များ ပေးနိုင်သကဲ့သို့ တရားစီရင်ရေးကဏ္ဍတွင်လည်း နိုင်ငံတော်ကိုယ် စားအမှုလိုက်ပါဆောင်ရွက်ခြင်း၊ ဥပဒေအကြံဉာဏ်ပေးခြင်း၊ နစ်နာသူအတွက် ဥပဒေမှပေး သောအခွင့်အရေးများ ရရှိစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် သတင်းမီဒီယာများက ပြည်ထောင်စုရာထူး ဝန်အဖွဲ့၏ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ၏ သက်ပြည့်ပင်စင်ခံစားခွင့်နှင့် ကျင့်သုံးနေသည့်မူဝါဒ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် ၂ ခုတွင် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံခြားတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု၊ နိုင်ငံ့ဝန်ထမ်းများအပေါ် ကျင့်သုံးလျက်ရှိသည့် ဆုပေးဒဏ်ပေးစနစ်၊ နိုင်ငံခြားရေးပညာတော်သင်စေလွှတ်မှု၊ နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်သည့် ချီးမြှောက်မှု၊ ဝန်ကြီးဌာနများသို့ တပ်မတော်မှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မှုအခြေအနေ၊ နိုင်ငံ့ဝန်ထမ်းများအပေါ် ပြည်သူများ၏သဘောထား မှတ်ချက်စစ်တမ်း ကောက်ယူမည့်အစီအစဉ်၊ ပြည်ထောင်စုရာထူး ဝန်အဖွဲ့ဥက္ကဋ္ဌ၏ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့လက်မှတ် မှန်ကန်မှုရှိ မရှိ၊ နိုင်ငံ့ဝန် ထမ်းများ အများဆုံးအရေးယူခံရသည့် ဝန်ကြီးဌာနနှင့် ပြစ်မှုအမျိုးအစား၊ ဝန်ကြီးဌာနများ၏ အဆင့်မြင့် ရာထူးနေရာများတွင် တပ်မတော်မှပြောင်းရွှေ့လာသူများနှင့် အရပ်သားများ၏ အချိုးအစား စသည့် မေးခွန်များနှင့်စပ်လျဉ်း မေးမြန်းကြသည်။

 

mdn

 

ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဗီဇာစည်းကမ်းဖောက်ဖျက်မှုနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်ခဲ့မှု၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရုတ်ခရီးစဉ်တွင် နှစ်နိုင်ငံ သဘောတူခဲ့သည့် စီမံကိန်းရှိ မရှိ၊  မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားမည့် စီမံကိန်းများအခြေအနေ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည် လက်ခံရေးဆောင်ရွက်ထားရှိမှု၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာ ဖိအားပေးမှုများကို ဖြေရှင်းရန် ကုလသမဂ္ဂသို့ မြန်မာကိုယ်စားလှယ်အဖွဲ့စေလွှတ်ရန် အစီအစဉ် ရှိ မရှိ၊ တရုတ်နိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရန်အစီအစဉ်ရှိ မရှိ၊ ၂၀၁၉ ခုနှစ်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံန်လမ်းတည်ဆောက်မည့် စီမံကိန်းအခြေအနေ၊ နေပြည်တော်သို့ နိုင်ငံ တကာသံရုံးများ ပြောင်းရွှေ့ဖွင့်လှစ်ရန် ဆောင်ရွက်နေမှု အခြေအနေ၊ မြန်မာ-အီးယူ တွေ့ဆုံ ဆွေးနွေးမှုနှင့် ရလဒ်အခြေအနေ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံန်လမ်း စီမံကိန်းများ ဆောင်ရွက်ရန် ချမှတ်ထားသည့်မူဝါဒ၊ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ သည့် နိုင်ငံများတွင် မြန်မာသံရုံးဝန်ထမ်းများ၏ လုံးခြုံရေးအတွက် ဆောင်ရွက်ထားရှိမှု၊ စိန့်မာတင်ကျွန်းအရေးကိစ္စနှင့်စပ်လျဉ်၍ သံတမန်နည်းလမ်းအရ ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ မေးမြန်းကြသည်။

အလားတူ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းထောက်များအား ဖမ်းဆီးအရေးယူမှုများတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေအကြံပေးမှု၊ ဥပဒေအရာရှိများ အရေးယူခံရသည့်အရေအတွက်၊ နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်ရသည့် အမှုအရေအတွက်၊ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ရှေ့နေလိုင်စင် ရုပ်သိမ်းခံရသူများအား လိုင်စင်ပြန်လည်ထုတ်ပေးရန် အစီအစဉ် ရှိ မရှိ စသည့်မေးခွန်းများနှင်စပ်လျဉ်း၍ မေးမြန်းကြရာ ဌာနအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

သတင်း - မျိုးထွန်းနန္ဒာ