နေပြည်တော် ဖေဖော်ဝါရီ ၁၀
ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ အမျိုးသား စီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင်၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ခိုင်မာ အားကောင်းရန် လိုအပ်ကြောင်း၊ သို့မှသာ အကန့်အသတ်ဖြင့် ရှိနေသည့် မိမိတို့နိုင်ငံ၏ အရင်းအမြစ် များကို ပြည်သူများ၏ အကျိုးစီးပွားအတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ ထိရောက်မှုရှိရှိ၊ စွမ်းဆောင်ရည်ရှိရှိ၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။
ကောင်းမွန်သည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ရှိရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်ရေးအတွက် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် အခြေခံသင်တန်း၊ ကာလတိုသင်တန်းများအပြင် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု အထူးမွမ်းမံ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု အထူးမွမ်းမံ သင်တန်းများကို (၈) ကြိမ်အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာန အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးအဆင့် အရာထမ်းသင်တန်းသား ၂၇၇ ဦး တက်ရောက်ခဲ့ကြပြီးဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် လုပ်ငန်းနယ်ပယ်တွင် လက်တွေ့ ပြန်လည် အသုံးချရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည်ပြည့်ဝသော ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရန် ကြိုးစားလေ့လာသင်ယူသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယခုဖွင့်လှစ်သည့် ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၉) သို့ ဝန်ကြီးဌာန အဖွဲ့အစည်းများမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံညွှန်ကြားရေးမှူးအဆင့် အရာထမ်း ၃၈ ဦး ပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ်ငါးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


