နေပြည်တော် နိုဝင်ဘာ ၂၁
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာ ရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအရာရှိကြီးများ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အားကောင်းခြင်းအပေါ်တွင် များစွာမူတည် လျက်ရှိကြောင်း၊ ကောင်းမွန်သော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ရှိရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု နယ်ပယ်သည် ဘဏ္ဍာငွေရရှိမှု အရင်းအမြစ်များ တိုးမြှင့်ရရှိအောင် ဆောင်ရွက်ရေး၊ အသုံးစရိတ်များကို စနစ်တကျခွဲဝေရေး၊ ခွဲဝေပေးသော အသုံးစရိတ်များကို ထိရောက်စွာ အကျိုးရှိရှိ သုံးစွဲနိုင်မှု ရှိ/မရှိ စောင့်ကြည့်သတ်မှတ်ရေး စသည့်အဆင့်အလိုက် လုပ်ငန်းစဉ်များစွာဖြင့် ကျယ်ပြန့်သည့် နယ်ပယ်တစ်ခုဖြစ်ကြောင်း။
ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် အခြေခံသင်တန်း၊ အထူးကာလတို သင်တန်းများအပြင် ပြည်သူ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်းတို့ကို ဖွင့်လှစ်လျက်ရှိကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံ သင်တန်းကို (၅)ကြိမ်ဖွင့်လှစ်ခဲ့ပြီး ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးအဆင့် အရာထမ်း သင်တန်းသား (၁၈၇) ဦးကို သင်ကြားပို့ချခဲ့ပြီးဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းကို တက်ရောက်သည့် သင်တန်းသားများအနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်၊ အကြောင်းအရာများကို သေချာစွာလေ့လာသင်ကြားပြီး မိမိတို့၏ လုပ်ငန်းတာဝန်ထမ်းဆောင်မှုတွင် စနစ်တကျ အသုံးချသွား ကြစေလိုကြောင်း ပြောကြားသည်။
ယခု ဖွင့်လှစ်သည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၆)သို့ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံ ညွှန်ကြား ရေးမှူးအဆင့်နှင့် ဒုတိယညွှန်ကြားရေးမှူးအဆင့် အရာထမ်း (၂၇) ဦး တက်ရောက်ကြမည်ဖြစ်ပြီး ရက်သတ္တပတ် (၅) ပတ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)