နေပြည်တော် ၂၄ ဖေဖော်ဝါရီ
ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌ ဦးမောင်မောင်ဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါ သင်တန်းတွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံများ၊ စီမံကိန်းရေးဆွဲခြင်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်း၊ စာရင်းပြုစုခြင်းနှင့် စာရင်းစစ်ဆေးခြင်း၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ အချိန်ပိုင်း တက်ရောက်ရမည်ဖြစ်၍ (၅) လကြာမြင့်မည်ဖြစ်ကြောင်း၊ နှစ်စဉ်တစ်နှစ်လျှင် သင်တန်း (၂) ကြိမ် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးရန် အမှန်တကယ် လိုအပ်နေသောသင်တန်းသို့ ဝန်ကြီးဌာန အဖွဲ့အစည်း (၇၄)ခုမှ သင်တန်းသား ၁၅၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


