နေပြည်တော်  ၊ ၁   ဇန်နဝါရီ

 

နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားရှိသော ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် တိုင်းဒေသကြီး /ပြည်နယ်အသီးသီးတွင် ပြည်သူ့စာကြည့်တိုက်ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်း နိုင်ရေးအတွက် “အစိုးရသစ်နှင့် မြန်မာ့စာကြည့်တိုက် လောက ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် အွန်လိုင်း စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ Myanmar Book Aid and Preservation Foundation မှ ဒေါက်တာသန့်သော်ကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းမှ ဒေါ်ခင်နှင်းဦး၊ တကောင်း−တတ်သိ ပညာစာကြည့်တိုက်မှ ဦးဆန်းနိုင်ဦးတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးပွဲတွင် အစိုးရသစ်တာဝန်ယူမည့်ကာလအတွင်း ပြည်သူ့စာကြည့်တိုက် များ၏ အခန်းကဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာများအားလည်းကောင်း၊ စာကြည့် တိုက်များအတွက် ထောက်ပံ့ကူညီမှု အစီအစဉ်များနှင့် ပြည်သူ့စာကြည့်တိုက်ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းလျက်ရှိသည့် အခြေအနေများကို လည်းကောင်း၊ စာအုပ်စာစောင် ထုတ်ဝေမှု ဝယ်ယူမှု ဖတ်ရှုမှုနှင့် စာကြည့်တိုက်များ၏ အခန်းကဏ္ဍအားလည်း ကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတွင် ရေးဆွဲပြဋ္ဌာန်းပြီး ဖြစ်သော ပြည်သူ့စာကြည့်တိုက် ဥပဒေများနှင့် ပြုပြင်ဆောင်ရွက်ရမည့် အခြေအနေကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းမှု များအပေါ် ပြန်လည် ဖြေကြားခဲ့ကြသည်။

 

ယခုအခါ တိုင်းဒေသကြီး/ပြည်နယ်(၁၁)ခုတွင် ပြည်သူ့စာကြည့်တိုက်ဥပဒေများ ရေးဆွဲ ပြဋ္ဌာန်းခဲ့ကြပြီးဖြစ်သလို နည်းဥပဒေများ ဆက်လက်ရေးဆွဲနိုင်ရေး ဆောင်ရွက် လျက် ရှိကြောင်း၊   ပြည်သူ့စာကြည့်တိုက် ဥပဒေရေးဆွဲရန် ကျန်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် အမြန်ရေးဆွဲ ပြဋ္ဌာန်းရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် စာကြည့်တိုက်ပညာရှင်များ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

 

  သတင်းစဉ်