ရန်ကုန် ၂၇ အောက်တိုဘာ
ပြည်သူ့စာကြည့်တိုက်ဥပဒေ ပြန်လည်သုံးသပ် ဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီက ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန် ဦးအောင်လှထွန်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၊ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ Save the Library နှင့် MBAPF တို့မှ တာဝန်ရှိသူများနှင့် စာကြည့်တိုက်ဆိုင်ရာအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန် ဦးအောင်လှထွန်းက မြန်မာနိုင်ငံ၏ ၂၀ဝ၈ခုနှစ် တည်ဆဲ ဖွဲ့စည်းပုံဥပဒေဇယား(၂) အရ စာကြည့်တိုက်ဆိုင်ရာ လုပ်ငန်းများ ကြီးကြပ်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများတွင် လုပ်ပိုင်ခွင့်များရှိပါကြောင်း၊ အဆိုပါပြဌာန်းချက်အရ စာကြည့်တိုက်ဆိုင်ရာ ဥပဒေများကို ကိုယ့်ရပ်ကိုယ့်ဒေသတွင် ရေးဆွဲပိုင်ခွင့်ရှိပါကြောင်း၊ ယခုလက်ရှိအချိန်ထိ ဥပဒေ ၉ ခု ရေးဆွဲပြီးဖြစ်ပါကြောင်း၊ ဥပဒေများကို လေ့လာရာတွင် တချို့ဥပဒေများသည် တစ်ပြေးညီ မရှိဘဲ ပိုနေသည်များ ၊ တည်ဆဲဥပဒေတချို့နှင့် ဆန့်ကျင်နေသည်များ၊ တည်ဆဲဥပဒေတစ်ချို့တွင် ပါဝင်ပြီးဖြစ်၍ မလိုအပ်ဟု ယူဆနိုင်စရာများ ပါရှိနေပါကြောင်း။
တစ်ချိန်တည်းမှာပင် နည်းပညာ ပြောင်းလဲတိုးတက်နေသည့် အခြေအနေတွင် အားလုံးသိကြသည့်အတိုင်း စတုတ္ထ စက်မှုတော်လှန်ရေးဟုခေါ်သည့် ဒစ်ဂျစ်တယ်နည်းပညာသည် ပြီးခဲ့သည့် ဆယ်နှစ်ခန့်အတွင်း လျင်မြန်သည့် အရှိန်အဟုန်ဖြင့် တိုးတက်လာနေပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ပြောင်းလဲနေသည့် စီးပွားရေး စနစ်နှင့် အညီ ဒစ်ဂျစ်တယ်နည်းပညာ၏ အကျိုးသက်ရောက်မှုသည် အင်မတန် ကြီးမားပါကြောင်း။
ပုံနှိပ်မီဒီယာတွင် ဖတ်ရှုသူနည်းပါးလာပြီး ဆိုရှယ်မီဒီယာတွင် ဖတ်ရှုသူများ လာပါကြောင်း၊ အဆိုပါ အချက်အလက်များကို ထည့်သွင်း စဉ်းစားရန်လိုအပ်ပါ ကြောင်း၊ ဆိုရှယ်မီဒီယာ၏ အားသာချက်သည် လူအများပေါ်တွင် အကျိုးသက်ရောက်မှု ရှိလာပါကြောင်း၊ ဒစ်ဂျစ်တယ်အွန်လိုင်း Library အခန်းကဏ္ဍကို အလေးအနက် ထည့်သွင်းစဉ်းစားရန် လိုအပ်လာပါကြောင်း၊
ယနေ့ဆွေးနွေးမည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးရန် လျာထားသည့် ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် ပြည်သူ့စာကြည့်တိုက်ဥပဒေ၏ အခန်းကဏ္ဍ၊ ပြည်သူ့စာကြည့်တိုက်များ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် နည်းလမ်းများ၊ ပြည်သူ့စာကြည့်တိုက်ဥပဒေအပေါ် အကြံပြု သုံးသပ်ချက် ခေါင်းစဉ်သုံးခုရှိသည်ဟု သိရပါကြောင်း၊ ဥပဒေရေးဆွဲရာတွင် တစ်ခါတည်းပြီးမည် မဟုတ်ပါကြောင်း၊ ဥပဒေများသည် ပြောင်းလဲနေသည့် အခြေအနေနှင့် လိုက်လျော ညီထွေစွာရှိရန်လိုအပ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့်သူများ အနေဖြင့် အပြန်အလှန်ဖလှယ်ရင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးချပြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ MBAPF မှ Executive Director ဒေါက်တာသန့်သော်ကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ Save the Library မှ ဦးမောင်မောင်စိုးနှင့် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့က ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် ပြည်သူ့စာကြည့်တိုက်ဥပဒေ၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။
ထို့ပြင် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်မြတ် စန်းငြိမ်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်ဦး(ဟိန်းလတ်)၊ လောကအမွန်မှ ဆရာဦးကြည်ဝင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ဆင့်နှင့် တကောင်း လူငယ်ဖွံ့ဖြိုးရေးစင်တာနှင့် တတ်သိပညာစာကြည့်တိုက် အလုပ်အမှုဆောင် ဦးဆန်းနိုင်ဦး တို့က ပြည်သူ့စာကြည့်တိုက်များ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် နည်းလမ်းများ ခေါင်းစဉ်ဖြင့်ဆွေးနွေးကြသည်။
အလားတူ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း ဥက္ကဋ္ဌ ဒေါ်အဝင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဥပဒေအတိုင်ပင်ခံ ဦးမောင်မောင်(ခ) ဦးကြည်ရွှန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွန်ကြားရေးမှူး(စီမံ) ဦးကျော်ဇင်စိုး၊ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာနမှ ကထိက ဦးဇော်အောင်ထွဋ်နှင့် ကလေးသူငယ် ပညာရေးနှင့် ကျန်းမာရေးထောက်ပံ့မှုအဖွဲ့မှ ဦးမောင်ဇော် (သပြေ)တို့က ပြည်သူ့စာကြည့်တိုက်ဥပဒေအပေါ် အကြံပြုသုံးသပ်ချက် ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
(သတင်းစဉ်)


