ပြည်သူ့စစ်မှုထမ်းများခေါ်ဆိုရာတွင် အမျိုးသမီးများကို လတ်တလောခေါ်ယူရန် အစီအစဉ်မရှိသေး

 

ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ထပ်မံအသိပေးလိုသည့်အချက်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

“ကျွန်တော့်အနေနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ပတ်သက်ပြီးတော့ နိုင်ငံသူ နိုင်ငံသားများ၊ မိဘပြည်သူများကို သိသင့်သိထိုက်တာတွေ၊  အသိပေးရမှာ တွေကို စဉ်ဆက်မပြတ် တင်ပြအသိပေး လျက်ရှိပါတယ်။ ဒီနေ့မှာလည်း   ထပ်မံ အသိပေးတင်ပြလိုတာတွေကို တင်ပြသွားပါမယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ပြည်သူလူထုသိရှိအောင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နိုင်ငံရေးပါတီတွေနဲ့  တွေ့ဆုံတဲ့အချိန်မှာ တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့  YMBA နဲ့ တွေ့ဆုံတဲ့အချိန်မှာ တစ်ကြိမ်၊ ဖေဖော်ဝါရီလ  ၁၄ ရက်နေ့မှာတော့  ပြည်ပနိုင်ငံတွေမှာ  တာဝန်ထမ်းဆောင်နေတဲ့  မြန်မာနိုင်ငံရဲ့ သံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေနဲ့   တွေ့ဆုံတဲ့အခါမှာ အရန်တပ်ဖွဲ့ ဥပဒေနဲ့ပတ်သက်ပြီး  တစ်ကြိမ် ပြောကြားခဲ့ပါတယ်။ ဒီပြောကြားချက်တွေကို ကျွန်တော်ထပ်မံအသိပေးလိုပါတယ်။

“ဒီပြည်သူ့စစ်မှုထမ်းဥပဒေဟာ နိုင်ငံတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေး အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါး ကို ကာကွယ်စောင့်ရှောက်ဖို့ ယခင်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ဥပဒေဖြစ်တဲ့အကြောင်း၊   အဲဒီဥပဒေနဲ့ပတ်သက်ပြီး တော့ ကျွန်တော်တို့ တွက်ချက်ချင့်ချိန်ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံအတွက်လည်း  ဝန်ထုပ်ဝန်ပိုး မဖြစ်ရန်ဆိုတဲ့အကြောင်းနဲ့  သတ်မှတ်အပိုင်းအခြားအတွင်းမှာ သင့်တင့်လျှောက်ပတ်တဲ့ အင်အားသာ တာဝန်ထမ်းဆောင်ဖို့ဖြစ်ပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေဖြစ်အောင် ဆောင်ရွက် သွားမှာဖြစ်ကြောင်း ပထမဦးဆုံးပြောကြားခဲ့ပါတယ်။ ဒါလေးကို ကျွန်တော်တို့ မိဘပြည်သူများသိအောင် ထပ်မံတင်ပြလိုပါတယ်။  နောက်တစ်ခု ကတော့  ဖေဖော်ဝါရီလ ၁၇ ရက်နေ့ YMBA နဲ့ တွေ့ဆုံတဲ့အခါမှာလည်း သတ်မှတ် အသက်အပိုင်းအခြားအတွင်မှာ သင့်တင့်လျှောက်ပတ်တဲ့ အင်အား ကိုသာ သတ်မှတ်ကာလအတွင်း  တာဝန် ထမ်းဆောင်စေရန်ဖြစ်ပြီး နိုင်ငံတော်အတွက်၊ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပြီး ထုတ်ပြန်ထားတဲ့ဥပဒေကို လေ့လာခြင်းမရှိဘဲနဲ့ အခြေအမြစ်မရှိတဲ့ သတင်းမှားတွေ ထင်မြင်သုံးသပ်ချက်တွေပေါ် အခြေခံပြီး သွေးထိုးလှုံ့ဆော်နေတာတွေ ရှိလို့ မိဘပြည်သူများ သတိပြုကြရန် လိုကြောင်း ပြောကြားခဲ့ပါတယ်။

“ဒါ့အပြင် သံအမတ်ကြီးတွေနဲ့တွေ့ဆုံတဲ့အခါမှာလည်း အရန်တပ်ဖွဲ့ ဥပဒေနဲ့ပတ်သက်ပြီး အရန်တပ်ဖွဲ့ ဥပဒေကို စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမယ်လို့ ဆိုလိုတာ မဟုတ်ဘဲနဲ့၊ ခေါ်သင့်ခေါ်ထိုက်သူများ ကိုသာ ပြန်လည်တာဝန်ပေးအပ်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူလူထုအားလုံးသိရှိအောင် နိုင်ငံ တော်ဝန်ကြီးချုပ်အနေနဲ့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင်နိုင်ငံတော် ဝန်ကြီးချုပ်အနေနဲ့ မကြာခဏပြောကြား ခဲ့တာတွေရှိပါတယ်။ နိုင်ငံတစ်ခု တည်ဆောက်ဖို့၊ နိုင်ငံတစ်ခုတည်မြဲဖို့အတွက် နိုင်ငံရေးစွမ်းအား POLITICAL MIGHT၊ စီးပွားရေးစွမ်းအား ECONOMIC MIGHT နဲ့ ကာကွယ်ရေးစွမ်းအား MILITARY MIGHT ကောင်းဖို့လိုအပ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒီအထဲမှာ စီးပွားရေးစွမ်းအားက အဓိကပါပဲ။ ဒါမှကျန်တဲ့စွမ်းအားတွေကို မြှင့်တင်နိုင်တယ်ဆိုတာလည်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒီစီးပွားရေးနဲ့ ပတ်သက်ပြီးတော့ သီအိုရီတွေ အယူအဆတွေမျိုးစုံရှိပေမယ့် ရှုပ်ရှုပ်ထွေးထွေး မပြောလိုပါဘူး။ တစ်ခုပဲပြောလိုပါတယ်။ စီးပွားရေးအင်အားတောင့်တင်းဖို့ဆိုရင် ရိုးရိုးရှင်းရှင်းနဲ့ ကျမ်းရိုးဘောဂဗေဒမှာ ပြောထားတဲ့အတိုင်း ကုန်ထုတ်စွမ်းအားစုတွေ တောင့်တင်းဖို့လိုတယ်။ ကုန်ထုတ်ဆက်ဆံရေး စနစ်တကျခိုင်မြဲဖို့လိုပါမယ်။

“ကုန်ထုတ်စွမ်းအားစုဆိုတဲ့ နေရာမှာ ဆန်းသစ်တဲ့အယူအဆတွေ မျိုးစုံပေါ်လာမှုနဲ့ ယခင်ကျမ်းရိုးဘောဂဗေဒ အတိုင်းဆိုရင်တော့ (LAND LABOUR CAPITAL) ကုန်ထုတ်စွမ်းအားစုနဲ့ မြေယာလုပ်အား အရင်းအနှီးပါပဲ။ အစိုးရတစ်ရပ်အနေနဲ့ ဒါတွေကိုအလေးအနက်ထားပါတယ်။ လုပ်အားဆိုတဲ့နေရာမှာ လူသားအရင်းအနှီး HUMAN CAPITAL သည် အလေးထား ရမှာဖြစ်ပါတယ်။ ဒီထဲမှာ LABOUR လုပ်အား ဆိုတာပါပါတယ်။ ဒါတွေကို ကျွန်တော်တို့က အစိုးရတစ်ရပ်အနေနဲ့ အမြဲတမ်းအလေးထားဆောင်ရွက်လျက်ရှိပါတယ်။ ခုနကပြောတဲ့ နိုင်ငံရေး စွမ်းအားတွေ၊ စီးပွားရေးစွမ်းအားတွေ၊ ကာကွယ်ရေးစွမ်းအားတွေ ဒီနိုင်ငံတော်အတွက် လိုအပ်တဲ့စွမ်းအားစုတွေကို တည်ဆောက်တဲ့အခါမှာ ကျွန်တော်တို့ အစိုးရအနေနဲ့ ဘက်ညီမျှတစွာ ကျင့်သုံး သွားမှာပဲဖြစ်ပါတယ်။ ဒါတွေကို ပြည်ဖျက်မီဒီယာတွေ၊ တချို့သော EAOS တွေကကောလာဟလတွေ ထုတ်လွှင့် ပြီး ပြည်သူလူထုစီးပွားဘဝ မငြိမ်မသက်ဖြစ်အောင်၊ ပြည်သူလူထုစိုးရိမ်ထိတ်လန့် မှုတွေဖြစ်အောင် လုပ်ဆောင်နေတာ မျိုးတွေ ကျွန်တော်တို့တွေ့ရပါတယ်။

“ကျွန်တော် ယခင်ကလည်း အင်အားနဲ့တကွ တွက်ချက်တင်ပြပြီး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် ထမ်းဆောင်နိုင်တဲ့၊ အကျုံးဝင်နိုင်တဲ့ အင်အား ၁၃ သန်းရှိပါတယ်။ ဒီအထဲမှာ အမျိုးသားအင်အားက ခြောက်သန်း ကျော်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်စေရာမှာ ဒီအမျိုးသားဦးရေ ခြောက်သန်းထဲကမှ တစ်ရာခိုင်နှုန်း ခြောက်သောင်း နီးပါးလောက်ပဲ ကျွန်တော်တို့ခေါ်ယူ နိုင်မှာဖြစ်ပါတယ်။ ဒါတွေကလည်း အလှည့်ကျ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်တဲ့နေရာမှာ အခြားနိုင်ငံတွေမှာလည်း အလှည့်ကျ အကျုံးဝင်တဲ့အလျောက် တာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ပြီးရင် ဦးစားပေးအလိုက်ဝန်ထမ်းခန့်အပ်တာတွေ၊ ဦးစားပေးအလိုက် အလုပ်ခန့်ထားတာတွေ ဒါတွေသည်လည်း ရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ ဒီနေ့မှာရှင်းလင်းပြောကြား လိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ အရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ဆိုတဲ့ နေရာမှာ အမျိုးသမီးတွေကို လတ်တလော ခေါ်ယူဖို့ အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းစွာပြောကြားလိုပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်”။