နေပြည်တော် မေ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
တိုက်စွမ်းရည်၊ တိုက်စွမ်းအား ပြည့်ဝပြီး စစ်ရေးအသိ၊ စစ်ရေးသတိအမြဲရှိရန်
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် တြိဂံ ဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံးကို ယခုကဲ့သို့တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် အဓိကတာဝန်ရှိပြီး ထိုသို့တာဝန် ထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ ပြည့်ဝရမည်ဖြစ်ကြောင်း၊ တိုက်စွမ်းရည်ပြည့်ဝစေရေးအတွက် တပ်မတော်သား တစ်ဦးချင်းစီအလိုက်ရှိသင့်ရမည့် အရည်အချင်းများနှင့် တပ်ဖွဲ့တစ်ခုချင်းစီအလိုက် အရည်အချင်းများရှိရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစီအလိုက်၊ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် စစ်ရေးအသိ၊ စစ်ရေးသတိရှိရန် လိုပြီး နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် ပတ်သက်ပါက ဖြစ်ပေါ်လာနိုင်သည်များကို ကြိုတင် မြော်တွေးပြင်ဆင်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း။
ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို အလေးအနက်ထားဆောင်ရွက်ကြရန်လို
ရှမ်းပြည်နယ် (အရှေ့ပိုင်း) သည် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် ဒေသတစ်ခုဖြစ်သဖြင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှတာဝန်ရှိသူများက ယခင်ကတည်းကပင် လမ်းပန်းဆက်သွယ်မှု ပိုမို ကောင်းမွန်လာစေရေး၊ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းစားသုံးမှု ဖူလုံရေးတို့အတွက် ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ နယ်မြေခံတပ်များ၌ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အောင်မြင်စေရေးနှင့် ကျန်းမာကြံ့ခိုင်မှုရှိစေရေးတို့ကိုလည်း အလေးထား ဆောင်ရွက်ခဲ့ကြကြောင်း၊ ဒေသနှင့်ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူ လူထုတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြခြင်းပင် ဖြစ်ကြောင်း၊ နယ်မြေခံတပ်များအနေဖြင့်လည်း မိမိတို့တပ်များအလိုက် နယ်မြေဒေသလုံခြုံရေး၊ နယ်မြေစိုးမိုးရေး လုပ်ငန်းများကို ကြိုတင်မြော်တွေး၍ ဆောင်ရွက်ကြရန်လိုပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် ရေရှည်ကိုမြော်တွေး၍ အလေးအနက်ထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ တပ်မတော်သားများ အားလုံးအနေဖြင့် အမြဲတိုက်ပွဲဝင်အသင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ တစ်ဦးချင်း ကျန်းမာကြံ့ခိုင်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ရန်လိုသကဲ့သို့ သမားစဉ် လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်နေခြင်းသည် မိမိကိုယ်ကို လေ့ကျင့်နေခြင်းပင် ဖြစ်ကြောင်း၊ မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ စည်းကမ်းအတိုင်း လိုက်ပါလုပ်ဆောင်နိုင်ခြင်းသည် မိမိတို့အရည်အသွေး ကို မြှင့်တင်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း။
ခေတ်နှင့်အညီပြောင်းလဲလာသည့် စစ်နည်းဗျူဟာများအား မပြတ်လေ့လာပြီး တိုက်ပွဲဝင် အသင့်ဖြစ်အောင် လေ့ကျင့်ဆောင်ရွက်
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရာတွင် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် စစ်လက်နက် နည်းပညာများကိုလည်း မျက်ခြည်မပြတ်လေ့လာသိရှိ နေရမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို ကြိုတင်မြော်တွေးပြင်ဆင်၍ လိုအပ်သည် မှန်သမျှကို ပြင်ဆင်ဆောင်ရွက်ကြရန်လိုကြောင်း၊ စစ်သည်တစ်ဦးချင်းစီအလိုက် အမြဲတမ်းတိုက်ပွဲဝင်အသင့် (Fit for Fight) ဖြစ်စေရေးအတွက် လေ့ကျင့်မှုများကို မှန်မှန်ကန်ကန်ဆောင်ရွက်နေရမည်ဖြစ် ကြောင်း၊ စစ်သည်များအားလုံး ကျန်းမာရေးကောင်းမွန်ပြီး ကြံ့ခိုင်သန်စွမ်းရေး၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများ အသင့်ဖြစ်နေစေရေး လေ့ကျင့်ဆောင်ရွက်ပေးနေရန် လိုကြောင်း၊ စစ်သည်တစ်ဦးချင်းစီအလိုက် ၎င်းတို့၏အရည်အချင်းနှင့် လုပ်ကိုင်နိုင်စွမ်းအပေါ် မူတည်၍ သင့်တော်သည့်လုပ်ငန်းတာဝန်များကို နေရာမှန်တာဝန်ပေးအပ်ပြီး တာဝန်ထမ်းဆောင်ရန် အမြဲအသင့်ဖြစ်စေရေး (Fit for Duty) ဖြစ်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက လုပ်ငန်းတာဝန်များသည်လည်း ပိုမိုတိုးတက်အောင်မြင်လာမည်ဖြစ်ကြောင်း။
စည်းကမ်းစနစ်တကျရှိပြီး မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ကြရန်လို
တပ်မတော်သားများအနေဖြင့် စစ်စည်းကမ်းနှင့်အညီ နေထိုင်ကျင့်ကြံရမည်ဖြစ်ပြီး တစ်ဦးချင်းနှင့် အဖွဲ့အစည်းအပေါ် ထိခိုက်စေနိုင်သည့် လုပ်ကိုင်ပြုမူနေထိုင်မှုများကို ရှောင်ကြဉ်ကြရန်လိုကြောင်း၊ အသောက်အစားအပျော်အပါးများကြောင့် မိမိတို့တစ်ဦးချင်း စွမ်းဆောင်ရည်များနှင့် မိမိတို့၏မိသားစု၊ အဖွဲ့အစည်းအပေါ်တွင် ထိခိုက်မှုမရှိအောင် ထိန်းထိန်းသိမ်းသိမ်းနေထိုင်ကြရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း ကိုယ်စီအသိတရား၊ ဆင်ခြင်တုံတရားများဖြင့် ထိန်းသိမ်းနေထိုင်ခြင်းဖြင့် မိမိကိုယ်မိမိ တည်ဆောက် ကြရမည်ဖြစ်ကြောင်း။
သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တတ်စွမ်းသရွေ့ ဖြည့်ဆည်းပေးလျက်ရှိ
တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် နေရေး၊ စားရေး၊ ဝတ်ရေး၊ ကျန်းမာရေးနှင့် အခြားအထွေထွေလိုအပ်ချက်များကို တတ်စွမ်းသရွေ့ အမြဲမပြတ် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ လက်ရှိ အချိန်တွင် နိုင်ငံတော်တွင်ဖြစ်ပေါ်နေသော အခြေအနေများအရ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ထမ်းဆောင် နေရသည့်တပ်များမှ စစ်သည်များနှင့် မိသားစုဝင်များအတွက်လည်း ထိုက်သင့်သည့်ချီးမြှင့်မှုများနှင့် လိုအပ်သည့်သက်သာချောင်ချိရေး ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရေး တိုက်တွန်းလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိသားစု၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ပြီး သက်သာချောင်ချိမှု ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးကိစ္စရပ်များကို တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ဖော်ဆောင် ပေးသွားရန်လိုကြောင်း။
တပ်မတော်သားမိသားစုဝင် သားသမီးများ၏ ပညာရည်မြင့်မားရေး
တပ်မတော်သားမိသားစုဝင် သားသမီးများ၏ ပညာရေးနှင့်ပတ်သက်၍ မကြာမီတွင် ကျောင်းအပ်နှံ ရေးရက်သတ္တပတ်သို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် မိသားစုဝင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရေး ကောင်းမွန်မှသာလျှင် ၎င်းတို့၏ ဘဝတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်မည် ဖြစ်သဖြင့် ပညာရေးကို အားပေးဆောင်ရွက်ကြစေလို ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သား မိသားစုဝင် ကျောင်းသား ကျောင်းသူများ၏ ပညာရည်မြင့်မားစေရေးအတွက် စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသဖြင့် မိဘများအနေဖြင့်လည်း မိမိတို့ကလေးငယ်များ၏ ပညာရည်မြင့်မားရေးကို အလေးပေးဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ကျောင်းနေအရွယ်မှစ၍ အဆင့်မြင့်တက္ကသိုလ်ပညာအထိ သင်ယူနိုင်ရေး မိဘများမှ အခွင့်အလမ်းကောင်းများကို ဖော်ဆောင်ပေးကာ ၎င်းတို့ဘဝအတွက် မှန်ကန်ကောင်းမွန်သည့် လမ်းကြောင်းမှန်ကို ညွှန်ပြပေးနိုင်ရမည်ဖြစ်ကြောင်း၊ ကျောင်းမှသင်ကြားပေးသည့် ပညာရပ်များအပြင် အခြားအသိပညာဗဟုသုတများ ကြွယ်ဝစေရေး အတွက်လည်း မိမိကိုယ်တိုင် စာဖတ်ရန်လိုအပ် သကဲ့သို့ မိမိတို့၏ကလေးငယ်များကိုလည်း စာကောင်းပေမွန်များ ဖတ်ရှုလေ့လာသည့်အလေ့အကျင့်များ ဖြစ်ပေါ်လာအောင် တွန်းအားပေးကြရမည်ဖြစ်ကြောင်း။
တပ်တွင်းစည်းလုံးညီညွတ်ရေးဖြင့် စုစည်းညီညွတ်သည့်အားကို တည်ဆောက်
ပြည်သူကအားကိုးရသည့် တိုင်းပြည်ကအားထားရသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် စုစည်းညီညွတ်သည့်အားဖြင့် ပြည်သူ့အကျိုးကိုဖော်ဆောင်ပေးရန်၊ တိုင်းပြည်ကို ကာကွယ်နိုင်ရန်လိုပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် တပ်တွင်းစည်းလုံးညီညွတ်ရေးသည် အလွန်အရေးကြီးကြောင်း၊ တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကို၊ မောင်ရင်းနှမသဖွယ်စိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံးနေထိုင်ကြရန်၊ ပေးအပ်လာသည့် အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း၊ ဦးစီးခေါင်းဆောင်များ အနေဖြင့်လည်း မိမိတို့၏ လက်အောက်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရမည်ဖြစ်ကြောင်း၊ တပ်မှူးကောင်းသဖွယ်စိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်ဖြင့် ကွပ်ကဲ အုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များအားလုံး ညီညီညွတ်ညွတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်လိုပြီး နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်ကြောင်း မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျိုင်းတုံ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တိုင်းမှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
တိုင်းစစ်ဌာနချုပ်တွင်း စိုက်ပျိုးမွေးမြူရေး အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်အတွင်း စိုက်ပျိုးမွေးမြူရေးအကောင်အထည်ဖော်ဆောင်ရွက်ထားမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ တိုင်းမှူးက တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးဇုန်များတွင် စပါး၊ ပြောင်း၊ နေကြာ၊ တစ်သျှူးငှက်ပျောနှင့် ရာသီသီးနှံများ စိုက်ပျိုးထားရှိသည့် အခြေအနေများ၊ နို့စားနွား၊ ဆိတ်၊ DYL ဝက်၊ ငါး၊ ဥစားကြက်နှင့် အသားစားကြက်များ၊ ကာကီကင်းဘဲများ မွေးမြူထားရှိသည့် အခြေအနေများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ နို့၊ ဥနှင့် ဟင်းသီးဟင်းရွက်များအား တပ်မိသားစုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို အခမဲ့ပေးဝေခြင်းနှင့် ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက် ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စပါးနှင့်ပြောင်းများ စိုက်ပျိုးရာတွင် စနစ်တကျဖြင့်စိုက်ပျိုး၍ တစ်ဧကအထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ သီးနှံများ စိုက်ပျိုးရာတွင် စားရေးကိုအဓိကအထောက်အကူ ပြုစေမည့် သီးနှံပင်များကိုသာ ဦးစားပေးအဖြစ် စိုက်ပျိုးရန်လိုကြောင်း၊ အလားတူ တပ်မိသားစုများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် သီးနှံများစိုက်ပျိုးစေရေး အားပေးဆောင်ရွက်ရန် လိုကြောင်း၊ ကြက်များမွေးမြူရာတွင်လည်း ဒေသကြက်များကိုလည်း အောင်မြင်စွာ မွေးမြူနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများသည် အကျိုးအမြတ်အတွက် မဟုတ်ဘဲ တပ်မတော်သားမိသားစုဝင်များ သက်သာချောင်ချိ စေရေးနှင့်စားရေးအတွက် အဓိကဆောင်ရွက်ခြင်းဖြစ်သဖြင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်စိုက်ပျိုး မွေးမြူရေးဇုန်မှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
