ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ဖြစ်ပွားနေသည်မှာ သုံးနှစ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ရာစုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ကပ်ရောဂါဆိုးကြောင့် ကမ္ဘာ့ပြည်သူ သန်းပေါင်းများစွာတို့  ကူးစက်ဖြစ်ပွားခံစားကြရပြီး လူ့အသက်ပေါင်း အမြောက်အမြား ဆုံးရှုံးခဲ့ရသည်။ ယနေ့ထိတိုင် အဆိုပါရောဂါပိုးသည် အသွင်အမျိုးမျိုးပြောင်း၍ ပျံ့နှံ့နေဆဲဖြစ်ပြီး ပြည်သူများနှင့်အတူယှဉ်တွဲကာ ရှင်သန်နေသည့် မျိုးရိုးဗီဇပြောင်းရောဂါပိုးကို ဆက်လက် ကာကွယ်ထားကြရမည်ဖြစ်သည်။

 

ကမ္ဘာပေါ်ရှိ နိုင်ငံများသည် ကိုဗစ်-၁၉ ရောဂါပထမလှိုင်းမှ စတုတ္ထလှိုင်းအထိ အပြင်းအထန် ဖြတ်သန်းခဲ့ကြပြီးနောက် ကိုဗစ်-၁၉ရောဂါသည် မျိုးရိုးဗီဇပြောင်း မျိုးကွဲပိုးများအဖြစ် အသွင်ပြောင်းကာ ဆက်လက်ပျံ့နှံ့နေသည်။ ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများ၌ ကူးစက်ဖြစ်ပွားလျက်ရှိသော မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးကွဲသည် XBB.1 မှ XBB.1.5 အဖြစ် အသွင်ပြောင်း ကူးစက်ပျံ့နှံ့ခဲ့ပြီး ယခုအခါ XBB.1.16 အဖြစ်သို့ ပြောင်းလဲ ပြန့်ပွားလျက်ရှိသည်။ မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 သည် ယခင်ကူးစက် ဖြစ်ပွားခဲ့သည့် XBB.1၊ XBB.1.5 တို့ထက် ကူးစက်မှုအဆ ၁ ဒသမ ၂၇ ဆ ပိုမိုမြန်ဆန်သော်လည်း ရောဂါလက္ခဏာများမှာ ပိုမိုပြင်းထန်မှုမရှိကြောင်းတွေ့ရသည်။

 

ကမ္ဘာပေါ်ရှိ နိုင်ငံအချို့တွင် မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲကူးစက်မှုများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။ မြန်မာနိုင်ငံတွင် ဧပြီလ ၂၁ ရက်နေ့က အဆိုပါ ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၅  ဦးတွေ့ရှိခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့တွင် ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၆ ဦး တွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်မှုနှုန်း မြင့်မားလာသည်ဟုဆိုနိုင်သည်။ ဧပြီလ ၂၂ ရက်နေ့က တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၆ ဦးအနက် ၁၉ ဦး (၄၁ ဒသမ ၃)ရာခိုင်နှုန်းမှာ ပြည်ပမှ ဝင်ရောက်လာသူများကို စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၂၇ ဦး (၅၈ ဒသမ ၇)ရာခိုင်နှုန်းမှာ ပြည်တွင်း၌ ကူးစက်ဖြစ်ပွားသူများဖြစ်ကြောင်း သိရသည်။ ရောဂါကူးစက်မှုနှုန်း မြန်ဆန်သည့် မျိုးရိုးဗီဇပြောင်းပိုးသစ်သည် ယခင်ကကဲ့သို့ ရောဂါလက္ခဏာပြင်းထန်မှုမရှိပေ။ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုလည်း ပိုမိုမြင့်မားခြင်းမရှိပေ။ အသက်အရွယ်ကြီးသူများနှင့် ရောဂါအခံရှိသူများ တွင် ကူးစက်မှုနှုန်း ပိုမိုမြင့်မားသည်ဟုသိရသည်။

 

မည်သို့ပင်ဖြစ်စေ ယခုကာလ၌  ရာသီဥတုပြင်းထန်ပြီး အပူဒဏ်ကြောင့် နောက်ဆက်တွဲရောဂါများ ခံစားနေရချိန်တွင် ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခြင်း မခံရအောင် သတိပြုကာကွယ် နေထိုင်သွားကြရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသရာတွင်  လက်ရှိ၌ မြန်မာနိုင်ငံတွင်  အသုံးပြုလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါကုသသည့် ဗိုင်းရပ်စ် ပိုးသတ်ဆေးဝါးများ ဖြင့်သာ ကုသမှုပေးနိုင်ပြီး ရောဂါကာကွယ်ရေးအတွက်  လက်ရှိအသုံးပြုလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် ထိရောက်မှုရှိသည်။ နိုင်ငံတော်အစိုးရက ပြည်သူ များအား ကာကွယ်ဆေးများ လွှမ်းခြုံထိုးနှံပေးခဲ့ပြီး ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံထားခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်သည်။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ စောစီးစွာသိရှိထားရန်လိုအပ်ပြီး ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်း၊  ဓာတ်ခွဲစစ်ဆေးခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို  အရှိန်အဟုန် မပျက် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

 

သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားသူများသည် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကိုလျှော့ချနိုင်ပြီး ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို  ပိုမိုလျှော့ချနိုင်ကြောင်း  တွေ့ရှိထားသည်။ လက်ရှိကာလတွင် ကိုဗစ်-၁၉ ရောဂါသည် စိုးရိမ်ဖွယ်ရာ အခြေအနေမရှိဟုဆိုကာ ပေါ့ပေါ့ဆဆမနေသင့်ပေ။ သက်ရှည်ကျန်းမာသောဘဝကို ပိုင်ဆိုင် နိုင်ရန်အတွက် မည်သည့်ရောဂါမှမဖြစ်သည်မှာ အကောင်းဆုံးဖြစ်သည်။  ပြည်သူ များအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် အတူယှဉ်တွဲနေထိုင်နေရသည်ဖြစ်၍ ကျန်းမာရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသော နေထိုင်မှုပုံစံသစ်နည်းလမ်းများ အတိုင်း လိုက်နာကျင့်သုံးနေထိုင်သင့်ပေသည်။

 

သို့ဖြစ်ရာ  နိုင်ငံတော်အစိုးရက တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ကို တည်ဆောက်ပေးလျက်ရှိပြီး ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအရ ကျန်းမာသည့်နေထိုင်မှုပုံစံသစ် အလေ့အထကို စွဲမြဲစွာကျင့်သုံးကြပြီး ပြည်သူများကြားတွင် ရှင်သန်နေသည့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုးများအပြင် အခြားရောဂါများပါ မဖြစ်ပွားစေရန် သတိပြု ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။       

 

ကြေးမုံ