ပြည်သူ့ကျန်းမာရေး အသိပညာပေး ...

၆  နိုဝင်ဘာ

 

အာရောဂျ ပရမာလာဘာ၊ သ္တုဋ္ဌိ ပရမံ ဓနံ၊ ဝိဿာသော ပရမာ ဉာတိ၊ နိဗ္ဗာနံ ပရမံ သုခံ။

 

ကျန်းမာခြင်းသည် အမြတ်ဆုံး လာဘ်လာဘ။

 

တင်းတိမ်ခြင်းသည် အမြတ်ဆုံး ဥစ္စာဓန။

 

ကျွမ်းဝင်ခြင်းသည် အမြတ်ဆုံး မိတ်သင်္ဂဟ။

 

နိဗ္ဗာန်နန်းသည် အမြတ်ဆုံး ချမ်းသာသုခ။ (ဓမ္မပဒ - သုခဝဂ်)

 

ကျန်းမာစွာ ရှင်သန်နေထိုင်ရခြင်းသည် လူတစ်ယောက်အတွက် ဘာနဲ့မှ မလဲနိုင်လောက်အောင် တန်ဖိုးကြီးမှု တစ်ခုဖြစ်သည် ဆိုခြင်းကို မည်သူမှ ငြင်းချက်ထုတ်လိုမည်ဟု မထင်။

 

နိုင်ငံတကာအလယ်ရှိ မြန်မာနိုင်ငံ၏ ကျန်းမာရေးညွှန်းကိန်းများက နိမ့်ကျစွာ ရှိနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်၏။ ဤသည်က ကမ္ဘာ့နိုင်ငံများအကြား၌ နိုင်ငံသားတို့အဖို့ အလိုလိုနေရင်း နောက်တန်းရောက် မျက်နှာငယ်နေရစေ၏။ ထို့ပြင် အဆိုပါ ကျန်းမာရေးနိမ့်ကျမှု အနေအထားက နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးကြီးများ ဖြစ်နေသည်မှာလည်း အမှန်ပင် ဖြစ်ပါ၏။

 

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး၏ ထုတ်ပြန်ချက်အရ ယင်းကျန်းမာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများထဲတွင် အလေးပင်ဆုံးနှင့် အဓိကအကျဆုံးသော ပြဿနာမှာ ကူးစက်နိုင်ခြင်းမရှိသည့် ရောဂါများ (Noncommunicable Diseases) ဖြစ်လာနေသည်ဟု ဆို၏။ ဤရောဂါ များအထဲတွင်မှ နှလုံးရောဂါနှင့် လေဖြတ်ရောဂါကြောင့် သေဆုံးမှုနှုန်းက အမြင့်ဆုံး အများဆုံးဖြစ်နေပြီး မသန်စွမ်းနှင့် ဒုက္ခိတဖြစ်ကျန်စေခဲ့သော ရောဂါများထဲတွင် လေဖြတ်ခြင်းက ဒုတိယအများဆုံးရောဂါ ဖြစ်ကြောင်း ဖော်ပြထားသည်” ဟူ၍ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဒေါ်ဝင်းမင်းသစ်က အောက်တိုဘာ ၂၉ ရက်မှာ ကျင်းပသော ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသွားသည်။

 

ထို့ပြင် ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးအဖွဲ့၏ တွေ့ရှိချက်များအရ လူ ၄၄ သန်းခန့် ကမ္ဘာပေါ်တွင် နှစ်စဉ်ပျက်စီးဆုံးပါးလျက်ရှိသည်။ လူ ခြောက်ဦးလျှင် တစ်ဦးသူ၏ ဘဝလမ်းတစ်လျှောက် တစ်ချိန်ချိန်တွင် လေဖြတ်နိုင်ခြေ ရှိနေသည်။ အချိန်ခြောက်စက္ကန့်တိုင်းတွင် လေဖြတ်ရောဂါဖြင့် သေဆုံးမှုတစ်ဦး ရှိနေသည်ဟုလည်း ဒေါက်တာဒေါ်ဝင်းမင်းသစ်၏ စကားအရ သိရသည်။

 

အရွယ်မတိုင်မီ သေဆုံးမှု၊ မကျန်းမမာဒုက္ခိတဘဝဖြင့် ရှင်သန်နေရမှုတို့သည် လူတို့အတွက် ကြီးမားလှသော ဆုံးရှုံးမှု ဖြစ်ရုံမျှမက နိုင်ငံတစ်နိုင်ငံအတွက်လည်း အလွန်ပင်နစ်နာလှသည် မဟုတ်ပါလား။ လေဖြတ်ရောဂါဖြစ်ရခြင်း၏ အကြောင်းအရင်းမျိုးစုံရှိနေပြီး ထိုအကြောင်းအရင်းကို ရှာဖွေကုသခြင်းဖြင့် ကာကွယ်၍ ကုသ၍ရပါသည်။

 

လေဖြတ်ရောဂါကို ဆောလျင်စွာသိရှိပြီး တတ်ကျွမ်းနားလည်သည့် ပညာရှင်များနှင့် စနစ်တကျ ကုသမှုခံယူမည်ဆိုလျှင် ပြန်လည်ကျန်းမာသန်စွမ်း လာမည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံသည် ပင်ကိုကိုက ကျန်းမာရေးအဆင့်အတန်း နောက်ကျနေချိန်တွင် မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများကဲ့သို့ လေဖြတ်ရောဂါဖြစ်ပွားမှုနှုန်း၊ ပျက်စီးမှုနှုန်း များပြားလာနေပါသည်။ သို့ဖြစ်ရာ ပြည်သူလူထုကြား လေဖြတ်ရောဂါအပါအဝင် ကျန်းမာရေးဆိုင်ရာ အသိပညာတိုးမြှင့်ရေး အမျိုးသားရေးမူဝါဒနှင့် အစီအမံများ ဆောင်ရွက် မြှင့်တင်ခြင်းဖြင့် နိုင်ငံသားတို့၏ ဘဝအဆင့်အတန်း ပိုမိုတိုးတက်လာမည်ဟု ထင်မြင်ယုံကြည်ပါကြောင်း။ ။

 

မြန်မာ့အလင်း