၂၁  မေ

 

လူတစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ခြင်းကြောင့်မဟုတ်ဘဲ ကျန်းမာရေးနှင့်မညီညွတ်သော အစားအစာများ စားသောက်ခြင်းနှင့် ကျန်းမာရေး နှင့်မညီညွတ်သော လူမှုဘဝပုံစံများတွင် ကြာရှည်စွာနေထိုင်ထိတွေ့ခံစားရခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါအစုအဝေးကိုမကူးစက်နိုင်သော ရောဂါများဟုခေါ်သည်။

 

မြန်မာနိုင်ငံတွင် သေဆုံးသူ ၁၀ဝ လျှင် ၅၉ ဦးသည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်သည်ကို တွေ့ရှိထားသည်။ မကူးစက်နိုင်သောရောဂါများမှာ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ ကင်ဆာ၊ စိတ်ရောဂါ၊ ဆေးလိပ်ဆေးရွက်ကြီး၊ မူးယစ်ဆေးဝါး၊ အရက်စွဲ၊ ဆီးချိုသွေးချို၊ လေဖြတ်၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်း၊ နားလေး၊ အတက်၊ မြွေကိုက်၊ မတော်တဆထိခိုက်မှုတို့ဖြစ်ပြီး ယင်းတို့တွင် နှလုံးသွေးကြော၊ ဆီးချိုသွေးချို၊ ကင်ဆာနှင့် နာတာရှည် အဆုတ်ရောဂါတို့မှာ အဖြစ်အများဆုံး ဖြစ်ပါသည်။

 

အဖြစ်များသောရောဂါလေးမျိုးတွင် ကင်ဆာရောဂါသည် မြန်မာနိုင်ငံတွင်မက ကမ္ဘာနှင့်တစ်ဝန်း၌ အများဆုံး ဖြစ်ပွားနေသည်။ ၂၀၁၈ ခုနှစ်စာရင်းများအရ ကမ္ဘာတစ်ဝန်းတွင် ကင်ဆာရောဂါ လူ ၁၈ ဒသမ ၁ သန်းဖြစ်ပွားခဲ့ပြီး ၉ ဒသမ ၆ သန်းသေဆုံးခဲ့သည်။ ကမ္ဘာတွင် သေဆုံးမှု ဒုတိယအများဆုံးရောဂါဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် စာရင်းအရ ကင်ဆာရောဂါအသစ်ဖြစ်ပွားသူ ၆၉၅၅၄ ဦးရှိပြီး ၅၁၀၅၉ ဦး သေဆုံးခဲ့သည်။ အမျိုးသားငါးဦးတွင် တစ်ဦး၊ အမျိုးသမီးခြောက်ဦးတွင်တစ်ဦး ကင်ဆာရောဂါဖြစ်ပွားနေပြီး သေဆုံးသူများ၏ ၇၀ ရာခိုင်နှုန်းသည်ဝင်ငွေနိမ့်ကျသူ၊ အလယ်အလတ်ရှိသူများဖြစ်သည်။

 

ကင်ဆာရောဂါဖြစ်ပွားရခြင်းမှာ အထက်တွင်ဆိုသကဲ့သို့ နေထိုင်စားသောက်မှု ပုံစံမမှန်မှုနှင့် မျိုးရိုးဗီဇကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။ မြို့ပြများတွင် သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် လေထုညစ်ညမ်းမှုနှင့် နေထိုင်စားသောက်မှုနှင့် သက်ဆိုင်သည့် အစားအသောက်များကြောင့် ဖြစ်ပွားနေသည်ကို တွေ့ရှိရသည်။ ကင်ဆာရောဂါ၏ သုံးပုံတစ်ပုံကိုကာကွယ်၍ရနိုင်သဖြင့် စောစီးစွာရှာဖွေစမ်းသပ်ခြင်း၊ ကာကွယ်ကုသခြင်းကြောင့် လူ့အသက် ၃ ဒသမ ၇ သန်းခန့် နှစ်စဉ်ကယ်တင်နိုင်ခဲ့သည်

 

ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် နိုင်ငံသူ နိုင်ငံသားများအတွက် ဘေးကင်းလုံခြုံသော စားသောက်ကုန်များကိုသာ တင်သွင်းရောင်းချခွင့်ပြုသည်။ ကျန်းမာရေးကိုထိခိုက်စေသည့် စားသောက်ကုန်များကို လုံးဝရောင်းချခွင့်မပြုဘဲ အစဉ်အမြဲကြပ်မတ် စိစစ်သည်။ ထို့ကြောင့်နိုင်ငံသူ နိုင်ငံသားများ ကင်ဆာရောဂါဘေးဆိုးမှ ကင်းဝေးပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံမဟုတ်သော်လည်း ရောဂါကင်းဝေးရေးကို ရှေးရှုပြီး အသိပညာပေး၍ ကာကွယ်ပေးသင့်ပါသည်

 

အခြေခံလူတန်းစား ပြည်သူလူထုမှာ ဝင်ငွေနည်းပါးသူများဖြစ်၍ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို မရွေးချယ်နိုင်ဘဲ ဈေးနှုန်းသက်သာပြီး ဝမ်းဝရေးကို ဦးစားပေးစားသောက်နေကြရသည်။ ထို့ကြောင့် ကျန်းမာရေးနှင့်မညီညွတ်သော အစားအစာများကို နေ့စဉ်စားသုံးရာမှ ကင်ဆာရောဂါဖြစ်ပွားလာကြသည်။ အစားအစာများကို ရောင်းချသူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ကုသိုလ်လည်းရ ဝမ်းလည်းဝသည့်စေတနာဖြင့် ရောင်းချပေးသင့်သည်။

 

သို့ဖြစ်ရာ ပြည်သူလူထုကြားတွင် ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုမြင့်တက်စေသည့် ကင်ဆာရောဂါကဲ့သို့ ရောဂါဆိုးများ မဖြစ်ပွားစေရေးအတွက် ရောင်းချရေးနှင့် ကာကွယ်ရေးဘက်တွင် အလေးထားဆောင်ရွက်ပေးသင့်ပါကြောင်း။ ။

 

ကြေးမုံ