နေပြည်တော် ၁၆ အောက်တိုဘာ

           

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်လယ်ဝေးမြို့နယ်ရှိ လယ်ဝေးကျန်းမာရေး သင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးသည်။

           

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ကပ်ရောဂါဗေဒ မဟာသိပ္ပံဘွဲ့ (M.Sc (Epidemiology) သင်တန်းကို(၂၀၂၀) ခုနှစ်တွင် စတင်ဖွင့်လှစ်သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကပ်ရောဂါဗေဒမဟာသိပ္ပံဘွဲ့ [M.Sc (Epidemiology)] သင်တန်းအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲလျက်ရှိရာတွင်လည်း လက်တွေ့လုပ်ငန်း အတွေ့အကြုံရှိသည့် ပညာရှင်များက ပါဝင်ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းအပါအဝင် ဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းများကို ဤသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို တင်ပြရန်ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်း ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

1

 

ထို့နောက် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (Myanmar Center for Disease Control) တည်ဆောက်မည့် စီမံကိန်းမြေနေရာသို့ ကြည့်ရှုစစ်ဆေးသည်။

 

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဧက(၂၀)ကျယ်ဝန်းသော မြေနေရာတွင် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (MyanmarCenter for Disease Control)နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း (Medical Training Center) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပံ့ပိုးမှုဖြင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲခန်းကြီးများ၊ ရောဂါထိန်းချုပ်ရေးဌာနများ၊ သင်ကြားလေ့ကျင့်ရေးခန်းမများ၊ သင်တန်းသား/သူအဆောင်များ၊ စားသောက်ဆိုင် (canteen)များ၊ ရုံးအဆောက်အဦများ စသည်တို့ပါဝင်မည့်အပြင် ရောဂါစောင့်ကြပ်ကြည့်ရှုထောက်လှမ်းခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ကျန်းမာရေးဆိုင်ရာ လေ့ကျင့်သင်ကြားရေးလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

 

1