နေပြည်တော် ၁ ဩဂုတ်

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Coordination Meeting For Exercise Medicine in Prison ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက တစ်နိုင်ငံလုံးရှိ ပြည်သူများ ကျန်းမာကြံ့ခိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်း၊  နိုင်ငံတစ်ဝှမ်းရှိ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေသူများ အကျဉ်းထောင်အတွင်း ကျန်းမာကြံ့ခိုင်စွာ ဘဝကိုဖြတ်သန်းနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ၌ ဥပဒေပြဋ္ဌာန်းရာတွင် အကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်ပေးရန် ထည့်သွင်းရေးဆွဲသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းသားများ ကိုယ်စိတ်ကျန်းမာကြံ့ခိုင်ကောင်းမွန်အောင် ပြုစုပျိုးထောင်ပေးရန် လိုအပ်သည့်အတွက် အစည်းအဝေးတက်ရောက်လာသူများ ဝိုင်းဝန်းပူးပေါင်းဆွေးနွေးအကြံပြုပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဌေးအောင်နှင့် အကျဉ်းဦးစီးဌာနတို့က တာဝန်ရှိသူတစ်ဦးမှ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများ ပြုစုပျိုးထောင်ပေးရေးလုပ်ငန်း အစီအစဉ်များကို ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် ခုတင် (၁၀ဝ၀) နေပြည်တော်ဆေးရုံကြီးမှ ပါမောက္ခ Dr. တင့်တင့်ကြည်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးတို့က အကြံပြုဆွေးနွေးကြသည်

ထို့နောက် ဒုတိယဝန်ကြီး အကြံပြုချက်များအပေါ် သုံးသပ်ဆွေးနွေးပြောကြားသည်။

သတင်းစဉ်