နေပြည်တော် ၁၆ ဇွန်

 

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့နှင့် ဆေးသုတေသနဦးစီးဌာနအကြား အသုံးချသုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက Video Conferencing ဖြင့် ပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ ကျန်းမာရေးသုတေသနများကို အဓိကဆောင်ရွက်နေသော ဆေးသုတေသနဦးစီးဌာနမှ ပညာရှင်များနှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးလောကတွင် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် အလွန်အရေးကြီးသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် မိမိတို့ဝန်ကြီးဌာန ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် သုတေသနလုပ်ငန်းများသည် မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ကျန်းမာရေးစနစ်ကြီး တိုးတက်မှုအတွက် အထူးလိုအပ်ပါကြောင်း။

 

မိမိတို့ဝန်ကြီးဌာနသည် သုတေသနပြုလုပ်ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းနှင့် သုတေသန ယဉ်ကျေးမှု ပိုမိုထွန်းကားလာစေရေး၊ ဝန်ကြီးဌာန၏ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရေး၊ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုများ ပိုမိုစနစ်ကျမှန်ကန်စေရေး၊ ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ပိုမိုပီပြင်စေရေးတို့အတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အထိ သုတေသနပြုလုပ်ရန် ရန်ပုံငွေ ကျပ်သန်းပေါင်း (၆,ဝ၀ဝ) ခွင့်ပြုချထားပေးခဲ့ပါကြောင်း၊ ၂၀၂၀-၂၁ ခု ဘဏ္ဍာနှစ်၌လည်း သုတေသနရန်ပုံငွေ သန်း (၃,ဝ၀ဝ) လျာထားပါကြောင်း၊ သုတေသနတွေ့ရှိချက်များ အပေါ်မူတည်၍ စီမံချက်များရေးဆွဲခြင်း၊ ဘဏ္ဍာငွေနှင့် အရင်းအမြစ်များ ခွဲဝေချထားခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ပိုမိုပီပြင်အောင်မြင်နိုင်ကာ ကျန်းမာရေးအရင်းအမြစ်များကို အလေအလွင့်နည်းပါးစွာဖြင့် အကျိုးရှိထိရောက်မှုရှိစွာ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ သုတေသနပြုလုပ်သူ တစ်ဦးချင်းအနေဖြင့်လည်း ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်စွမ်း၊ ဖောက်ထွက်စဉ်းစားနိုင်မှု၊ ဆန်းသစ်တွေးခေါ်နိုင်မှု၊ အခြေအနေအရပ်ရပ်ကို ဘက်ပေါင်းစုံ၊ ရှုထောင့်စုံမှ ထည့်သွင်းစဉ်းစားနိုင်မှု၊ အချက်အလက်အထောက်အထားကို အခြေခံ၍ ကျိုးကြောင်းဆီလျော်ဆုံးဖြတ် နိုင်မှုစွမ်းရည်များတိုးတက် ရရှိလာမည်ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် သုတေသနကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို နှစ်စဉ်ကျင်းပလျက်ရှိပြီး နှစ်အလိုက် သုတေသနပြုလုပ်သူ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြု ပညာရှင်များ၊ အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များ ပိုမိုများပြားလာကာ သုတေသနစာတမ်းများ၏ အရည်အသွေးနှင့် အရေအတွက်လည်း သိသာစွာမြင့်မားလာပါကြောင်း၊ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၌ “သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနကို (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး သုတေသနစွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းအမျိုးမျိုးအား ပိုမိုပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနရှိ ဦးစီးဌာနများ၊ ဆေးရုံကြီးများနှင့် တက္ကသိုလ်များတွင် သုတေသနဆိုင်ရာကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှု ဘုတ်အဖွဲ့များကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ အမျိုးသားကျန်းမာရေးသုတေသန မူဝါဒ ၂၀၁၇ ကို ရေးဆွဲနိုင်ခဲ့ပြီး၊ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန မှတ်ပုံတင်စနစ်၊ သုတေသန သတင်းအချက်အလက်စနစ်နှင့် သုတေသနခေါင်းစဉ် ဘဏ်တိုက်တို့ကိုလည်း ထူထောင်နိုင်ခဲ့ပါကြောင်း။

 

ထို့အပြင် University of Maryland နှင့် ပူးပေါင်း၍ ၂၀၁၉ ခုနှစ်မှစတင်၍ သုတေသန နည်းစနစ်နှင့် သုတေသနကျင့်ဝတ် ဒီပလိုမာသင်တန်းများကို ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ သင်ကြားရေး ဆရာ၊ ဆရာမများအတွက် ပြုလုပ်လျက်ရှိသဖြင့် ဝန်ကြီးဌာန၏ သုတေသန စွမ်းရည်သည်လည်း မြင့်တက်လာနေပြီဖြစ်ပါကြောင်း၊ သုတေသနများမှ တွေ့ရှိသုံးသပ်ချက်များနှင့် အကြံပြုချက်များကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချဆောင်ရွက်မှုသည် အလွန်အရေးကြီးပါကြောင်း၊ သုတေသနရလဒ်နှင့် တွေ့ရှိသုံးသပ်ချက်များကို အမှန်တကယ် အသုံးချဆောင်ရွက်မှသာ သုတေသနပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အောင်မြင်မည် ဖြစ်သဖြင့် သုတေသနအသုံးချမှုကို အားပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးပြဿနာများ၊ ကုထုံးများ၊ ဆေးပညာသင်ကြားမှု၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများ၊ မူဝါဒရေးရာများကို ပိုမိုကောင်းမွန်စေရန်နှင့် အားနည်းချက်များအား လိုအပ်သလို မွမ်းမံပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် တိကျသေချာသော လက်တွေ့အသုံးချသုတေသနများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ထိုသို့ဆောင်ရွက်ရာတွင် ဆေးသုတေသနဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ ကျန်းမာရေး စီမံချက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြု ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ ဝယ်ယူမှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှုကဏ္ဍများပိုမို ကောင်းမွန်စေရေးအတွက် အသုံးချသုတေသနများကိုလည်း မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်သော သုတေသနများကိုလည်း ဆောင်ရွက်စေလိုပါကြောင်း။

 

ဆေးသုတေသနဦးစီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသဆိုင်ရာရုံးမှ ထုတ်ဝေခဲ့သော Research management module များ ကိုမှီငြမ်း၍ ဆေးသုတေသနဦးစီးဌာနအတွက် ကိုယ်ပိုင် သုတေသနစီမံခန့်ခွဲမှု module အဖြစ် ပြုစုထုတ်ဝေစေလိုပါကြောင်း၊ ကျန်းမာရေး စီမံချက်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆောင်ရွက်လိုသည့် အဆိုပြု သုတေသန ခေါင်းစဉ်ဘဏ်ကို မိမိတို့ပြုစုထားရှိခြင်းသည် သုတေသန ဖွံ့ဖြိုးတိုးတက်မှုအတွက်များစွာ အထောက်အကူပြုပါကြောင်း၊ ယခုအချိန်အထိ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ အဆိုပြုသုတေသနခေါင်းစဉ် (၅၈၇) ခုရှိပြီး ဦးစားပေးအဆင့်များ သတ်မှတ်ကာ ရွေးချယ်ဆောင်ရွက်သွားစေလိုပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် ဆွေးနွေးချက်များနှင့် အကြံပြုချက်များ အပေါ်မူတည်၍ သက်ဆိုင်ရာ ကျန်းမာရေးစီမံချက်များနှင့် ဆေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက်အကျိုးရှိသော ကျန်းမာရေးဆိုင်ရာသုတေသနများကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက လက်ရှိတွင် ဆေးသုတေသနဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးဌာနရှိ ဦးစီးဌာနများကို အထောက်အကူပြုကာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအား တင်ပြသည်။

 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ကျန်းမာရေးစီမံချက်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများက ကူးစက်ရောဂါ၊ မကူးစက်တတ်သောရောဂါ၊ တိုးချဲ့ကာကွယ်ဆေး၊ ပြည်သူ့ကျန်းမာရေး အရေးပေါ်ပြဿနာ၊ မိခင်၊ မွေးကင်းစ၊ ကလေး၊ ဆယ်ကျော်သက်နှင့် မျိုးဆက်ပွားကျန်းမာရေး၊ ကုသရေး၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် ကျန်းမာရေးစနစ် စသည့် ကဏ္ဍအလိုက် ဆောင်ရွက်သွားလိုသည့် အဆိုပြု သုတေသနခေါင်းစဉ်များနှင့် ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သည့် ဆေးသုတေသဦးစီးဌာန၏ အထောက်အကူပြုမှုများကို တင်ပြဆွေးနွေးသည်။

 

ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတို့က ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဆေးသုတေသနဦးစီးဌာနမှ ပူးပေါင်းပံ့ပိုးဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်