နေပြည်တော် ၁၈ ဒီဇင်ဘာ

 

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန(၂၉)ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ရုံး (၁၃)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း အတည်ပြုခဲ့သည့် အဆိုများ၊ ကတိဖြစ်ခဲ့သည့် ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ မေးခွန်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအနေဖြင့်  ဆောင်ရွက်ပြီးစီးသော လုပ်ငန်းများအား ကော်မတီသို့တင်ပြပေးပို့ရန်နှင့် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ကော်မတီအဖွဲ့ဝင်များက လွှတ်တော်အစည်းအဝေးများအတွင်း အတည်ပြုခဲ့သည့် အဆိုများ၊ ကတိဖြစ်ခဲ့သည့် ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ မေးခွန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ဆဲ လုပ်ငန်းအခြေအနေများ၊ ဆောင်ရွက်ရန်ကျန်ရှိနေသော လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ရှင်းလင်းတင်ပြမှုများအပေါ် ကော်မတီဝင်များက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မွန်းလွဲ နာရီတွင် ရပ်နားပြီး ဒီဇင်ဘာ ၁၉ ရက် မွန်းတည့် ၁၂ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

 

ထိုတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဇုံးတိန့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၂၉) ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ရုံး(၁၃) ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

သတင်းစဉ်