နေပြည်တော်  ၂၄  ဇန်နဝါရီ 

 

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများအတွက် လွှတ်တော်ဆိုင်ရာ သံတမန်ပညာရပ်နှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကိုယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင်Learning Center ၌ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌဦးထွန်းထွန်းဟိန်က လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများကိုလွှတ်တော်ဆိုင်ရာဒေသတွင်းနှင့် နိုင်ငံတကာအစည်းအဝေးများ၊ ပြည်တွင်း၊ ပြည်ပရှိနိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရာ၌ လိုအပ်သည့်စွမ်းရည်များ၊ ကျွမ်းကျင်မှု များရရှိရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ ရပ်တည်ချက် မူဝါဒများနှင့် သံတမန်ဆက်ဆံရေးလုပ်ထုံးလုပ်နည်းများကိုကောင်းစွာသိရှိသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ၎င်းတို့၏လုပ်ငန်းများကိုထောက်ပံ့ကူညီနိုင်မည့် အရည် အသွေးရှိသော လွှတ်တော်ရုံးဝန်ထမ်းများဖြစ်ရန် ရည်ရွယ်ပါကြောင်း‌ ပြောကြားသည်။

 

အဆိုပါသင်တန်းတွင် လွှတ်တော်အတွင်းရှိနိုင်ငံတကာအစည်းအဝေး အတွေ့အကြုံများ ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီ၊ ကော်မရှင်များမှ ပညာရှင်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ နိုင်ငံတကာရေးရာ ကျွမ်းကျင်ပညာရှင် များက နိုင်ငံတကာဆက်ဆံရေးသမိုင်း၊ နှစ်နိုင်ငံဆက်ဆံရေးအခြေခံအချက်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာနိုင်ငံရေးဆက်စပ်ဖြစ်ပေါ်မှုများ၊ AIPA , IPU စသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့်အချက်များ၊ အာဆီယံဆိုင်ရာသိကောင်းစရာများ၊ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းများနှင့် ပဋိဉာဉ်ဘာသာရပ်တို့ကိုကဏ္ဍအလိုက် ပို့ချသွား မည်ဖြစ်ပြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးများမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား၊ သင်တန်းသူ ၆၆ ဦးတက်ရောက်ကြသည်။

 

(သတင်းစဉ်)