နေပြည်တော် ၁၇ ဒီဇင်ဘာ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုတို့သည် ယနေ့မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဧည့်သည်တော် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုနှင့် အဖွဲ့ဝင်များအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဇမ္ဗူသီရိဧည့်ခန်းမဆောင် ဥပစာမှ စောင့်ကြို၍ ခင်မင်ရင်းနှီးစွာနှုတ်ဆက်သည်။
ထို့နောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်သည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် တွေ့ဆုံပွဲကို ကျင်းပရာ ဗီယက်နမ် - မြန်မာ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေး၊ နှစ်နိုင်ငံအကြား ရှည်ကြာခိုင်မြဲသည့် ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်နှစ်ရပ် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု တို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသော ဦးခင်မောင်ဝင်း၊ ဦးအောင်မင်း၊ ဦးဇော်သိန်း၊ ဒေါက်တာစံရွှေဝင်း၊ ဦးခင်အေးနှင့် ဦးဝင်းသိန်းဇော်၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြပြီး ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာလုသွီဇွန်းလည်း တက်ရောက်သည်။
(သတင်းစဉ်)