နေပြည်တော် ၂၂ ဇန်နဝါရီ
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာချာလီသန်းနှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီအတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးကျော်စိုးလင်း၊ ဦးနေဖူးဗဆွေ၊ ဒေါက်တာမြတ်ဉာဏစိုးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)