နေပြည်တော် ၅  ဇွန် 

 

ပြည်သူ့လွှတ်တော်၌ အတည်ပြုထားသော အဆိုများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များ တင်ပြဆွေးနွေးမှုအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်များမှ တင်သွင်းသည့် အဆိုများ၌ ပါဝင်သော အကြောင်းအချက်များသည် ပြည်သူများအတွက် အလွန်အကျိုးရှိစေသည့် ကိစ္စရပ်များဖြစ်ရုံသာမက ဝန်ကြီးဌာန၏ အထွေထွေလုပ်ငန်း စနစ်များ ပိုမိုကောင်းမွန်တိုးတက်စေရေး ကိစ္စရပ်များဖြစ်သဖြင့် ဝန်ကြီးဌာနမှ အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် လွှတ်တော်များတွင် တင်သွင်းခဲ့သော အဆိုများနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များမှ ဝိုင်းဝန်းဆွေးနွေးချက်များကို ဝန်ကြီးဌာနရှိ တာဝန်ရှိသူများအနေဖြင့် အသေးစိတ် လေ့လာသုံးသပ်၍ လိုအပ်သလို ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ လွှတ်တော်အဆိုများတွင် ပါဝင်သော အချို့အချက်မှာ ချက်ချင်း (သို့မဟုတ်) အချိန်တိုအတွင်း ဆောင်ရွက်နိုင်သော်လည်း အချို့မှာ အချိန်ယူ ဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်ပါကြောင်း၊ အချို့အဆိုများသည် မိမိတို့ဝန်ကြီးဌာန တစ်ခုတည်းမှ လုပ်ဆောင်နိုင်သည့် ကိစ္စရပ်များဖြစ်ပြီး အချို့မှာ နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရ မည့်ကိစ္စရပ်များ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်ရရှိထားသည့် ဘဏ္ဍာငွေ၊ အချိန်၊ လူ့စွမ်းအား အရင်းအမြစ်၊ နည်းပညာ စသည့် အရင်းအမြစ်များအပေါ်မူတည်၍ အတည်ပြု အဆိုများအား တာဝန်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ အတည်ပြု အဆိုများ၏ အကြောင်းအရာများကို ဆန်းစစ်သုံးသပ်ရာ၌ အဆိုများအားလုံးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဦးစားပေးဆောင်ရွက်လျက်ရှိသော လုပ်ငန်းများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် အဆို၌ ပါဝင်သော အချို့အကြံပြုချက်များကို ထပ်မံ ထည့်သွင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် မကူးစက်တတ်သော ရောဂါများနှင့် ကင်ဆာရောဂါများ၏ ဖြစ်ပွားမှုနှုန်းမှာ မြင့်တက်လျက်ရှိသဖြင့် ဝန်ကြီးဌာနမှ အထူးဦးစားပေး အစီအစဉ်ဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း။

 

ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၌ အတည်ပြုထားသော အဆိုများနှင့် ပတ်သက်၍ ဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်းမူဘောင်များကို တက်ရောက်လာကြသူများ အားလုံးက ပွင့်လင်းစွာဖြင့် အကြံပြုဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသို့ ရောက်ရှိသော လွှတ်တော် အဆို/ မေးခွန်းများ၊ ဖြေကြားချက်အရ ကတိဖြစ်ပေါ်ခဲ့သော အဆို/ မေးခွန်းများ၊ အတည်ပြုအဆို ကတိကဝတ်များ၊ ပြည်သူ့လွှတ်တော် ကတိကဝတ်များ၊ အမျိုးသားလွှတ်တော် ကတိကဝတ်များနှင့် ဆွေးနွေးညှိနှိုင်းဖြေရှင်းရန် ကိစ္စရပ်များကိုလည်းကောင်း၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်း ရေးဌာနခွဲမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ကျော်ကံကောင်း က စေတုတ္တရာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်၏ "နိုင်ငံအဝန်းတွင်စိုးရိမ်ဖွယ်မြင့်မားစွာ ဖြစ်ပွားလျက်ရှိသော ကင်ဆာရောဂါဆိုးအား ဖြစ်ပွားမှု လျော့ကျစေရန် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပွားစေ နိုင်သည့်ကိစ္စရပ်များအား ဥပဒေနှင့် အညီ ထိရောက်စွာ အသိပညာပေး တားဆီးကာကွယ်စောင့်ရှောက်ပေးပါရန် အစိုးရအား တိုက်တွန်းကြောင်း" အဆိုနှင့် ပတ်သက်၍    ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လှိုင်းဘွဲ့မဲဆန္ဒနယ် မှ     ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၏ “ဆေးလိပ်၊ ဆေးရွက် ကြီးနှင့် ဆေးရွက်ကြီးပါသည့် ကွမ်းယာသုံးစွဲမှု ထိန်းချုပ်လျှော့ချ နိုင်ရန် ထိရောက် သည့် မူဝါဒ ချမှတ်အကောင်အထည်ဖော်ရေး အစိုးရအား တိုက်တွန်း ကြောင်းအဆို” နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်း၏ “မကူးစက်နိုင် သောရောဂါများ ကာကွယ်တားဆီးသွားရန်အတွက် ဝန်ကြီးဌာနပေါင်းစုံ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက် သွားရန် နိုင်ငံတော် အစိုးရအားတိုက်တွန်းကြောင်း အဆို” နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်း ကောင်း။

 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (အစားအသောက်) ဒေါက်တာဥမ္မာစိုးဝင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး (ကျောင်းကျန်းမာ) ဒေါက်တာဖြူဖြူအေးတို့က ရွှေဘိုမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေဇင်လတ် ၏ “ကျောင်းမုန့်ဈေးတန်းများ အပါအဝင် မြန်မာနိုင်ငံတစ်ခုလုံးရှိ ဈေးကွက်အတွင်းရှိ ရောင်းချလျက်ရှိသော ကျန်းမာ ရေးနှင့်မညီညွတ်သည့် ဓါတုဆိုးဆေးပါ စားသောက်ကုန်များ၊ စားသောက်ဖွယ်ရာများ ရောင်းချနေခြင်းအား ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရန် တာဝန်ရှိသည့် ဌာနဆိုင်ရာများ စုပေါင်းပါဝင်သည့် နိုင်ငံတော်အဆင့် စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည် ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း။


အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး  က ဒလမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၏ "နိုင်ငံတော်၏ မျိုးဆက်သစ်လူငယ်များအား ကျန်းမာလန်းဆန်း ဖြောင့်မတ်သော မျိုးဆက်သစ်များအဖြစ် ကြီးပြင်းလာကြစေရေး၊ လုပ်ငန်းခွင်ရောက် ပြည်သူများ၏ ကာယစိတ္တ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သက်ကြီး နိုင်ငံသားများ ကျန်းမာနုပျိုစေရေးတို့နှင့်အတူ မူးယစ်ဆေးဝါးနှင့် အခြားမလိုလားအပ်သော အာရုံများမှ ကင်းလွတ်သက်သာနိုင်သည့် အားကစားကဏ္ဍကို စီမံကိန်းနှင့် ရန်ပုံငွေများ ချမှတ်၍ တိုက်တွန်းအားပေး ဖော်ဆောင်ပေးနိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်း ကြောင်းအဆို" နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြခဲ့ကြပြီး  တက်ရောက်လာကြသည့် ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများက ဆွေးနွေးမှုများ၊ အကြံပြုမှုများ ပြုလုပ်ခဲ့ကြသည်။

 

အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)