နေပြည်တော်  ဇူလိုင်  ၂၃

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၈)ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့်  တောင်သူလယ်သမားများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများအား ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော်(C)ဆောင် ဒုတိယထပ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ဦးစွာ တောင်သူလယ်သမားများဘဝဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနှင့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများက ဆောင်ရွက်နေသည့် လုပ်ငန်းနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ လုပ်ငန်းစဉ်များ၊ ဥပဒေပြုရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ လွှတ်တော်အတွင်း ဆောင်ရွက်နေမှုများအား အသေးစိတ် ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ လွှတ်တော်၏လုပ်ငန်းတာဝန်များသည် ကျယ်ပြန့်များပြားပါကြောင်း၊ အဆိုပါလုပ်ငန်းတာဝန်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် ကော်မတီ ၂၂ ခု ဖွဲ့စည်းထားပါကြောင်း၊ အဆိုပါကော်မတီများတွင် တောင်သူလယ်သမားရေးရာကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဆိုင်ရာ ကော်မတီများလည်း ပါဝင်ပါကြောင်း၊ ထို့ကြောင့် ယခု တက်ရောက်လာသူများအနေဖြင့် မိမိတို့၏ အခက်အခဲ၊ ဆောင်ရွက်လိုသည့် ကိစ္စရပ်များအား လွှတ်တော်မှ ဆောင်ရွက်ပေးနိုင်ရေးအတွက် အဆိုပါကော်မတီများဖြင့် ဆက်သွယ်တင်ပြနိုင်ပါကြောင်း၊ မိမိတို့လွှတ်တော်များသည် တောင်းဆိုသူပြည်သူများနှင့် ဆောင်ရွက်ပေးရမည့် အစိုးရအကြားပေါင်းကူးပေးရသည့် နေရာဖြစ်ပါကြောင်း၊  မိမိတို့၏ အခက်အခဲများကို တင်ပြဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်က အမြဲတံခါးဖွင့် ကြိုဆိုလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မိမိတို့လွှတ်တော်အား လာရောက်လေ့လာသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ ကျိုက်လတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကြီးက ၎င်းကိုယ်တိုင်ရေးသားပြီး စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူဦးအုန်းဖေ စာမူဆုရရှိသည့် စာအုပ်များအား လွှတ်တော်စာကြည့်တိုက်များအတွက် ပေးအပ်လှူဒါန်းမှုကို လက်ခံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

စာအုပ်လှူဒါန်းပွဲသို့ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်