အင်ချွန်း ၁ အောက်တိုဘာ
ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Mr. Moon Hee-sang ၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ ယနေ့ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၅ မိနစ်တွင် ရောက်ရှိသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ မစ္စတာကင်ဂျယ်ဝမ်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် မြန်မာသံရုံးတာဝန်ရှိသူများက အင်ချွန်းလေဆိပ်၌ ကြိုဆိုကြသည်။
ယင်းနောက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်၊ အမြဲတမ်းကော်မတီ၊ Foreign Affairs and Unification Committee ဥက္ကဋ္ဌ Mr. Hon. Yoon Sanghyun က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် မွန်းလွဲ ၂ နာရီခွဲတွင် ဆူဝမ်မြို့ရှိ Hwaseong Haeng- Gung နန်းတော်သို့လည်းကောင်း၊ ညနေ ၄ နာရီတွင် Samsung Innovation Museum သို့ လည်းကောင်း သွားရောက်လေ့လာသည်။
အဆိုပါ လေ့လာရေးအစီအစဉ်များတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးတင်ထွေး၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကျင်ဝမ်း၊ ဦးထွန်းကျော်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါလေ့လာခဲ့ကြသည်။
သတင်းစဉ်


