နေပြည်တော် ၂ အောက်တိုဘာ

 

ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Mr. Moon Hee-sang ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်သို့ရောက်ရှိရာ ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များက ကြိုဆိုကြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးပြီး ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Mr. Moon Hee-sang နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ပင်မအစည်းအဝေးခန်းမအတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် အမျိုးသား လွှတ်တော်၊ ဆာရန်းဂျယ်ခန်းမ၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

 

အဆိုပါတွေ့ဆုံပွဲနှင့်နေ့လယ်စာစားပွဲသို့ ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ဦးတင်ထွေး၊ လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဦးကြည်မိုးနိုင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကျင်ဝမ်း၊ ဦးထွန်းကျော်၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ကိုရီးယားသမ္မတနိုင်ငံ National Assembly Library သို့လည်းကောင်း၊ မွန်းလွဲ ၃ နာရီတွင် အီလ်ဆန်ဒေသရှိ Hyundai Motor Studio သို့လည်းကောင်း၊ ညနေ ၄ နာရီခွဲတွင် Sejong Culture Centre သို့လည်းကောင်း သွားရောက်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

 

သတင်းစဉ်