ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး နှစ်သစ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။
ချစ်ခင်လေးစား အပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား-
ယနေ့ အချိန်အခါသည် ကျွန်တော်တို့ နိုင်ငံအတွက် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ဟာ မရှိမဖြစ် အရေးတကြီး လိုအပ်နေတဲ့ အရာများဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ မှန်ကန်မျှတတဲ့ သဘောထားအမြင်များကို အခြေခံပြီး နားလည်မှု၊ ယုံကြည်မှုတို့ဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက် ကြမည်ဆိုရင် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီးကို မလွဲမသွေ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ လွှတ်တော်သည်လည်း တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး လိုလားတောင့်တနေသော ထာဝရငြိမ်းချမ်းရေး ရရှိနိုင်ဖို့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့မှတစ်ဆင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြည်ထောင်စုဖွား ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမ များကိုအသိပေးတင်ပြအပ်ပါတယ်။
တိုင်းရင်းသား ပြည်သူများ အနေနဲ့လည်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များတွင် ကျွန်တော်တို့လွှတ်တော် နဲ့အတူ ကျရာအခန်းကဏ္ဍမှနေပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါစေ။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့အတွက် မလျှော့သောဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းအားထုတ်နိုင်ကြပါစေ။
၂၀၂၀ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်ဝနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်ခင်ဗျား။
အားလုံးကို ကျေးဇူးတင်ပါတယ်။