အခမ်းအနား ကျင်းပ
နေပြည်တော် မတ် ၈
ပြည်သူလူထု လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများ တိုးတက်ရရှိစေရန်အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများ ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရဲရွာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းခေတ္တဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက တာဝန်ယူထိန်းသိမ်းရသည့် ဓာတ်အားလိုင်းသည် ၂၀၂၄ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် တာဝါတိုင် (၁) တိုင် ပျက်စီးခဲ့ခြင်းနှင့် ဓာတ်အားလိုင်းကြိုး (၂၆) နေရာပြတ်ကျခဲ့ခြင်းများဖြစ်ပွားခဲ့ပြီး ဓာတ်အားပြတ်တောက်ခဲ့ရာ ၎င်းပျက်စီးမှုကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ စက်တပ်ဆင်ဝန်အား ၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်မှုမှာ လျော့နည်းခဲ့၍ နိုင်ငံတော်အနေဖြင့် ပြည်သူလူထုကို ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု လျော့နည်းခဲ့ရပါကြောင်း၊ ဓာတ်အားလိုင်းပြုပြင်နိုင်ရေးအတွက် ဝန်ကြီးဌာန၏ ဦးဆောင်တာဝန်ပေးအပ်မှုကြောင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဓာတ်အားလိုင်းပြုပြင်ရေး အဖွဲ့များသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်တွင် ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ရာ ၃ လခန့်ကြာသည်အထိ ပြုပြင်ရေးလုပ်ငန်းများကို ဝန်ထမ်းအင်အား (၆၈) ဦးဖြင့် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရပါကြောင်း၊ နိုင်ငံတော်အတွင်း ဓာတ်အားလိုင်းများ ဖျက်ဆီးခံရမှုကြောင့်လည်းကောင်း၊ ရာဂီသဘာဝဘေး အန္တရာယ်ကြောင့် ဓာတ်အားပေးစက်ရုံများ ချို့ယွင်းမှုကြောင့်လည်းကောင်း၊ ဓာတ်ငွေ့လျော့နည်းရရှိမှုကြောင့်လည်းကောင်း၊ ဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း ၁၄၄၀ မဂ္ဂါဝပ် လျော့နည်းကာ ပြည်သူလူထုကို ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု လျော့နည်းနေချိန်တွင် အဆိုပါဝန်ထမ်းများသည် သက်စွန့်ဆံဖျား ပင်ပန်းဆင်းရဲခံ၍ ပြုပြင်ရေးလုပ်ငန်းများကို (၃) လတာ ကာလအတွင်း အန္တရာယ်များကြားမှ ဆောင်ရွက်ခဲ့ခြင်းကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်ဝန်အား (၄၀၀) မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ပြန်လည်ထုတ်လုပ်/ ပို့လွှတ်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံ ပြုပြင်ခဲ့ခြင်းလုပ်ငန်းများတွင် စွမ်းစွမ်းတမံ သက်စွန့်ကြိုးပမ်း သွားရောက်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအားလုံးနည်းတူ ဌာနချုပ်များမှ လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးဆောင်ရွက်ခဲ့ရသည့် ဝန်ထမ်းများအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် လုပ်ငန်းခွင်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် လိုင်းဝန်ထမ်းကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားလိုင်းကွင်းဆင်းစစ်ဆေးပြုပြင်ခဲ့ကြသည့် ဝန်ထမ်းများ၊ ပင်မဓာတ်အားခွဲရုံ စစ်ဆေးပြုပြင်မောင်းနှင်သည့် ဝန်ထမ်းများနှင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးပါးသွားသော ဝန်ထမ်း၏ဇနီးဖြစ်သူတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများနှင့် ဒုတိယဝန်ကြီးက ဓာတ်အားလိုင်းပြုပြင်ရာတွင် အထောက်အကူပြုအဖွဲ့၌ ပါဝင်သောဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ပြုလန်းဆန်းစာအတူတကွ သုံးဆောင်ခဲ့ကြသည်။
နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည့် ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) နှင့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားကာ ထူးချွန်ဆုရသင်တန်းသားများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်