နေပြည်တော် ၄ မေ
ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါဘေးကြောင့် နိုင်ငံများမှ ပြည်သူအများ ထိခိုက်နစ်နာမှုများ ဖြစ်ကြရသည်။ မြန်မာနိုင်ငံအနေဖြင့် ရောဂါကူးစက်မှုတွင် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုမဖြစ်သော်လည်း ရောဂါဘေးကြောင့် လူမှုစီးပွား ထိခိုက်နစ်နာမှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်မှု များရှိသည်ဟု ဆိုရမည်ဖြစ်သည်။ ရောဂါကာကွယ်ရေးအတွက် ထိန်းချုပ်မှုကာလ အတွင်း စီးပွားရေးလုပ်ငန်းများ ရပ်တန့်တုံ့ဆိုင်းနှေးကွေးမှုများ ဖြစ်ပေါ်ခဲ့ရပြီး အခြေခံပြည်သူအများစုမှာ စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့ကြရသည်။
ရောဂါဘေးကြောင့် စီးပွားရေးဂယက်ရိုက်ခတ်မှုတွင် စီးပွားရေး လုပ်ငန်းရှင်များသာမက ပြည်သူအများစုပါ ကြုံတွေ့လျက်ရှိရာ လူအများစု ဖြစ်သည့် အခြေခံလူတန်းစားများနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်မြင့်မားတိုးတက် လာအောင် အားပေးမြှင့်တင် ကူညီပေးရမည်ဖြစ်သည်။ လက်ရှိတွင် အခြေခံပြည်သူလူထု၏ စားနပ်ရိက္ခာ ထုတ်လုပ်မှု၊ ဖြန့်ဖြူး ရောင်းချလုပ်ကိုင်မှုလုပ်ငန်းများ၌ အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဖြစ်ရာ ယင်းတို့ကို ပြန်လည်ကုစားပေးနိုင်အောင် နည်းလမ်းရှာဖွေလုပ်ကိုင်ရမည်ဖြစ်သည်။
ယခုအခါတွင် ကျေးလက်နေပြည်သူများ၏ စီးပွားရေးလောက၌ ကိုဗစ်- ၁၉ ရောဂါကြောင့် ပေါ်ပေါက်လာသော စိန်ခေါ်မှုများအား ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှာ အဓိကကျသဖြင့် ယင်းလုပ်ငန်းများကို အလျင် အမြန် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပေသည်။ ကိုဗစ်- ၁၉ အလွန်ကာလတွင် ရှိပြီး လယ်ယာလုပ်သားများနှင့် နေရပ်ပြန်လုပ်သား စုပေါင်းအင်အားများဖြင့် လက်တွဲလုပ်ကိုင်ဆောင်ရွက်နိုင်သည့် အခြေအနေကောင်းများရှိသည်။ နေရပ်ပြန် လုပ်သားများမှာ ကုန်ထုတ်လုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် စနစ်တကျလုပ်ကိုင်ခဲ့ကြသူများဖြစ်သည်။
မြန်မာနိုင်ငံတွင် တောင်သူ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် ကန်ထရိုက်လယ်ယာစနစ်ကို ယခုနှစ် ဇန်နဝါရီ ၃၁ ရက် နေ့ကထုတ်ပြန်ကြေညာခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိရာ လက်ရှိအခြေအနေနှင့်ယင်းကိုဆက်လက် မြှင့်တင်အားပေးဆောင်ရွက်ခြင်းဖြင့် ကြုံတွေ့နေရသော လူမှုစီးပွားအခက် အခဲများကို ကျော်လွှားနိုင်မည်ဖြစ်သည်။ လက်ရှိတွင် တောင်သူများမှာ ကိုယ့်နည်းကိုယ့်ဟန် မိရိုးဖလာနည်းဖြင့် စိုက်ပျိုးလုပ်ကိုင် ကြသောကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
ကန်ထရိုက်လယ်ယာစနစ်ကို ပြောင်းလဲကျင့်သုံးခြင်းဖြင့် လက်ရှိ အခြေအနေကာလနှင့် လိုက်လျောညီထွေဖြစ်မည့် စိုက်ပျိုးရေး လုပ်ငန်း များကို သိရှိနားလည်နိုင်ပြီး မည်သည့်သီးနှံများကို စိုက်ပျိုးလျှင် မည်ကဲ့သို့ ဈေးကွက်ဝင်မည်၊ မဝင်မည်၊ မည်ကဲ့သို့ အကျိုးအမြတ် ဖြစ်ထွန်းမည်။ မဖြစ်ထွန်းမည်တို့ကို သိရှိနားလည်နိုင်မည်ဖြစ်သည်။ ထို့အပြင် သီးနှံများကို သမားရိုးကျ စိုက်ပျိုးရေးစနစ်ဖြင့် စိုက်ပျိုးလာခြင်းမှ ခေတ်မီနည်းစနစ်များ၊ နည်းပညာအသုံးချသည့်နည်းစနစ်များကို သိရှိနားလည်လာပြီး စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားလာမည့်အပြင် ဈေးကွက်တွင်လည်း ယှဉ်ပြိုင် နိုင်စွမ်းရှိလာမည်ဖြစ်သည်။
စိုက်ပျိုးသီးနှံတွင်သာမက မည်သည့်ကုန်ထုတ်လုပ်ငန်းများတွင် မဆိုဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအားသည် အထူးအရေးကြီး ပေသည်။ ဖြစ်ပေါ် လာနိုင်သည့် ဈေးကွက်အခြေအနေမှန်ကို သုံးသပ်လေ့လာမှုမပြုဘဲ သမားရိုးကျလုပ်ကိုင်ပါလျှင် လုပ်ငန်း အောင်မြင်မှု မရှိဘဲ ဆုတ်ယုတ်လာ မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင် ရွက်ကြသည့် တောင်သူလယ်သမားများနှင့် ပါဝင်ပတ်သက်ကြသည့်လုပ်ငန်း အဖွဲ့ အစည်းများကြားတွင် ပူးပေါင်းဆောင်ရွက်မှုများကို စနစ် တကျဆောင်ရွက်နိုင်ရန်အတွက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေများကို ပြဋ္ဌာန်းဆောင်ရွက်ပေးနေသည်။
လုပ်ထုံးလုပ်နည်းဥပဒေနှင့်အညီကန်ထရိုက်လယ်ယာစနစ် အောင်မြင်နိုင်အောင် စီမံဆောင်ရွက်ပေးနေသည်။ တောင်သူ လယ်သမားများ၊ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြဋ္ဌာန်းထားပြီး သက်ဆိုင်ရာဌာနများက ဆောင်ရွက် ပေး ရမည့်အချက်များလည်း ပါဝင် သည်။ ယခင်က ကိုယ့်အကျိုးစီးပွားနှင့်ကိုယ် ရှေးရှုဆောင်ရွက်ခဲ့ကြရာမှ ယခုကန်ထရိုက် လယ်ယာစနစ်ကို ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းရှင်နှင့်တောင်သူလယ်သမားတို့၏ ဘုံအကျိုးစီးပွားကို ရရှိလာမည်ဖြစ်သည်။ ကိုဗစ်-၁၉ အလွန်ကာလတွင် ပြည်တွင်း၊ ပြည်ပ စီးပွားရေး အခြေအနေများ ပုံစံပြောင်းလဲသွားမည်ဖြစ်ရာ ပြောင်းလဲလာသည့်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ကိုင် ဆောင်ရွက်ကြဖို့လိုမည်ဖြစ်သည်။
သို့ဖြစ်ရာကိုဗစ်-၁၉ရောဂါဘေးကြောင့် နယ်ပယ်ကဏ္ဍအသီးသီးတွင် စီးပွားရေးဂယက်များရိုက်ခတ်ခြင်းကို ခံစားနေရသောအခါ၌ နိုင်ငံတကာ စီးပွားရေးအခြေအနေနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေတို့ကို မျက်ခြည်မပြတ်ကြည့်ရှုလေ့လာကာ နှစ်ဦး နှစ်ဖက် သူလည်းနိုင်၊ ကိုယ်လည်း နိုင် (Win-Win) အခြေအနေဖြစ်လာအောင် ကန်ထရိုက်လယ်ယာစနစ်၊ ကန်ထရိုက် စီးပွားရေးစနစ်ဖြင့် ပူးပေါင်းလက်တွဲ အကောင်အထည်ဖော် သွားကြရန် တိုက်တွန်းအပ်ပါသည်။ ။
ကြေးမုံ