မြိတ် ၁ အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် မှုခင်းပိုင်းဆိုင်ရာ စွမ်းစွမ်းတမံ ဖော်ထုတ်ဆောင်ရွက်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ စွမ်းစွမ်းတမံဆောင်ရွက်ရာတွင် အောင်မြင်အောင် ကူညီဆောင်ရွက်ပေးကြသော ရပ်မိရပ်ဖများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များကို အောက်တိုဘာ ၁ ရက် နံနက်(၉)နာရီက မြိတ်မြို့ ပုလဲရတနာခန်းမ၌ ကျင်းပသည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဂုဏ်ပြုခဲ့သည်။

 

“ပြည်သူလူထု ပူးပေါင်ပါဝင်သည့်အတွက် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အောင်မြင်မှုများ အများကြီးရရှိခဲ့တာ တွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် မေလထဲမှာ ဖြစ်ပွားခဲ့တဲ့ အမှုကြီးတွေ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ အပေါ်မှာလည်း အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့တဲ့ အတိုင်းအတာမှာ ပြည်သူလူထု ရာနှုန်းပြည့်ပါဝင်ဆောင်ရွက်ခဲ့တာ တွေ့ရှိရပါတယ်” ဟု မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့်က ပြောသည်။

 

မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်တွင် အမှုပေါင်း(၃၃၆)မှုဖြစ်ပွားပြီး တရားခံ(၆၈၁)ဦးကို အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် အမှုပေါင်း(၃၁၀)မှုဖြစ်ပွားပြီး တရားခံ(၄၃၆)ဦးကို အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ အမှုပေါင်း(၃၃၃)မှု ဖော်ထုတ်အရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီး တရားခံ(၄၅၃)ဦးကို အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

 

(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒုတိယ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးထံမှ ပေးပို့သော သဝဏ်လွှာကို မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးက ဖတ်ကြား၍ နှစ်ပတ်လည်အထိမ်းအမှတ် VIDEO Clip ပြသကာ မှုခင်းပိုင်းဆိုင်ရာ စွမ်းစွမ်းတမံ ဖော်ထုတ်ဆောင်ရွက်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့် မှုခင်းများ၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးဖော်ထုတ်ရာတွင် အောင်မြင်အောင် ကူညီဆောင်ရွက်ပေးကြသော ရပ်မိရပ်ဖများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)